Thursday, August 20, 2009

လူမျိုးမြင့်ဖို့ စာဖတ်စို့

The way of life in any country reflects large part the percentage of its people who can read and write.
နိုင်ငံအတော်များများမှာ လူနေမှုဘ၀ဟာ လူတွေစာဖတ်နိုင်တဲ့အပေါ် အတော်လေး မူတည်လျက်ရှိတယ်။
စာကောင်းကောင်း ရေးတတ်ဖတ်တတ်တဲ့လူ များလေ အဲဒီတိုင်းပြည်ရဲ့ စီးပွားရေး၊ တက္ကနိုလိုဂျီနဲ့ သိပ္ပံပညာတို့မှာ တိုးတက်လေပဲတဲ့။
လူမှု အသိုက်အ၀န်းအားလုံးတို့ဟာ စာရေးတတ် ဖတ်တတ်တာကို တန်ဖိုးထားကြတယ်။
စာဖတ်တတ်သူ ရေးတတ်သူတွေဟာ ဘ၀ကိုလည်း ကျေနပ်နှစ်သိမ့်ကြတယ်။
တိုးတက်ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ အခြေခံ စာဖတ်တတ် ရေးတတ်သူတွေသာ များတယ်။ တကယ်တမ်း စာကို သေသေချာချာတတ်မှသာ နိုင်ငံတိုးတက်မှာဖြစ်တယ်။

သို့သော် တကယ်တမ်းပြန်ကြည့်ရင် ဖွံ့ဖြိုးပြီးနိုင်ငံအချို့မှာတောင် စာမတတ်သူတွေ အများကြီး ရှိနေသေးတာကို တွေ့ရတယ်။
မြန်မာပြည်မှာ စာတတ်သူဦးရေ အင်မတန်များတယ်။ တိုးတက်ဖွံ့ဖြိုးပြီးတဲ့နိုင်ငံတွေနဲ့ တန်းတူပါပဲ။
ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးကျောင်းတွေ ရှိတယ်။ အဲဒီ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေဟာ စာပေကျမ်းဂန်တွေနဲ့ ပတ်သက်နေတယ်။
ကမ္ဘာ့လူဦးရေ သန်းခြောက်ထောင်အနက် တထောင်ဟာ စာမတတ်ဘူးလို့ စာရင်းဇယားအရ သိရတယ်။ ကံကောင်းတာက မြန်မာနိုင်ငံမှာ မိဘတွေကလည်း စာသင်ဖို့ အားပေးတယ်။

သို့သော် ယနေ့တိုးတက်နေတဲ့ ခေတ်ကြီးမှာ သိဖို့ တတ်ဖို့ လိုအပ်တာတွေ အများကြီး ရှိတယ်။ ဖတ်ဖို့လိုအပ်တာတွေလည်း အမြောက်အများပါပဲ။ ဒီအတွက် လုံလောက်တဲ့ စာအုပ်တွေ ရှိကြရဲ့လား။
လုံလောက်တဲ့ ထောက်ပံ့မှုတွေကိုရော ပေးရဲ့လား။

စာတတ်ပေမဲ့ စာမဖတ်သူတွေ အများကြီးရှိတယ်။
ကြားဖူးတာတခုရှိတယ်။
တက္ကသိုလ်ဆရာမတယောက်ကို လူကြီးတယောက်က မေးတယ်။
ပူတာအို ဘယ်မှာရှိလဲ၊
ကရင်ပြည်နယ်မှာ
သေသေချာချာ စဉ်းစားပါဦး၊
ကျွန်မ မသိပါဘူး၊ ကျွန်မဟာ သိပ္ပံတွဲနဲ့ ကျောင်းပြီးသူပါ-တဲ့။

လူကြီး ဘာပြောသွားသည်ကို မသိပါ၊ သို့သော် ဆရာမ စာမဖတ်-တာတော့ အသေအချာပါပဲ။
ဆရာ ဆရာမ တော်တော်များများဟာ စာမဖတ်ကြဘူးလို့ ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေမှာတောင် ညဉ်းညူနေကြတာကို ကြားရဖူးတယ်။
ဆရာ ဆရာမတွေဟာ အလုပ်တွေနဲ့ ပိနေကြပြီး သူတို့တတ်ထားတဲ့ပညာဟာ ကလေးတွေအတွက် လုံလောက်ပြီလို့ ယူဆကာ ဆက်လက်မလေ့လာကြတာ အတော်များတယ်။ ဆရာ ဆရာမတွေဟာ သူတို့ကိုယ် သူတို့ ကရွတ်ခွေလို တဖြည်းဖြည်း ဆွေးသွားတယ်။ အသုံးမကျတော့ဘူးလို့ ထင်နေကြတယ်။ ဒါဟာ မှားယွင်းပါတယ်။

စာအုပ်တွေကိုသာဖတ်ပါ။ မိမိဟာ ကျောင်းသားတွေထက်တောင်မှ ခေတ်မီနေတာကို တွေ့ရမှာဖြစ်တယ်။ တချို့ကလည်း လုပ်ငန်းဆိုင်ရာ စာအုပ်တွေကို လိုသလောက်ဖတ်တယ်။ ကျောင်းနေတဲ့သူ တချို့ကလည်း ဖတ်စာအုပ်ကလွဲရင် အပြင်စာ မဖတ်ကြဘူး။ ပြင်ပစာဆိုတာကို မဆိုင်ဘူးလို့ ထင်သူတွေ ရာနှုန်း အတော်များတယ်။
ဒီလို မဖတ်တာတွေရဲ့ အကြောင်းရင်းတွေကို လေ့လာရင် ကျမ်းတစောင် ပေတဖွဲ့လောက်ရှိမယ် ဖြစ်တယ်။

အရင်ခေတ်ကတော့ စာဖတ်ဖို့အတွက် အင်မတန်ခက်ခဲတယ်။ ဘာကြောင့်လဲဆိုတော့ စာတွေကို ပေဖူး ထန်းရွက် ပုရပိုက်တွေမှာ ရေးသားရတာကြောင့်ပဲ။
နောက်ပိုင်းမှာ စာရွက်တွေ၊ ပုံနှိပ်အတတ်တွေ ကျေးဇူးကြောင့် လူတိုင်းလိုလို စာဖတ်ခွင့်ရလာကြတယ်။
ဘုရားစာ တရားစာတွေသာ မကပါဘူး။ အကြောင်းအရာများစွာကို ရေးကြဖတ်ကြတဲ့ လုပ်ငန်းတွေ ဖြစ်လာတယ်။
လူတွေရဲ့ ဆက်သွယ်မှုတွေဟာ စာပေကြောင့် လွယ်လင့်တကူ ဖြစ်လာတယ်။ လူတွေဟာ တယောက်အကြောင်း တယောက် သိလာတယ်။ နေနည်းထိုင်နည်းတွေကိုသာမက လောကဓာတ်ပညာတွေမှာပါ တိုးတက်လာစေတာ စာပေကြောင့်ပဲ ဖြစ်တယ်။

အင်မတန်လှပတဲ့ လိပ်ပြာတကောင်အကြောင်း ကဗျာဆရာက ရေးဖွဲ့တယ်။
လူတွေကတော့ လိပ်ပြာလေးဘ၀ကို အားကျတယ်။
လိပ်ပြာလေးဟာ အိပ်လိုက် ၀တ်ရည်စုပ်လိုက်နဲ့ အချိန်ကုန်တာပါပဲ။
သူဟာ မနက်ဖြန်အတွက်လည်း မစဉ်းစားဘူး။ မနေ့က အကြောင်းလည်း သူ့ခေါင်းထဲမှာ မရှိဘူး။
ဆိုလိုတာက လိပ်ပြာအတွက် သမိုင်းကို လိပ်ပြာမရေးဘူး။ လိပ်ပြာဟာ သူ့သမိုင်းကို သိလည်းမသိဘူး စိတ်လည်း မ၀င်စားဘူး။

လူတွေကတော့ လူ့သမိုင်းကို စိတ်ဝင်စားတယ်။ ရေးတယ် ဖတ်တယ်။
လူ့သမိုင်းကို မှတ်မိသလောက် ရေးနေကြတာပဲ။
လူတွေဟာ သူနေတဲ့ ကမ္ဘာကြီးအကြောင်းလည်း ရေးတယ်။ ပထ၀ီတွေကိုသိတယ်။ စကြာဝဠာကြီးကိုလည်း အတော်အသင့် သိတယ်။ ဒီတော့ လူတွေဟာ စာဖတ်သင့်တယ်ဆိုတာတော့ ထင်ရှားပါပြီ။
သတင်းအချက်အလက်ခေတ်မှာ စာဖတ်ဖို့ ဘယ်လောက်လိုလဲ။
ဒီအတွက် ဘာသာစကားကိုလည်း ပိုင်နိုင်ဖို့လိုတယ်။
ကမ္ဘာတောင့်ဘက်ခြမ်းက သတင်းတခုကို ကမ္ဘာ့မြောက်ဘက်ခြမ်းရောက်အောင်ပို့ဖို့ စက္ကန့်ပိုင်းသာကြာတယ်။
ဒီတော့ နေ့စဉ် ဘာတွေဖြစ်နေတယ်ဆိုတာကို မိနစ်မခြား လွယ်လွယ်နဲ့ သိလို့ရတယ်။

တကယ်တော့ ကနေ့လို Multimedia ခေတ်မှာ စာမတတ်လည်း ကြားရမြင်ရတာနဲ့တင် လုံလောက်တယ်လို့ ဆိုကြတယ်။ စာဘာလို့ဖတ်ရမလဲ၊ ပျင်းစရာကြီးလို့ ဆိုနေသူတွေ အများကြီးရှိပါတယ်။
အရုပ်တွေလို လှုပ်ရှားတာတွေကမှ ကြည့်လို့ကောင်းတယ်။
သီချင်းတွေကိုတောင် ဗီစီဒီ ပြတယ်။
ဘုန်းတော်ကြီးတရားတွေကို ပရိုဂရမ်စီဒီနှင့် နားထောင်တယ်၊ လူတွေကြားထဲမှာ ရုပ်ရှင်၊ ဗွီဒီယို၊ ဗီစီဒီအပြင် ဒီဗွီဒီတွေတောင် ရောက်လာနေပြီပဲ။
လူတွေ သိပ်ကြိုက်တာပေါ့။
သို့သော် စာရေးစာဖတ်တာကို ကျော်လို့မရဘူး။
ဗွီဒီယိုဟာ ဦးနှောက်ကို စားသွားတယ်။
စာရေးစာဖတ်မှ ဦးနှောက်ကို ပွားများစေတာဖြစ်တယ်။
ဘာကြောင့်လဲဆိုတာ စာဖတ်မှသာ အရည်အသွေး (skill) ကို မြှင့်တင်နိုင်တာ ဖြစ်တယ်။

အောက်ပါ စကားပြောနေကြတဲ့ သားအဖတွေရဲ့ အသံကို နားထောင်ကြည့်ပါ။
အဖေ-ဒီလောက် စက်မှုလက်မှုတွေ တိုးတက်နေပြီပဲ၊ စာဖတ်စရာ မလိုပါဘူး။
စာမဖတ်ရင် မင်းဘယ်လိုလုပ် စာတတ်မလဲ။
ဗီဒိယို ကြည့်မှာပေါ့။
ဗီဒိယိုထဲမှာ ပညာပေးတာတွေ မပါဘူးလေ။ မင်းအရည်အသွေး ဘယ်လိုလုပ် တက်လာမလဲ။
ဒါဆို ကွန်ပျုတာကနေ ကြည့်မှာပေါ့။
ဒါပေမဲ့ အဲဒီလိုကြည့်တတ်ဖို့ဆိုတာက စာဖတ်တတ်မှ ရတယ်။
မတတ်ရင်-ဘာဆက်လုပ်ပါ ဆိုတာမျိုး မင်းမှ မသိဘဲ ဘယ်လိုလုပ်တတ်မလဲ။
ဒါဆို ဘာစာတွေ သင်ရမလဲ။
မင်းတတ်နေတဲ့ မြန်မာစာက အဓိကပေါ့ကွာ၊ နောက် အင်္ဂလိပ်စာပေါ့၊ US မှာတောင် အင်္ဂလိပ်စာကို တို့လိုပဲ Second language နဲ့ သင်ရတာပဲ။

ဘာအကျိုးရှိမှာလဲ-
တကယ်တော့ ကမ္ဘာမှာ အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ စာအုပ်တွေ အများကြီးပဲ၊ အများဆုံးပဲ ဆိုပါတော့၊ အင်္ဂလိပ်စာတတ်ရင် ဒါတွေဖတ်နိုင်မယ်။
ဒါတွေ မ၀ယ်နိုင်ရင်ကော-
စာကြည့်တိုက်တွေကနေ ငှားဖတ်ပေါ့။ နောက် အင်တာနက်က ကြည့်လို့ရတယ်။
အင်တာနက်က ဘာတွေပါလို့လဲ-
အင်တာနက်ဆိုတာ စာကြည့်တိုက် အကြီးကြီးပဲ။ စာအုပ်တွေ၊ သတင်းအချက်အလက်တွေ အများကြီးရှိတယ်။ မင်း စာဖတ်တတ်ရင်တော့ သတင်းအချက်အလက်ပေါင်း များစွာရနိုင်တယ်။

တချို့ကျောင်းသားအရွယ် လူငယ်တွေမှာ စာမဖတ်ချင်တဲ့ စိတ်တွေ များနေရတာကတော့ သူတို့မှာ အခြားအခက်အခဲတွေကြောင့်လည်း ဖြစ်နိုင်တာကို သတိပြုသင့်တယ်။
စာမဖတ်ချင်တဲ့ ကလေးတွေမှာ အောက်ပါအချက်လေးချက် အခက်အခဲ ရှိတတ်တယ်။
၁။ စာဖတ် မတတ်ခြင်း။
၂။ အာရုံစူးစိုက်မှု မရှိခြင်း။
၃။ အတွေ့အကြုံ နည်းခြင်း။
၎။ ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ရှိခြင်း-တို့ကြောင့်ပဲ ဖြစ်တယ်။

ပညာမြင့်မှ လူမျိုးမြင့်မှာ ဖြစ်တယ်။
ပညာမြင့်ဖို့ စာဖတ်ကြရမယ်။
စာဖတ်ဖို့ စာအုပ်တွေကိုလည်း ပြည့်စုံအောင် ရှိဖို့လိုတယ်။
ဘယ်စာအုပ်တွေဟာဖြင့် လူငယ်တွေ ဖတ်သင့်တယ် ဆိုတာကို ညွှန်းသင့်တယ်။
ကျောင်းဆရာ ဆရာမတွေဟာလည်း တသက်လုံး မပြီးဆုံးသေးတဲ့ ကျောင်းတွေမှာ စာတွေကို လေ့လာနေရမှာပါပဲ။ သူတို့ စာဖတ်ရမယ်။ တိုင်းပြည်တိုးတက်ဖို့ လူတိုင်းမှာ တာဝန်ရှိသလို စာဖတ်ကြဖို့လည်း လူတိုင်းမှာ တာဝန်ရှိတယ်။
ဘာကြောင့်လဲဆိုတော့ စာဖတ်ကြမှ တိုင်းပြည် တိုးတက်မှာ ဖြစ်လို့ပါပဲ။

( ဒေါက်တာ ခင်မောင်ညို )
( စရဏ မဂ္ဂင်း ၂၀၀၄-ခု သြဂုတ် )

2 comments:

AHlaTaya said...
This comment has been removed by the author.
AHlaTaya said...

ူတစ်ယောက်ကို ပူတာအိုတစ်လုံး နဲ့ ကောက်ချက်ချတာကတော့ စောလွန်းပါတယ်။
ဆရာမဘက်ကပြန်ပြောရရင် Double-slit experiment ကို ဒေါက်တာခင်မောင်ညိုသိမသိ လောင်းကြေးထပ်ရမလိုဖြစ်နေတယ်။
စာဖတ်ဖို့ အိုင်ဒီယာကိုတော့ အပြည်အ၀ထောက်ခံပါတယ်။