Monday, August 10, 2009

ပိဋကတ်ကျမ်း

ပိဋကတ်ကျမ်းစာများ၏ မူရင်းဘာသာသည် ပါဠိဘာသာ ဖြစ်သည်။ ဗုဒ္ဓ၏စကားတော်များကို ဗုဒ္ဓ၀စန၊ ပါဠိ၊ ပါဠိတော်၊ ပါဝစန၊ ပရိယတ္တိ၊ အာဂမ၊ သုတ္တ-စသော အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ်ကြပေသည်။ ဗုဒ္ဓစကားတော်များ၏ ပရိယာယ်ဖြစ်သော ယင်းဝေါဟာရများတွင် မည်သည့်ဝေါဟာရကို သုံးသည်ဖြစ်စေ ကြားရသော စာပေတတ်မြန်မာတို့က ဗုဒ္ဓ၏စကားတော်များကို ဆိုလိုကြောင်း ရုတ်ခြည်းသိကြသည်သာ ဖြစ်သည်။ ဤသို့လျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ နှုတ်ဖျား၌ အမည်အမျိုးမျိုးဖြင့် ထင်ရှားခဲ့သော ဗုဒ္ဓ၏စကားတော်များကို ပထမသံဂါယနာတင်စဉ် အခါက ရှင်မဟာကဿပ အမှူးရှိသော ရဟန္တာအရှင်မြတ်တို့သည် သဘောနီးစပ်ရာတရားတို့ကို စုစည်း၍နည်းအမျိုးမျိုးဖြင့် အမျိုးအစား ခွဲခြားခဲ့ကြပေသည်။

သံဂါယနာတင် အရှင်မြတ်တို့သည် ဗုဒ္ဓ၏စကားတော်များကို ၀ိမုတ္တိဟူသော ရသအားဖြင့် တပါး။
ဓမ္မနှင့်ဝိနယ အားဖြင့် နှစ်ပါး။
ပထမ, မဇ္ဈိမ, ပစ္ဆိမ ဟူသော ဗုဒ္ဓ၀စနအားဖြင့် သုံးပါး။
သုတ္တန်, ၀ိနည်း, အဘိဓမ္မာ ဟူသော ပိဋကတ်အားဖြင့် သုံးပါး။
ဒီဃ, မဇ္ဈိမ, သံယုတ္တ, အင်္ဂုတ္တရ, ခုဒ္ဒက ဟူသော နိကာယ်အားဖြင့် ငါးပါး။
သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန, ဣတိဝုတ္တက, ဇာတက, အဗ္ဘုတဓမ္မ, ဝေဒလ္လ ဟူသော အင်္ဂါအားဖြင့် ကိုးပါး။
ဓမ္မက္ခန္ဓာအားဖြင့် ( ၈၄,၀၀၀ ) ဟူ၍ အမျိုးအစား ခွဲခြားထားခဲ့ကြကုန်၏။

ဤသို့လျှင် သံဂါယနာတင် အရှင်မြတ်တို့က ဗုဒ္ဓ၏စကားတော်များကို အမျိုးအစား ခွဲခြားခဲ့ကြသော်လည်း ယခုအခါ အရှေ့တိုင်း အနောက်တိုင်းနှင့် ဗုဒ္ဓစာပေကို အလေ့အလာပြုကြသော ကမ္ဘာဒေသအားလုံးမှာပင် နိကာယ်ငါးရပ်၊ ပိဋကတ်သုံးသွယ်ဖြင့်သာလျှင် ဗုဒ္ဓစာပေကို အမျိုးအစားခွဲခြား စုစည်းခဲ့ကြပေသည်။ ဗုဒ္ဓစာပေနှင့် မကင်းသူ ဗုဒ္ဓစာပေနှင့် ရင်းနှီးဆက်ဆံနေကြရသူများသည် ယင်းသို့တွင်ကျယ်နေသော နိကာယ်ငါးရပ် ပိဋကတ်သုံးသွယ် ကျမ်းဖွဲ့စည်းပုံကို သိရှိထားသင့်လှပေသည်။

ရှေးဦးစွာ နိကာယ်ငါးရပ်ဖြင့် ကျမ်းခွဲခြားဖွဲ့စည်းပုံကို ရှင်းလင်းစွာ သိရှိနိုင်ရန် အောက်ပါဇယားဖြင့် ဖော်ပြလိုက်ပါသည်။

( နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကျမ်း စီစဉ်ပုံဇယား )
ဒီဃနိကာယ် ၃-ကျမ်း
၁။ သီလက္ခန္ဓ၀ဂ္ဂ
၂။ မဟာဝဂ္ဂ ( သုတ္တန္တ )
၃။ ပါထိက၀ဂ္ဂ

မဇ္ဈိမနိကာယ် ၃-ကျမ်း
၎-၁။ မူလပဏ္ဏာသ
၅-၂။ မဇ္ဈိမပဏ္ဏာသ
၆-၃။ ဥပရိပဏ္ဏာသ

သံယုတ္တနိကာယ် ၅-ကျမ်း
၇-၁။ သဂါထာဝဂ္ဂသံယတ်
၈-၂။ နိဒါန၀ဂ္ဂသံယုတ်
၉-၃။ ခန္ဓ၀ဂ္ဂသံယုတ်
၁၀-၄။ သဠာယတန၀ဂ္ဂသံယုတ်
၁၁-၅။ မဟာဝဂ္ဂသံယုတ်

အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း
၁၂-၁။ ဧကင်္ဂုတ္တရ
၁၃-၂။ ဒုကင်္ဂုတ္တရ
၁၄-၃။ တိကင်္ဂုတ္တရ
၁၅-၄။ စတုကင်္ဂုတ္တရ
၁၆-၅။ ပဉ္စင်္ဂုတ္တရ
၁၇-၆။ ဆဠင်္ဂုတ္တရ
၁၈-၇။ သတ္တင်္ဂုတ္တရ
၁၉-၈။ အ႒ဂုၤတၱရ
၂၀-၉။ န၀ဂၤုတၱရ
၂၁-၁၀။ ဒသဂၤုတၱရ
၂၂-၁၁။ ဧကာဒသဂၤုတၱရ

ခုဒ္ဒကနိကာယ် တစိတ် ၁၅-ကျမ်း
၂၃-၁။ ခုဒ္ဒကပါဌ
၂၄-၂။ ဓမ္မပဒ
၂၅-၃။ ဥဒါန
၂၆-၄။ ဣတိဝုတ္တက
၂၇-၅။ သုတ္တနိပါတ
၂၈-၆။ ၀ိမာန၀တ္ထု
၂၉-၇။ ပေတ၀တ္ထု
၃၀-၈။ ထေရဂါထာ
၃၁-၉။ ထေရီဂါထာ
၃၂-၁၀။ ဇာတက
၃၃-၁၁။ နိဒ္ဒေသ
၃၄-၁၂။ ပဋိသမ္ဘိဒါမဂ္ဂ
၃၅-၁၃။ အပဒါန
၃၆-၁၄။ ဗုဒ္ဓ၀ံသ
၃၇-၁၅။ စရိယာပိဋက

ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်း
၃၈-၁။ ပါရာဇိက
၃၉-၂။ ပါစိတ္တိယ
၄၀-၃။ မဟာဝဂ္ဂ ( ၀ိနယ )
၄၁-၄။ စူဠ၀ဂ္ဂ
၄၂-၅။ ပရိဝါရ

ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်း
၄၃-၁။ ဓမ္မသင်္ဂဏီ
၄၄-၂။ ၀ိဘင်္ဂ
၄၅-၃။ ဓာတုကထာ
၄၆-၄။ ပုဂ္ဂပညတ္တိ
၄၇-၅။ ကထာဝတ္ထု
၄၈-၆။ ယမက
၄၉-၇။ ပဋ္ဌာန

ဤသို့လျှင် နိကာယ်ငါးရပ်၌ ကျမ်းပေါင်း ( ၄၉ )ကျမ်းရှိသည်။ အထက်ပါ ( ၄၉ )ကျမ်းမှာ စတုတ္ထသံဂါယနာ တင်သည်အထိ အတည်ပြုထားသော ပိဋကတ်သုံးပုံ ကျမ်းစာရင်းဖြစ်သည်။ အောက်ပါ လေးကျမ်းမှာ ပဉ္စမသံဂါယနာ ကျောက်ထက်အက္ခရာ တင်သောအခါကျမှ ပါဠိတော်စာရင်းဝင် ဖြစ်လာသောကျမ်းများဖြစ်သည်။
၅၀။ သုတ္တသင်္ဂဟ
၅၁။ နေတ္တိ
၅၂။ ပေဋကောပဒေသ
၅၃။ မိလိန္ဒပဥှာ

ထို့ကြောင့် ယခုအခါ ပိဋကတ်သုံးပုံ ပါဠိတော် ( ၅၃ ) ကျမ်းဟု သတ်မှတ်ကြပါသည်။

ဤနိကာယ်အားဖြင့် ကျမ်းရေတွက်နည်းတွင် ပိဋကတ်အားဖြင့် ခွဲခြားလိုလျှင်
ဒီဃနိကာယ် ၃-ကျမ်း
မဇ္ဈိမနိကာယ် ၃-ကျမ်း
သံယုတ္တနိကာယ် ၃-ကျမ်း
အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း
ဟူသော ရှေးနိကာယ်လေးရပ်နှင့် ခုဒ္ဒကနိကာယ် တစိတ် ( ၁၅ ) ကျမ်းသည် သုတ္တန် ပိဋကတ်မည်၏။
ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်းသည် ၀ိနည်းပိဋကတ်မည်၏။
ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်းသည် အဘိဓမ္မာပိဋကတ်မည်၏။ ဤသို့ခွဲခြားနိုင်သည်။

ဤသို့လျှင် နိကာယ်ငါးရပ်နှင့် ပိဋကတ်သုံးသွယ်တို့သည် အားလုံးစုပေါင်းလိုက်သော် တရားကိုယ်အားဖြင့် အထူးမရှိ။ ( ၄၉ ) ကျမ်း သို့မဟုတ်-( ၅၃ ) ကျမ်း အတူတူပင် ဖြစ်ကြောင်း အလွယ်ဖြင့် သိရှိနိုင်ပေသည်။
ဤ ( ၄၉ )ကျမ်း တရားစုကိုပင် ပိဋကတ်တည်းဟူသော ခြင်းတောင်းထဲထည့်လျှင် သုံးတောင်းရသည်။ နိကာယ်တည်းဟူသော ဇလားထဲထည့်လျှင် ငါးဇလားရသည် ဟူသော သဘောကဲ့သို့ မှတ်ရာသည်။

ဤ ( ၄၉ )ကျမ်း သို့မဟုတ် (၅၃)ကျမ်းသော ပိဋကတ်စာပေနှင့် ပတ်သက်၍ အောက်ဖော်ပြပါ ကျမ်းအမျိုးအစား ငါးမျိုးကိုလည်း သိရှိထားသင့်ပေသည်။ ၄င်းတို့မှာ-
၁။ ပါဠိတော်
၂။ အဋ္ဌကထာ
၃။ ဋီကာ
၎။ ယောဇနာ
၅။ ဂဏ္ဌိ ကျမ်းတို့ ဖြစ်ကြသည်။

ထိုငါးမျိုးတွင် ပါဠိတော်-ဆိုသည်မှာ ဘုရားဟောနှင့် ဘုရားရှင် အသိအမှတ်ပြုသော သာဝကဟော မူရင်းကျမ်းများကို ဆိုလိုသည်။

အဋ္ဌကထာ-ဆိုသည်မှာ မူရင်းပါဠိတော်၏ အနက်အဓိပ္ပါယ်ကို အစအဆုံး သိမ်းကျုံး၍ အကျယ်တ၀င့် ဖွင့်ဆိုသော ရှင်ဗုဒ္ဓဃောသ အစရှိသော ဆရာတို့ ပြုသော ကျမ်းမျိုးဖြစ်သည်။

ဋီကာ-ဆိုသည်မှာ အထက်ပါ အဋ္ဌကထာကျမ်းများ၏ အနက်အဓိပ္ပါယ်ကို ထပ်မံဖွင့်ဆိုသည့် ကျမ်းမျိုးဖြစ်သည်။

ယောဇနာ-ဆိုသည်မှာ အနက်အယူ အသိခက်သော အဋ္ဌကထာနှင့် ဋီကာကျမ်းများကို အဓိပ္ပါယတ္ထထက်
အနက်-သဒ္ဒတ္ထကိုသာ အဓိကထား၍ ဖွင့်ဆိုသောကျမ်းမျိုးဖြစ်သည်။

ဂဏ္ဌိ-ဆိုသည်မှာ ပါဠိ အဋ္ဌကထာ ဋီကာ ကျမ်းများမှ လွန်စွာအသိခက်သော အပိုင်းလောက်ကိုသာ အဆုံးအဖြတ်နှင့်တကွ ဖွင့်ပြသော ခက်ဆစ်အဖြေဆန်သည့် ကျမ်းမျိုးဖြစ်သည်။
ဤကျမ်းအားလုံးသည် သီဟိုဠ်ခေတ်က ပါဠိဘာသာဖြင့်သာ ရှိကြသည်။

အထက်၌ပြခဲ့သော ပိဋကတ် ၄၉-ကျမ်း ( ၅၃ )ကျမ်းတို့တွင် ကျမ်းတိုင်း၌ မရှိသော်လည်း ကျမ်းအများစုတွင် ယခုဖော်ပြခဲ့သော ကျမ်းအမျိုးအစား ငါးမျိုး ဖြာထွက်လာနိုင်ပေသည်။

ဥပမာ-
အမှတ်တစ် သီလက္ခန္ဓ၀ဂ္ဂ တကျမ်းတည်းတွင်
၁။ သီလက္ခန္ဓ၀ဂ္ဂ ပါဠိတော်
၂။ သီလက္ခန္ဓ၀ဂ္ဂ အဋ္ဌကထာ
၃။ သီလက္ခန္ဓ၀ဂ္ဂ ဋီကာ
၎။ သီလက္ခန္ဓ၀ဂ္ဂ ယောဇနာ
၅။ သီလက္ခန္ဓ၀ဂ္ဂ ဂဏ္ဌိ-ဟူ၍ ကျမ်းငါးမျိုး ဖြာထွက်လာနိုင်ပေသည်။

တဖန် ပါဠိတော်၊ အဋ္ဌကထာ စသော ဖော်ပြပါ ကျမ်းငါးမျိုးတွင်လည်း တမျိုးစီ၌ အောက်ပါအတိုင်း ကျမ်းလေးမျိုးခန့် ခွဲထွက်လာနိုင်ပြန်သေးသည်။ ၄င်းတို့မှာ-
၁။ ပါဌ်
၂။ နိသ်
၃။ မြန်မာပြန်
၎။ ကဗျာလင်္ကာ ကျမ်းစာတို့ဖြစ်ကြသည်။

ထိုလေးမျိုးတွင် ပါဌ်ကျမ်း-ဆိုသည်မှာ မြန်မာဘာသာ မဖက် မူရင်းပါဠိသက်သက်ဖြင့် ရေးဖွဲ့ထားသော ကျမ်းမျိုးကို ဆိုလိုသည်။

နိသျကျမ်း-ဆိုသည်မှာ ပါဌ်တချက် အနက်တချက် နည်းဖြင့် မြန်မာဘာသာ ပြန်ဆိုသော ကျမ်းမျိုးကိုဆိုလိုသည်။
ယင်းကို နိသျပြန်ဟု ခေါ်ကြသည်။

မြန်မာပြန်-ဆိုသည်မှာ ပိဋကတ်ပါဠိတကျမ်းကို ပါဠိမဖက် မြန်မာဘာသာသက်သက်ဖြင့် ပြန်ဆိုထားသော ကျမ်းမျိုးကို ဆိုလိုသည်။ ယင်းပြန်နည်းကို ပါဌ်လျှောက်ပြန်ဟု ခေါ်ကြသည်။

ကဗျာလင်္ကာ-ဆိုသည်မှာ ယင်းပါဠိကျမ်းများလာ အဓိပ္ပါယ်ကိုယူ၍ ကဗျာလင်္ကာဖြင့် ဖွဲ့ဆိုထားသော ကျမ်းမျိုးကို ဆိုလိုသည်။

ဥပမာ-မင်္ဂလသုတ်လာ အဓိပ္ပါယ်ကို ယူ၍ သံပေါက်ကဗျာဖြင့် ဖွဲ့ဆိုသော မင်္ဂလာသံပေါက်၊ ပျို့လင်္ကာဖြင့် ဖွဲ့ဆိုသော မင်္ဂလသုတ်ပျို့ စသည်တို့ဖြစ်သည်။
တနည်းအားဖြင့်-ဘူရိဒတ် ဇာတ်အဋ္ဌကထာ တကျမ်းတည်းက
၁။ ဘူရိဒတ္တဇာတက အဋ္ဌကထာပါဌ်၊
၂။ ဘူရိဒတၱဇာတက အ႒ကထာနိသ်၊
၃။ ဘူရိဒတ္တ ဇာတက အဋ္ဌကထာ မြန်မာပြန်နှင့်
၎။ ဘူရိဒတ္တ ဇာတက ပျို့-ဟူ၍ ကျမ်းလေးမျိုး ပွားထွက်လာနိုင်သည်ကို ဆိုလိုသည်။

အဋ္ဌကထာ ဋီကာကျမ်းများနှင့် ပတ်သက်၍ လက်သန်းအဋ္ဌကထာနှင့် လက်သန်းဋီကာများအကြောင်းကိုလည်း သိရှိထားသင့်သည်။ လက်သန်းအဋ္ဌကထာ ဆိုသည်မှာ အဋ္ဌကထာကြီးများကဲ့သို့ မူရင်းပါဠိတော် တကျမ်းလုံးကို အစအဆုံး သိမ်းကျုံးဖွင့်ဆိုသော အဋ္ဌကထာမျိုးမဟုတ်။ မူရင်းပါဠိတော်လာ ခေါင်းစဉ်အကြောင်းအရာ တရပ်ရပ်ကို မူရင်းပါဠိတော်စကားမှ တည်ပုဒ်ကို မထည့်သွင်းတော့ပဲ မိမိနားလည်သလို မိမိစကားဖြင့် အလွတ်ရှင်းပြသော အဋ္ဌကထာအသေးစားကို ခေါ်ခြင်းဖြစ်သည်။
ဥပမာ-သစ္စသင်္ခေပ အဋ္ဌကထာ ကဲ့သို့သော ကျမ်းမျိုးဖြစ်သည်။ ယင်းလက်သန်းအဋ္ဌကထာမျိုးကို ထပ်ဆင့်ဖွင့်ပြသော ကျမ်းမျိုးကို လက်သန်းအဋ္ဌကထာဋီကာ-ဟု ခေါ်ကြသည်။

ဤကား ပိဋကတ်ကျမ်းစာများနှင့် ပတ်သက်၍ မြန်မာမှုနယ်ပယ်တွင် သိမထားလျှင် မဖြစ်ဟု ဆိုနိုင်လောက်အောင် အရေးကြီးသော အခြေခံအကျဆုံးကျမ်း အမျိုးအစားများ ဖြစ်ပေသည်။ ပါဠိနှင့် ပိဋကတ်စာပေကို လေ့လာလိုက်စားသူများသည် အထက်ပါကျမ်းအမျိုးအစားကို သိရှိထားမှသာလျှင် ရှင်းလင်းလွယ်ကူစွာ နားလည်သဘောပေါက်ကြမည်ဖြစ်သည်။

No comments: