Friday, August 7, 2009

ဗိုက်ဆာပြီဆိုရင်

အမေ-- ထမင်းဆာတယ်၊ ဟင်းကျက်ပြီလား၊
ကျွန်တော်သည် ထမင်းဆာသဖြင့် ကျောင်းမှပြေး၍ လာခဲ့သည်။ အိမ်ရောက်သောအခါ ပို၍ဆာလာသဖြင့် ရောက်ရောက်ချင်း အိမ်တံခါးဝမှနေ၍ မေမေ့ကို လှမ်းမေးလိုက်ပါသည်။

ကျက်ပါပြီ သားရယ်၊ ကြောင်အိမ်ထဲမှာ ငါးကြော်ထားတယ်-ဟု အမေက ပြန်ပြောပါသည်။ ငါးကြော် ဆိုသည့် အမေ့စကားကြောင့် ကျွန်တော် စိတ်ပျက်သွားသည်။ ငါးကြော်ကို ကျွန်တော် လုံးဝမကြိုက်။

ဟာဗျာ-တခြားဟင်း မရှိဘူးလား၊ ဒီငါးကြော်ကြီး မကြိုက်ပါဘူး။
ဟဲ့-သားရယ်၊ ဆာရင် ဘာနဲ့မဆို စားလို့ဝင်တာပဲ၊ အမေကြော်ထားတဲ့ ငါးကြော်ကိုလည်း စားကြည့်ပါဦး-ဟု အမေက သူ့ငါးကြော်ကို ချီးမွမ်းနေသည်။ ကျွန်တော် အမေ့ကို မကျေမနပ်ဖြစ်နေပါသည်။ ထမင်းမစားတော့ဟု ကျွန်တော် စိတ်ဆုံးဖြတ်ပြီး အိမ်ပေါ်မှ ဆင်းခဲ့သည်။

လမ်းထိပ်ရောက်သောအခါ ကျော်မောင်တို့ အိမ်သို့သွားဖို့ ဆုံးဖြတ်လိုက်သည်။ ကျော်မောင်နှင့် ကျွန်တော်မှာ သူငယ်ချင်းဖြစ်ပြီး သူက တလမ်းကျော်တွင်နေပါသည်။
ဟေ့--ကျော်မောင်ရေ ကျော်မောင်၊
ကျွန်တော် တကြော်ကြော်ခေါ်တော့ ကျော်မောင် နောက်ဖေးမှ ပြေးထွက်လာသည်။
မင်း ထမင်းစားပြီးပြီလား-ဟု ကျော်မောင်က မေးရာ စားပြီးပြီ-ဟု ကျွန်တော်လိမ်ပြောလိုက်သော်လည်း ဗိုက်က အလွန်ဆာနေသည်။

နောက်ဖေးလာလေကွာ၊ ထမင်းစားရင်း စကားပြောရအောင်-ဟု ကျော်မောင်က ခေါ်၍ ကျွန်တော် နောက်ဖေးသို့ လိုက်ဝင်သွားပါသည်။
ငါ့အဖေ နှင့် အမေက ညမှဆိုင်သိမ်းတာကွ၊ ငါဆာပြီဆိုရင် အဖေနှင့်အမေကို ဦးချပြီး စားနဲ့တာပဲ။ ဒီနေ့တော့ အိမ်မှာ ငါးပိရည်နဲ့ ပဲပြုတ်က အဓိက ဟင်းကွ၊ ငါ စီစဉ်ထားတာ၊ စားလို့သိပ်ကောင်းတယ်-ဟု ဆိုကာ ရယ်မောပြောရင်း ကျော်မောင်သည် ထမင်းကို ငါးပိရည်ဆမ်း၍ ပဲပြုတ်နှင့် အားရပါးရ စားနေပါသည်။ ကျွန်တော်သည် ကျော်မောင် ထမင်းစားသည်ကို စိုက်ကြည့်နေမိသည်။ ပဲပြုတ်နှင့် ငါးပိရည်ကို အလွန်ခံတွင်းတွေ့နေပုံရသော ကျော်မောင်ကို အံ့သြနေမိသည်။ တဆက်တည်းမှာပင် အမေပြောသော ငါးကြော်ကို သတိရမိသွားသည်။

ငါတော့ ပြန်တော့မယ်ကွာ-ဟု ရုတ်တရက် ပြောရင်း ကျွန်တော် ထပြန်လာခဲ့သည်။ အိမ်ရောက်သောအခါ ဖေဖေ ပြန်ရောက်နေသည်ကို တွေ့ရသည်။ ဖေဖေက ထမင်းစားနေပြီး မေမေက နံဘေးတွင် ထိုင်နေပါသည်။
ကျွန်တော်လည်း ဆာတယ်မေမေ၊ စားတော့မယ်-ဟု ဆိုကာ ကျွန်တော်သည် မေမေချက်သော ထမင်းနှင့်ဟင်းကို အားပါးတရ ထည့်စားသောအခါ အမေက ပြုံး၍ ကြည့်နေပါတော့သည်။

( မြေရိုင်း )

No comments: