Friday, August 7, 2009

အပြောရခက်သူ

တခါတုန်းက သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတိုက်မှာ တိဿအမည်ရှိတဲ့ ရဟန်းတပါးရှိပါတယ်။ တိဿရဟန်းဟာ ဗုဒ္ဓဘုရားရှင်နဲ့ ညီအကိုဝမ်းကွဲ တော်စပ်သူဖြစ်ပါတယ်။ အသက်ကြီးမှ ရဟန်းပြုပြီး ကောင်းကောင်းစား၊ ကောင်းကောင်းနားနေသူ ဖြစ်ပြီး ဘုရား တရား အလုပ်ကိုလည်း တာဝန်ကျေပဲ လုပ်သူမို့ တနေ့တခြား ၀ဖြိုးလို့သာ လာပါတယ်။ တနေ့မှာ တိဿရဟန်းဟာ သစ်လွင်တဲ့ သင်္ကန်းကို ၀တ်ဆင်ပြီး အစည်းအဝေးဇရပ်မှာ ခန့်ခန့်ကြီးရပ်နေခဲ့ပါတယ်။ ဒီအချိန်မှာ ဘုရားရှင်ကို ဖူးမြှော်ဖို့ ရပ်ဝေးက ရဟန်းတွေ ရောက်လာခဲ့တာမို့ ခန့်ခန့်ညားညား တိဿရဟန်းကြီးကိုလည်း မြင်ရော သက်ကြီးဝါကြီး မထေရ်ကြီးထင်ပြီး အရိုအသေပေးကြ၊ ၀တ်ကြီးဝတ်ငယ်ပြုကြပေါ့။ ဒီအထဲက ရဟန်းငယ်တပါးကတော့ သံသယရှိပြီး-

ရဟန်းငယ်-----အရှင်ဘုရား ဘယ်နှစ်ဝါ ရပါပြီလဲ ဘုရား။
တိဿရဟန်း-----တပည့်တော် တ၀ါမျှ မရသေးပါဘူး။ ကြီးမှ ရဟန်းပြုတာပါ။
ရဟန်းများ----- ဟင်-ကိုယ်တော်ကြီးနှယ် အာဂန္တုကိုယ်တော်တွေက မသိလို့ ၀တ်ကြီးဝတ်ငယ်ပြုတာကို ငြိမ်နေရသလား၊ ဟုတ်ပါရဲ့ ကိုယ်တော်ရယ်၊ အသိတရား နည်းလှချည်လား။

အာဂန္တုကိုယ်တော်တွေက ဒီလိုဝိုင်းပြောကြတော့ တိဿရဟန်းကြီးက ငါက ဘုရားရှင်နဲ့ ဆွေမျိုးတော်သူပဲ၊ ငါက မင်းမျိုးပဲဆိုပြီး မခံချင်ဘူးတဲ့။ သူကပဲ အရင်ဦးအောင် ဘုရားရှင်ကို သွားတိုင်ခဲ့ပါသတဲ့။

ဘုရားရှင်-----တိဿ သင်က ဘယ်မှာ ရှိနေခဲ့တာလဲ။
တိဿရဟန်း-----တပည့်တော်က အစည်းအဝေးဇရပ်မှာ ရှိနေခဲ့တာပါဘုရား။
ဘုရားရှင်-----ဒါဆို အာဂန္တုကိုယ်တော်တွေလာတော့ သင်က ခရီးဦးကြို ပြုခဲ့ရဲ့လား။
တိဿရဟန်း-----မပြုခဲ့ပါဘုရား။ သူတို့ကပဲ တပည့်တော်ကို ပြုသွားကြတာပါ။
ဘုရားရှင်-----ဒါဆို သင့်မှာ အပြစ်ရှိတာပေါ့။ တောင်းပန်လိုက်ပါ။

ဘုရားစကားကို တိဿရဟန်းက သုံးကြိမ်တိုင်တိုင် ငြင်းဆန်ခဲ့သတဲ့။ ရဟန်းတွေကလည်း ဒီကိုယ်တော်ကြီး တယ်ပြီးဆုံးမရခက်ပါလားလို့ ၀ိုင်းပြောကြတော့တာပေါ့။ ဒီအခါမှာ ဘုရားရှင်က ဒီတိဿရဟန်းဟာ ဒီဘ၀မှာသာ ဆုံးမရခက်တာမဟုတ်ဘူး။ ရှေးတုန်းကလည်း ဆုံးမရခက်သူဖြစ်တယ်လို့ ပြောပြီး အတိတ်ကို ဆောင်ပြတော်မူခဲ့ပါတယ်။

တိဿရဟန်းဟာ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလက်ထက်တော်အခါက ဒေ၀ီလအမည်ရှိတဲ့ ရသေ့တပါး ဖြစ်ခဲ့ဖူးပါတယ်။ တနေ့မှာ ဒေ၀ီလရသေ့ဟာ ခရီးသွားရင်းနဲ့ ဇရပ်တခုမှာ တည်းခိုဖြစ်ခဲ့ပါတယ်။ ဒီအချိန်မှာ နာရဒအမည်ရှိတဲ့ ရသေ့တပါးကလည်း မရှေးမနှောင်းမှာ ရောက်လာပြီး ဒီဇရပ်မှာပဲ တည်းခိုခဲ့ပါတယ်။ ရသေ့နှစ်ပါး ဇရပ်မှာ အတူတည်းခိုမိတဲ့အခါမှာ ညအိပ်ချိန်မှာတော့ နေရာခွဲပြီး အိပ်ဖြစ်ကြတာပေါ့။ နာရဒရသေ့က ဇရပ်အလယ်မှာ အိပ်ပါတယ်။ ဒေ၀ီလရသေ့က တံခါးပေါက်အနီးမှာ အိပ်ပါတယ်။ နာရဒရသေ့ဟာ တရေးနိုး အပေါ့အပါးသွားချင်လို့ အပြင်ထွက်တဲ့အခါမှာ တံခါးပေါက်နားကဖြတ်တော့ မှောင်ထဲမည်းထဲဆိုတော့ ဒေ၀ီလရသေ့ရဲ့ ဆံကျစ်ကို နင်းမိတော့တာပေါ့။

ဒေ၀ီလ-----ဟဲ့--ငါ့ဆံကျစ်ကို နင်းတာ ဘယ်သူလဲ။
နာရဒ-----တပည့်တော်ပါဘုရား။ မသိလို့ နင်းမိတာ ခွင့်လွှတ်ပါ။
ဒေ၀ီလရသေ့ဟာ မကျေမချမ်းနဲ့ မြည်တွန်တောက်တီးပြီး နာရဒရသေ့ ပြန်ဝင်လာရင် သူ့ဆံကျစ်ကို ထပ်နင်းမိမှာစိုးလို့ ပြောင်းပြန်လှည့်အိပ်ခဲ့ပါတယ်။ နာရဒရသေ့ကလည်း အပြန်မှာ ခုနကလို ဖြစ်မှာစိုးတဲ့အတွက် ခြေရင်းဘက်ကို မှန်းပြီး ဖြတ်ခါမှ လည်ပင်းကို ထပ်တက်နင်းမိပြန်တော့တာပေါ့။

ဒေ၀ီလ-----ဟဲ့--ငါ့လည်ပင်းကို နင်းမိနေပြီ။
နာရဒ-----ခွင့်လွှတ်ပါဘုရား၊ နင်းမိမှာစိုးလို့ ဂရုစိုက်ခါမှ ဖြစ်သွားတာပါဘုရား။
ဒေ၀ီလ-----သင်--တော်တော် အနှောက်အယှက်ပေးတာပဲ၊ သင့်ကို ငါ ကျိန်ဆဲရလိမ့်မယ်၊ မနက်ဖြန်နံနက် နေထွက်တာနဲ့ ငါ့ကို စော်ကားတဲ့ရသေ့ ဦးခေါင်း ခုနစ်စိပ် ကွဲပါစေ။
နာရဒ-----ဆရာရသေ့- တပည့်တော်ဟာ စော်ကားလိုစိတ် မရှိခဲ့ပါဘူး၊ ရည်ရွယ်ပြီး လုပ်ခဲ့တာလည်း မဟုတ်ပါဘူး၊ ဒါကြောင့် အပြစ်ရှိတဲ့လူရဲ့ ဦးခေါင်းသာ ခုနစ်စိပ် ကွဲပါစေ။

ဒီလိုအပြန်အလှန် ဖြစ်ကြပြီးတဲ့အခါ နာရဒရသေ့က တန်ခိုးရှိတဲ့အတွက် မနက်ဖြန်မှာ ဘယ်သူ့အပေါ် ကျိန်စာကျရောက်မလဲ ဆင်ခြင်ကြည့်လိုက်တော့ ဒေ၀ီလရသေ့အပေါ်မှာ အပြစ်ကျမှာကို သိလိုက်ပါတယ်။ ဒါကြောင့် ဒေ၀ီလရသေ့ကို အပြစ်ကျမှာစိုးတဲ့အတွက် သူ့ရဲ့တန်ခိုးနဲ့ မနက်ဖြန်နေမထွက်အောင် အဓိဋ္ဌာန်ပြုထားလိုက်သတဲ့။

ဗာရာဏသီ မြို့သူ မြို့သားတွေဟာ အချိန်တန်ပေမယ့် နေထွက်မလာတဲ့အတွက် ထူးဆန်းအံ့သြခြင်းများစွာနဲ့ ဘုရင်မင်းမြတ်ရှိရာ စုဝေးရောက်ရှိလာကြတော့တာပေါ့။ မင်းကြီးအနေနဲ့လည်း တခုခု ထူးခြားပြီဆိုတာ သိတဲ့အတွက် စုံစမ်းမှုပြုတဲ့အခါမှာ ပြဿနာအရင်းအမြစ်ကို သိသွားတယ်။

မင်းကြီး-----ဘာကြောင့် နေမထွက်အောင် လုပ်ထားရတာလဲ နာရဒရသေ့။
နာရဒရသေ့-----ဒေ၀ီလရသေ့ရဲ့ ဦးခေါင်း ခုနစ်စိပ်ကွဲမှာ သနားလို့ပါ။ ဒါပေမယ့် ဒေ၀ီလရသေ့က တောင်းပန်မယ်ဆိုရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။

မင်းကြီးက ဒေ၀ီလရသေ့ကို တောင်းပန်ခိုင်းတဲ့အခါမှာ ဒေ၀ီလရသေ့က စိတ်ထဲမှာမပါပဲ ၀တ်ကျေတန်းကျေ တောင်းပန်ခဲ့ပါတယ်။ ဒါကို သိတဲ့ နာရဒရသေ့က မင်းအမိန့်နဲ့ ဒေ၀ီလရသေ့ကို မြို့ပြင်ဘက်က ရေအိုင်ကို ခေါ်သွားခိုင်းပြီး ရသေ့ရဲ့ ခေါင်းပေါ်မှာ မြေကြီးခဲတလုံးတင်လို့ ရေငုတ်ခိုင်းခဲ့ပါတယ်။ သူ-တန်ခိုးဖြေပေးတဲ့အချိန်ကျရင် နေထွက်လာတဲ့အခါမှာ ဒေ၀ီလရသေ့ကို ရေထဲမှာ ငုပ်ပြီးနေဖို့ ညွှန်ကြားလိုက်ပါတယ်။ ဒီအခါမှာ သူ့ရဲ့အပြစ်များဟာ သူ့ခေါင်းပေါ်က မြေကြီးခဲအပေါ် ကျရောက်သွားမယ်လို့ တခါတည်း အမှာစကားပြောလိုက်ပါတယ်။ နာရဒရသေ့ ပြောတဲ့အတိုင်း ပြုလုပ်ခဲ့ကြတဲ့အတွက် တိုင်းသူပြည်သားများကလည်း နေထွက်တာ မြင်ရ၊ ဒေ၀ီလရသေ့လည်း အပြစ်ကလွတ်ပြီး အားလုံး အဆင်ပြေသွားကြပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ အတိတ်ကို ဆောင်ပြပြီးတဲ့အခါမှာ ဒေ၀ီလရသေ့ဟာ အခု တိဿရဟန်း၊ နာရဒရသေ့ဟာ ငါဘုရား ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။ ကလေးတို့လည်း ဒီဇာတ်တော်ကိုဖတ်ပြီးတဲ့ အချိန်မှာ တဦးနဲ့တဦး ရန်ငြိုးထားခြင်းရဲ့ အကျိုးဆက်ဟာ မီးလိုပူလောင်ပြီး ရန်ငြိုးမထားတတ်သူသာလျှင် အေးချမ်းတဲ့အကြောင်းကို ဆင်ခြင်နိုင်ကြပါစေ။

( မိုးမိုးစောဝင်း )

No comments: