Saturday, August 22, 2009

ဆောရီး ဆောရီး ငှက်ပျောသီး

၁။ လွန်ခဲ့သော တရက်ကဖြစ်သည်။
ထုံးစံအတိုင်း ကျွန်တော်တို့ဇနီးမောင်နှံ နံနက်တိုင်း သောက်နေကျဖြစ်သော လက်ဖက်ရည်ဆိုင်ကလေးသို့ လျှောက်သွားကြသည်။ နံနက် (၇)နာရီခန့်သာ ရှိသေးသဖြင့် ဆိုင်အတွင်း၌ လက်ဖက်ရည်သောက်သူများ သိပ်မရှိလှသေးပေ။ တ၀ိုင်းနှစ်ဝိုင်းတွင် တယောက်စ နှစ်ယောက်စလောက်သာ ရှိသေးသည်ကို တွေ့ရသည်။ ကျွန်တော်တို့လည်း စားပွဲလွတ်တခုသို့ဝင်၍ ထိုင်လိုက်ကြသည်။ ကျွန်တော်တို့ရောက်၍ (၁၅)မိနစ်ခန့်ကြာသော် ဆိုင်အတွင်းစားပွဲများ ပြည့်လုနီးပါးမျှ လူအများရောက်လာကြသည်။ ဆိုင်နှင့်စာလျှင် စားပွဲထိုးအရေအတွက်မှာ နည်းလွန်းလှသည်ဖြစ်ရာ ရှိသည့်စားပွဲထိုးကလေး နှစ်ယောက်မှာ ဟိုပြေးသည်လွှားနှင့် အလုပ်ရှုပ်လျက်ရှိသည်။ ထိုအခိုက် ကျွန်တော်၏ ကျောပြင်၌ ပူခနဲဖြစ်သွားသောကြောင့် လှည့်ကြည့်လိုက်၏။ စားပွဲထိုး ကလေး တယောက် ယူလာသည့် လက်ဖက်ရည်ခွက်မှာ ကျွန်တော့ကျောပြင်ပေါ်သို့ မှောက်ကျခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ပူလွန်းလှသောကြောင့် ကျွန်တော်သည် အင်္ကျီကို ကမန်းကတန်း ချွတ်လိုက်ရသည်။ ကျွန်တော်၏ အဖြစ်အပျက်ကိုကြည့်ပြီး စားပွဲထိုးကလေး ပြောလိုက်သည်မှာ
( ဆောရီး )

၂။ လွန်ခဲ့သောတရက်ကဖြစ်သည်၊
ကျွန်တော်သည် မြို့ထဲရှိ မဂ္ဂဇင်းတိုက်သို့သွားရန်အတွက် ဘတ်(စ်)ကားမှတ်တိုင်၌ ကားစောင့်လျက်ရှိသည်။ ကျွန်တော်တို့ မှတ်တိုင်မှာ ကြားမှတ်တိုင်ဖြစ်သောကြောင့် ကားလွယ်လင့်တကူ မရတတ်။ ရပ်သောကားများမှာလည်း လူများအပြည့်အကျပ်နှင့်မို့ တက်၍မရတတ်။ ထို့ကြောင့် အမြဲတမ်းဆိုသလို ထန်းလျက်ခဲ ပုရွက်ဆိတ်အုံသကဲ့သို့ မှတ်တိုင်၌ ခရီးသည်များ စုပြုံနေတတ်သည်။ တကြိမ်တွင် ဘတ်(စ်)ကားတစီးသည် မှတ်တိုင်ကို ကျော်သွားပြီးမှ ထိုး၍ရပ်လိုက်သည်။ ကျွန်တော်အပါအ၀င် ခရီးသည်တစုသည် အဆိုပါကားဆီသို့ ပြေး၍လိုက်ကြရသည်။ ကျွန်တော့်ရှေ့မှ လူတယောက်စ နှစ်ယောက်စ အလုအယက်တက်၍ အပြီးမှာပင် ကားသည် ၀ူးခနဲမောင်း၍ ထွက်သွားသည်။ ထိုအခိုက် ဘတ်(စ်)ကား နောက်ဆုံးပြူတင်းပေါက်မှ ထွေးထုတ်လိုက်သော ကွမ်းတံတွေးသည် ကျွန်တော့်ရှေ့မှ လူတယောက်၏ အင်္ကျီပေါ်သို့ ကျပြီး စွန်းပေသွားသည်။ ကွမ်းတံတွေးပေသွားသောသူသည် ဒေါသတကြီးဖြင့် ထွက်သွားသောကားကိုကြည့်ပြီး ဆဲရေးလိုက်စဉ် ကားပေါ်မှအော်၍ပြောလိုက်သော စကားတခွန်းကို ကျွန်တော်ကြားလိုက်ရသည်။ ထိုစကားမှာ
( ဆောရီး )

၃။ လွန်ခဲ့သောတရက်ကဖြစ်သည်။
ကျွန်တော်သည် ရန်ကုန်ဘူတာကြီးမှ မြို့ပတ်ရထားစီးကာ အိမ်ပြန်ခဲ့သည်။ မြို့ပတ်ရထားစီး၍ အိမ်ပြန်ခဲ့သည်မှာ ကြာပြီ။ တိတိကျကျပြောရလျှင် ဘတ်(စ်)ကား စပယ်ယာများ၏ အသံဖြင့်နှိပ်စက်မှုကို သည်းမခံနိုင်တော့သည့် အချိန်မှစ၍ ဖြစ်သည်။ မြို့ပတ်ရထားက စပယ်ယာမပါ။ နောက်ရထား စောင့်သည်ဟူ၍လည်းမရှိ။ ထို့ကြောင့် လူမည်မျှပင်ကျပ်ကျပ် ထိုင်ခုံနေရာရသည်ဖြစ်စေ မရသည်ဖြစ်စေ စိတ်လက်ချမ်းသာ စီးရသည်။ ဘူတာစဉ်ကလည်း ကျွန်တော်ဆင်းရမည့် တိုးကြောင်ကလေးဘူတာအထိ ခြောက်ဘူတာသာရှိသည်။ လွန်ရောကျွံရော မိနစ်(၄၀) ဆိုလျှင် ရောက်ပြီ။ ထိုသို့ စီးသွားရာတွင် ကျွန်တော်အပါအ၀င် ခရီးသည်အချို့သည် တိုးကြောင်ကလေးဘူတာအထိ ရထားကိုမစီးကြ။ တိုးကြောင်ကလေးဘူတာမှ ဒဂုံတောင်ထဲသွားသည့် ဘတ်(စ်)ကားမှတ်တိုင်အထိ ခရီးမှာ အတန်ငယ်လှမ်းသည်။ အလုပ်မှ မောမောပန်းပန်း ပြန်လာကြသူများချည်းဖြစ်ရာ ထိုအကွာအဝေးကို လမ်းမလျှောက်ချင်ကြ။ ထိုနေ့က ကျွန်တော်သည် အဆိုပါ ရထားလမ်းကူးမရောက်မီ ဆင်းရန်အတွက် မီးရထား အတက်အဆင်း အပေါက်ဝတွင် အဆင်သင့် နေရာယူလိုက်သည်။ ကျွန်တော်ကဲ့သို့ ထိုနေရာ၌ပင် ဆင်းမည့်သူတယောက်လည်း ကျွန်တော့်နောက်တွင် အဆင်သင့်နေရာယူထားသည်။ သို့သော် ရထား ထိုနေရာသို့အဖြတ် ကျွန်တော်ဆင်းဝံ့သော အရှိန်မဟုတ်သဖြင့် မဆင်းလိုက်။ ကျွန်တော် မဆင်းသောကြောင့် ရှေ့မှပိတ်နေသလိုဖြစ်ကာ ကျွန်တော့်နောက်မှလူလည်း ဆင်း၍မရတော့။ ထို့ကြောင့် သူကကျွန်တော့်ကို ခင်ဗျား-ဆင်းလည်းမဆင်းရဲပဲနဲ့၊ မဆင်းတော့ ကျွန်တော်လည်း ဆင်းမရတော့ဘူး။ အဝေးကြီးလမ်းလျှောက်ရတော့မယ်ဗျ-ဟု မကြည်သာသောမျက်နှာနှင့် ပြောသည်။ ထိုအခါ ကျွန်တော်က သူ့ကို
( ဆောရီး )

၎။ လွန်ခဲ့သောတရက်ကဖြစ်သည်။
စာနယ်ဇင်း ရှင်းလင်းပွဲတခုရှိသောကြောင့် အိမ်မှစောစော ကျွန်တော်ထွက်လာခဲ့သည်။ ရှင်းလင်းပွဲမှာ မနက်(၁၀)နာရီတွင် စတင်မည်ဖြစ်ရာ အိမ်မှ တနာရီခွဲစော၍ (၈)နာရီခွဲတွင် ကျွန်တော်ထွက်လာခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ တနာခွဲ စောထွက်ခဲ့သည့်တိုင် ရှင်းလင်းပွဲပြုလုပ်မည့် ဟိုတယ်သို့ ကျွန်တော်ရောက်သွားသည့်အခါ (၁၀)နာရီထိုးရန် ငါးမိနစ်ခန့်သာ လိုတော့သည်။ စာနယ်ဇင်းဆရာ တော်တော်များများလည်း ရောက်ရှိနေကြသည်ကို တွေ့ရသည်။ သို့သော် ရှင်းလင်းပွဲပြုလုပ်မည့် သရုပ်ဆောင်က ရောက်မလာသေး။ စောင့်ရင်းစောင့်ရင်းနဲ့ အချိန်များကုန်လာရာ (၁၁)နာရီပင် ကျော်သွားခဲ့ပြီ။ စာနယ်ဇင်းဆရာအချို့က ပြန်ရန်အတွက် ပြောသူပြော၊ ထသူထ ပြုလုပ်ကြသည်။ ပွဲကို တာဝန်ခံ၍ ဖိတ်ကြားထားသူဆရာက တီးတိုးတီးတိုးလိုက်၍ သည်းခံစောင့်ဆိုင်းပါရန် တောင်းပန်နေရသည်။ နောက်ဆုံး(၁၁)နာရီခွဲ သတ်မှတ်ချိန်ထက် တနာခွဲ နောက်ကျပြီးမှ သရုပ်ဆောင်ဖြစ်သူ ရောက်လာသည်။ သူက အခန်းအတွင်း ထိုင်နေကြသည့် စာနယ်ဇင်းဆရာများအား ကြည့်ကာ ပြောလိုက်သည်မှာ
( ဆောရီး )

၅။ ကျွန်တော်သည် ယခုရောက်ရှိနေသည့် အသက်အရွယ်အထိ ဆောရီး-ပေါင်း မည်မျှ အခြားသူများအား ပြောခဲ့ပြီးပြီနည်း။ ထိုကဲ့သို့ပင် အခြားသူများကလည်း ကျွန်တော်အပါအ၀င် ၄င်းတို့ ထိတွေ့ဆက်ဆံရသည့် သူများအပေါ် ဆောရီး-ပေါင်း မည်မျှ ပြောခဲ့ကြပြီနည်း။ အကြိမ် အနည်းနဲ့ အများသာ ကွာချင်ကွာကြလိမ့်မည်။ ငှက်ပျောသီး အခွံနွှာစားသကဲ့သို့ ကျွန်တော်တို့ အလွယ်တကူ ဆောရီးခဲ့ကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။ သေချာသည်ကတော့ ကျွန်တော်က ဆောရီး-ဟု တခါပြောလိုက်တိုင်း အခြားတဖက်သား တဦးတယောက်တွင် နစ်နာဆုံးရှုံးမှု အနည်းနှင့်အများ ရှိသွားပြီ။ အခြားသူများက ကျွန်တော့်ကို ဆောရီး-ဟု တခါပြောလိုက်တိုင်း ကျွန်တော့တွင် တစုံတရာ နစ်နာဆုံးရှုံးမှု ရှိသွားပြီသာဖြစ်သည်။

( တူမောင်ကတော့ ဆောရီး-ပဲ၊ ဦးလေးမှာတော့ ထီးကျိုးသွားပြီ-) ဆိုသော စကားကို ကျွန်တော်တို့ ကြားဖူးကြသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ဆောရီး-ကို အလွယ်တကူ မပြောမိကြစေရန် ကျွန်တော်တို့၏ အပြောအဆို အလုပ်အကိုင် အနေအထိုင်များကို သတိပြု နေထိုင်ကြရမည် ဖြစ်ပေသည်။ လူတိုင်း ထိုကဲ့သို့ ကျင့်ကြံနေထိုင်နိုင်ပါက ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည်မဟုတ်သော်ငြား အနည်းနှင့်အများ ထိခိုက်နစ်နာဆုံးရှုံးမှုမှ ကင်းဝေးကြကာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြလိမ့်မည်ဟု ယုံကြည်မိပေသည်။

( ရဲခေါင်-မဲမောင် )

No comments: