Friday, August 7, 2009

ဆေးဆရာ၏ ဒေါသ

ဗာရာဏသီပြည်၌ ကာသိကရာဇ်မင်း နန်းစံချိန်က ဖြစ်သည်။ ဆေးပညာအတတ်၌ တဖက်ကမ်းခပ် တတ်မြောက်သော ဆေးဆရာတဦး ပေါ်ပေါက်ခဲ့သည်။ ၄င်းဆေးဆရာသည် တိုင်းပြည်အနှံ့ လှည့်လည်၍ ဆေးကုသခြင်းအမှုကို ပြု၏။ သူကုသသော လူနာများမှာ ဝေဒနာသက်သာပျောက်ကင်းသူ များပြားခဲ့သည်။ ရွာတရွာသို့ ရောက်သောအခါ မျက်မမြင် အမျိုးသမီး တယောက်ကို တွေ့၏။ ထိုအခါ ဆေးဆရာက-

နှမငယ် ကျွန်ုပ် အသင့်ကို မျက်စိမြင်အောင် ကုသခဲ့သော် ဆေးဖိုးမည်မျှ ပေးမည်နည်း-ဟု စကားဆို၏။
မျက်မမြင် အမျိုးသမီးက အမောင်ဆေးဆရာ ကျွန်မမျက်စိ မူလအတိုင်း အလင်းရခဲ့ပါက ကျွန်မသည် အမောင်၏အိမ်၌ ကျွန်အဖြစ် အသက်ထက်ဆုံး နေပါမည်-ဟု ဆိုလေသည်။

ဆေးဆရာက-နှမငယ် သင့်ကတိအတိုင်း တည်ပေလော့၊ ကျွန်ုပ်အစွမ်းကုန် ကုသပေးမည်-ဟု ဆိုကာ မျက်မမြင် အမျိုးသမီး၏ မျက်စိကို စမ်းသပ်ကြည့်ရှုလေသည်။ ထို့နောက် သူဖော်စပ်ထားသော ဆေးကို ခတ်ပေးလိုက်ရာ မျက်စိသည် ပကတိအလင်းသို့ ရရှိလေသည်။

ဤသို့ မျက်စိနှစ်ကွင်း အလင်းရသောအခါ မျက်မမြင် အမျိုးသမီး၏စိတ်၌-
ငါသည် ဆေးဆရာအား ၀န်ခံကတိပေးခဲ့မိလေပြီ။ တသက်ပတ်လုံး ဆေးဆရာ၏ ကျွန်အဖြစ်နေ၍ ဆင်းရဲခြင်းသို့ ရောက်ရမည်။ မမြင်ဟန်ဆောင်ကာ လှည့်စားအံ့-ဟု ကြံမိလေတော့သည်။

ဆေးဆရာက- နှမငယ် အသင့်မျက်စိ အကောင်းပကတိအတိုင်း မြင်ရပြီမဟုတ်လော-ဟု မေးရာ မျက်မမြင် အမျိုးသမီးက-
ဆရာ ရှေးအခါက ကျွန်မ၏မျက်စိတို့သည် အနည်းငယ်သာ နာကျင်ပါ၏။ ယခုကား အလင်းအာရုံ မရရှိသည့်ပြင် အလွန်နာကျင်လှပါသည်-ဟု လိမ်ညာပြောဆိုလေသည်။

ထိုအခါ ဆေးဆရာသည် မျက်စိမြင်သော်လည်း ဆေးဖိုးဝါးခအဖြစ် တသက်ပတ်လုံး ကျွန်အဖြစ် မနေလို၍ လိမ်ညာမှန်းသိရာ မျက်မမြင်အမျိုးသမီးအား မျက်စိကန်းအောင် ပြုမည်ဟု မကောင်းစိတ် ၀င်မိလေသည်။ ဆေးဆရာသည် အိမ်သို့ပြန်ပြီး ဆေးတမျိုးဖော်စပ်ကာ မျက်မမြင်အမျိုးသမီးအား နှမငယ်-အသင် ဤဆေးကို ခတ်ကြည့်ပါ။ အသင့်မျက်စိ နာကျင်မှု သက်သာလာသည့်ပြင် မျက်စိအလင်းပါ ရပါလိမ့်မည်-ဟု ပြောဆိုလေသည်။ မျက်မမြင် အမျိုးသမီးလည်း ဆေးဆရာဆိုသည့်အတိုင်း ခတ်လိုက်သော် မျက်စိတို့သည် ဆီမီးလျှံကဲ့သို့ တောက်လောင်ကာ မျက်စိကန်းသွားလေတော့သည်။

ထိုဆေးဆရာကား ဘ၀ပေါင်းမြောက်မြားစွာကို ကျော်လွန်ပြီးနောက် ဂေါတမဘုရားရှင်လက်ထက် မဟာပါလမထေရ် ဖြစ်လာခဲ့သည်။ ရှေးက၀ဋ်ကြွေးကြောင့် မျက်စိကွယ်ပြီးမှ ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ရသည်။ ထို့ကြောင့် ဂေါတမဘုရားရှင်လက်ထက်၌ မဟာပါလမထေရ် (ခေါ်) စက္ခုပါလမထေရ်ဟု ရဟန္တာအဖြစ် ထင်ရှားခဲ့လေသည်။
အကိုး။ ။ ဓမ္မပဒ

( စံသူမြတ်-သုံးဆယ် )

No comments: