Sunday, August 16, 2009

နိယာမစကားကြီး ငါးခွန်း

နိယာမစကားကြီး ငါးခွန်းဆိုသည်ကား
၁။ ဗီဇနိယာမ စကားကြီး။
၂။ ဥတုနိယာမ စကားကြီး။
၃။ ကမ္မနိယာမ စကားကြီး။
၎။ ဓမ္မနိယာမ စကားကြီး။
၅။ စိတ္တနိယာမ စကားကြီး။
ဤငါးပါးတို့တည်း။ ထိုငါးပါးတို့ကို အဋ္ဌသာလိနီ ခေါ် အဘိဓမ္မာ အဋ္ဌကထာကြီးမှာ လာရှိသည့်အတိုင်း ရှေးဦးစွာ ပြဆိုပေအံ့။

ဗီဇနိယာမ-ဆိုသည်ကား တစုံတယောက်သော ပုဂ္ဂိုလ်သတ္တ၀ါဖြစ်သူ၊ မပြုပြင်ပါဘဲလျက် ပြုပြင်ဘိသကဲ့သို့ မြက်သစ်ပင်တို့၌ မျိုးစေ့၏တန်ခိုးဖြင့် မဖောက်မပြန်ဘဲ အစဉ်မြဲသော အမူအရာထူးမျိုးကို ဆိုသည်။
ကုလားပဲ ဂျုံတို့မှာ မြောက်အရပ်သို့ အညွှန့် အဖျား မူခြင်း။
ဒက္ခိဏနွယ်အမျိုးတို့မှာ သစ်ပင်ကို တောင်အရပ်မှ နွယ်ခြင်း။
နေကြာပန်းတို့မှာ နေရှိရာသို့ မျက်နှာမူခြင်း။
မာလောနွယ်မှာ သစ်ပင်ရှိရာသို့ ရှေးရှုခြင်း။
အုန်းသီးတို့မှာ ထိပ်၌ အပေါက်ရောက်ခြင်း။
ထိုထိုမျိုးစေ့တို့မှ ဖြစ်သော အပင်၏ အသီးတို့သည် မျိုးစေ့နှင့်တူစွာ သီးကြခြင်းစသည်တို့သည် ဗီဇနိယာမ တန်ခိုးတို့ပေတည်း။

ဥတုနိယာမ-ဆိုသည်ကာ ရှေးနည်းအတူ စီရင်သူ မရှိဘဲ ဥတု၏အစွမ်းဖြင့် မြက်သစ်ပင်တို့၌ အစဉ်မြဲသော အမူအရာထူးမျိုးကို ဆိုသည်။
တန်ခူးလ၊ ကဆုန်လ အစရှိသော ထိုထိုကာလသမယတို့၌ သူ့အခါကာလနှင့် သူ့သစ်ပင်မျိုး ပွင့်မှု၊ သီးမှု၊ စသည် မြဲခြင်းတည်း။

ကမ္မနိယာမ-ဆိုသည်ကား သတ္တ၀ါတို့မှာ ရှေး၌ပြုခဲ့သော ကံအမှုနှင့် တူစွာ အကျိုးပေးမှု မြဲခြင်းပေတည်း။
မြတ်စွာဘုရားလက်ထက်တော်၌ သာဝတ္ထိမြို့တော်မှာ မြို့တံခါးရွာသည် ရှိ၏။ ထိုရွာကို မီးလောင်ရာ မီးနှင့်တကွ ကောင်းကင်သို့ ပျံတက်လေသော မြက်ကရွတ်ခွေတခုသည် ကောင်းကင်ဖြင့် ပျံလာသော ကျီးသတ္တ၀ါ၏ လည်ပင်းမှာ စွပ်မိလေ၏။ ကျီးသည် မြေသို့ကျ၍ သေလေ၏။

မဟာသမုဒ္ဒရာ၌ သင်္ဘောကြီးတစင်းသည် ရွက်တိုင်၊ စက်ခုတ်၍ မသွားဘဲ ရပ်တန့်လျက်နေလေ၏။ ငါတို့သင်္ဘောမှာ သူယုတ်မာ ပါပြီဟု စာရေးတန်ချရာ သင်္ဘောသူကြီး၏ မယားလက်၌သာ သုံးခါတိုင်တိုင် ကျလေ၏။ သင်္ဘောသူကြီးသည် သူ့တယောက်အတွက်နှင့် အများသူတို့ မပျက်စီးကောင်းပေဟု သဲအိုးကို လည်မှာဖွဲ့ချည်၍ သမုဒ္ဒရာရေထဲသို့ ပစ်ချစေ၏။ ထိုခဏခြင်းပင်လျှင် သင်္ဘောသည် လေးမှလွှတ်သော မြားကဲ့သို့ တဟုန်တည်း ပြေးသွားလေ၏။

ရဟန်းတော်တပါးသည် တောင်ခြေရင်းရှိ လိုဏ်တခုမှာ နေလေရာ အထက်၌ရှိသော တောင်ထွတ်တခုသည် ပြိုကျ၍ လိုဏ်ပေါက်ဝကို ပိတ်လျက် တည်လေ၏။ ခုနစ်ရက်တိုင်မှ အလိုလိုလိမ့်၍ ပွင့်လေ၏။

ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရားသည် တရားဟော၍ နေစဉ်အခါ ထိုဝတ္ထုသုံးခုတို့သည် တပြိုင်နက် ဆိုက်ရောက်လာကြလေကုန်၏။
အကြောင်းရင်းကို သိခြင်းငှါ မြတ်စွာဘုရားအား လျှေက်ထားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုသုံးဦးတို့၏ ရှေးအကြောင်းတရားကို ဟောကြားတော်မူ၏။ ထိုသုံးဦးတို့တွင် ကျီးသည် ရှေးဘ၀၌ လူဖြစ်စဉ်အခါ တခုသော နွားကြမ်းကို မဆုံးမ,နိုင် ရှိသည်နှင့် နွား၏လည်မှာ ကောက်ရိုးစည်းကို ဖွဲ့ချည်လျက် မီးတိုက်၍ လွတ်လိုက်၏။ နွားသေလေ၏။ ထိုသူသည် သေလွန်၍ နောက်ဘ၀၌ ထိုကျီးသတ္တ၀ါ ဖြစ်လေရာ ထိုကံဟောင်းကြောင့် ကောင်းကင်မှာ ပျံသွားစဉ်အခါ လည်မှာ မီးကွင်းစွပ်မိ၍ သေဆုံးရလေ၏။

လှေသူကြီးမယားသည် ရှေးဘ၀၌ ခွေးတကောင်ကို အမျက်ထွက်၍ ခွေး၏လည်ပင်းမှာ သဲအိုးဆွဲ၍ ရေထဲ၌ နှစ်သတ်လေ၏။ နောက်ဘ၀မှာ သင်္ဘောသူကြီးကတော် ဖြစ်လာရာ ထိုကံဟောင်းကြောင့် သင်္ဘော မသွားနိုင် ရှိနေရာ သမုဒ္ဒရာရေထဲ၌ သဲအိုးဆွဲ၍ ပစ်ချ သေဆုံးရလေ၏။

ထိုရဟန်းသည် ရှေးဘ၀၌ နွားကျောင်းသားဖြစ်စဉ်အခါ ဖွတ်သတ္တ၀ါတကောင်သည် တွင်းသို့ဝင်သည်ကို ထိုနွားကျောင်းသားမြင်၍ သစ်ရွက်တို့ဖြင့် ထိုတွင်းကို ပိတ်ဆို့၍ သွားလေ၏။ ခုနစ်ရက်တိုင်မှ ထိုအရပ်သို့ရောက်ပြန်၍ ထိုတွင်းကို ဖွင့်၍ကြည့်လေရာ အစာငတ်မွတ်သဖြင့် အားနည်းလှလျက် ထွက်၍လာသော ထိုဖွတ်ကို မြင်လျှင် သနားခြင်းရှိပြန်၍ ချမ်းသာစွာ လွှတ်လိုက်၏။

ထိုကံဟောင်းကြောင့် နောက်ဘ၀၌ ခုနစ်ရက်တိုင်တိုင် လိုဏ်ပိတ်ခြင်းဒုက္ခကို တွေ့ကြုံခံစားရလေ၏။ ဤ၀တ္ထုသုံးခုကို ပေါင်း၍ မြတ်စွာဘုရားသည် ဤဂါထာကို ဟောတော်မူ၏။
န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊
န ပဗ္ဗတာနံ ၀ိဝရံ ပ၀ိဿ။
န ၀ိဇ္ဇတေ သော ဇဂတိပ္ပဒေသော၊
ယတ္ထ ဌိတော မုဉ္စေယျ ပါပကမ္မာ။

( အနက်) အန္တလိက္ခေ-ကောင်းကင်၌။ ဌိတော-တည်သောသူသည်။ ပါပကမ္မာ-မိမိပြုခဲ့သော မကောင်းမှု အကျိုးမှ။ န မုစ္စတိ-မလွတ်ရ။
သမုဒ္ဒမဇ္ဈေ-သမုဒ္ဒရာအလယ်၌။ ဌိတော-တည်သောသူသည်လည်း။ ပါပကမ္မာ-မိမိပြုခဲ့သော မကောင်းမှုအကျိုးမှ။ န မုစ္စတိ-မလွတ်ရ။
ပဗ္ဗတာနံ-တောင်တို့၏။ ၀ိဝရံ-အပေါက်တွင်းသို့။ ပ၀ိဿ-၀င်၍။ ဌိတော-တည်သောသူသည်လည်း။ ပါပကမ္မာ-မိမိပြုခဲ့သော မကောင်းမှုအကျိုးမှ။ န မုစ္စတိ-မလတ်ရ။
ယတ္ထ-အကြင်လောက အရပ်ဒေသ၌။ ဌိတော-တည်သောသူသည်။ ပါပကမ္မာ-မိမိပြုခဲ့သော မကောင်းမှုအကျိုးမှ။ မုဉ္စေယျ-လွတ်နိုင်ရာ၏။ သော ဇဂတိပ္ပဒေသော-ထိုကဲ့သို့သော သြကာသလောက ရပ်ဒေသသည်။ န ၀ိန္ဒတေ-မရှိသည်သာတည်း။

ဓမ္မနိယာမ-ဆိုသည်ကား
ပစ္ဆိမဘ၀ိက ဘုရားအလောင်းတော်တို့၏ ပဋိသန္ဓေယူသောအခါ၊
ဘုရား ဖြစ်တော်မူသောအခါ၊
ဓမ္မစကြာဒေသနာကို ဟောတော်မူသောအခါ၊
အာယုသင်္ခါရကို လွှတ်တော်မူသောအခါ၊
ပရိနိဗ္ဗာန် စံတော်မူသောအခါတို့၌ အလွန်ကြီးကျယ်စွာသော ပုညဓမ္မသမ္ဘာရတို့၏ တန်ခိုးကြောင့် လောကဓာတ်တသောင်းတို့၏ တပြိုင်နက်အားဖြင့် လှုပ်ရှားခြင်း မြဲမှုကို ဓမ္မနိယာမ ဆိုသည်။

စိတ္တနိယာမ-ဆိုသည်ကား အဆင်း အသံ အစရှိသော အာရုံတို့သည် မျက်စိ နား အစရှိသော ပသာဒတို့၌ ထိခိုက်ကြကုန်သည်ရှိသော် စီမံဖန်ဆင်းသူ မရှိကြပါကုန်ဘဲလျက် ပဉ္စဒွါရာဝဇ္ဇန်း၊ ပဉ္စ၀ိဉာဏ်၊ သမ္ပဋိစ္ဆိုင်း၊ သန္တီရဏ အစရှိကုန်သော ၀ီထိစိတ်တို့၏ အစဉ်အတိုင်း သူ့ကိစ္စနှင့်သူ ဖြစ်ခြင်းမြဲကြသည်ကို ဆိုသတည်း။

ဤကား အဋ္ဌသာလိနီ အဋ္ဌကထာကြီး၌ သိသာရုံ မှတ်သားရုံမျှ ဖော်ပြလာရှိသော နိယာမ-တရားငါးပါး အကျယ်တည်း။

( လယ်တီဆရာတော်ဘုရားကြီး )

No comments: