Wednesday, August 19, 2009

ဒါန-သီလ-ဘာဝနာနှင့် သံသရာခရီး

ရုပ်နာမ်တို့၏ ပစ္စည်းဆက်နေပုံ မပြတ်သမျှ ဒုက္ခ၀ဋ်ဗွေ ကရွတ်ခွေတွင် သတ္တ၀ါအားလုံးသည် သံသရာ၌ တ၀ဲလည်လည် ဖြစ်နေကြသည်။ ဓာတ်တွေ ပရမတ်တွေ အဆက်မပြတ် ဖြစ်ပျက်နေသော ခန္ဓာငါးပါးရှိနေကြသည်။ ယင်းခန္ဓာငါးပါးက လွတ်လျှင် သံသရာဝဋ်က လွတ်နိုင်သည်။ မြတ်ဗုဒ္ဓက ခန္ဓာငါးပါးကို ရောဂါအမျိုးမျိုး သိုလှောင်ရာ တိုက်ကြီးအဖြစ် ဟောတော်မူခဲ့သည်။ သူသတ်သမားနှင့်တူသည်။ လှံသွားနှင့် တူသည်။ တံကျင်နှင့် တူသည်ဟု အမျိုးမျိုးဥပမာပြ၍ ခန္ဓာ၏အပြစ်များကို သုတ္တန်အမျိုးမျိုးတို့တွင် ဖော်ပြခဲ့သည်။

ခန္ဓာကို ဥဏှတေဇော အပူနာကလည်း နှိပ်စက်၏။ သီတတေဇော အအေးနာကလည်း နှိပ်စက်၏။ ရူပက္ခန္ဓာမှာပါသော ၀ါယောကလည်း လေရောဂါအဖြစ် နှိပ်စက်၏။ ၀ိညာဏက္ခန္ဓာကလည်း နှိပ်စက်၏။ ထိုနှိပ်စက်မှုများ ပေါ့အောင် ပျောက်အောင် လွတ်ကင်းအောင် နည်းအမျိုးမျိုးကိုလည်း သတ္တ၀ါတို့၏ အဇ္ဈာသယနှင့်ညီအောင် အစုံအလင်ညွှန်ကြားတော်မူခဲ့၏။ ကျွန်ုပ်တို့ ထေရ၀ါဒ ဗုဒ္ဓဘာသာများသည် ကံကောင်းထောက်မ၍ လူ့ဘ၀ရကြရာတွင် ငယ်စဉ်ကပင် ထိုတရားများနှင့် နီးစပ်ခဲ့၏။ မိဘဘိုးဘွားများက ဆင်းသက်ပြီး အတုမြင်အတတ်သင် ဖြစ်ခဲ့ကြ၏။ သိသည့်အတိုင်းလည်း တတ်အားသမျှ ကျင့်ဆောင်ကြ၏။ ယင်းတရားကိုယ်သုံးပါးမှာ ဒါန သီလ ဘာဝနာ ဖြစ်၏။

ယခု မြင်မြင်သမျှ သတ္တ၀ါအားလုံးသည် တဘ၀တည်းနှင့် ၀ဋ်ဒုက္ခကိစ္စတွေပြတ်၍ သံသရာဝဋ်မှ အများအားဖြင့် ကျွတ်လွတ်ကြဦးမည်မဟုတ်။ သံသရာခရီးသွားအဖြစ် ဘ၀ပေါင်းများစွာ ကျင်လည်ကြရဦးမည်။ ထိုသို့ ကျင်လည်သောအခါ အထက်တန်းစားအဖြစ်နှင့် ချမ်းသာလွယ်ကူစွာ နေနိုင်အောင် ဗုဒ္ဓတရားတော်များနှင့် နီးစပ်ပြီး မပင်မပန်း တတ်သိနားလည် ကျင့်ကြံနိုင်အောင် ကောင်းမှုကုသိုလ်တရားများ ရင်းနှီးထားရန် များစွာလိုအပ်ပေသည်။

အစစ အဆင်ပြေသော ဘ၀ကောင်းကိုရရန် ပေးလှူခြင်း ဒါနနှင့် ရင်းနှီးခြင်းသည် သံသရာအတွက် သုံးမကုန်နိုင်သော ရွှေအိုးကြီး ဖြစ်လေသည်။ တန်ဖိုးအနည်းအများသည် ပဓာနမဟုတ်၊ မှန်ကန်မွန်မြတ်သော စိတ်စေတနာ အရင်းခံ၍ စင်ကြယ်သော အကျင့်ကောင်းရှိသူများကို လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်းသာ အဓိကဖြစ်လေသည်။ စင်ကြယ်ရိုသေသောစိတ်နှင့် လှူဒါန်းခြင်းဒါနကြောင့် ညောင်စေ့လောက်အလှူသည်
ညောင်ပင်ကြီးတမျှ ခံစားရသည်ကို သုတ္တန်တရားတော်များတွင် အထင်အရှားရှိပေသည်။

သီလကုသိုလ်သည်လည်း အဓိကကျပြီး အလွန်လိုအပ်သော ကောင်းမှုဖြစ်၏။ သီလကိုစင်ကြယ်စွာ စောင့်ထိန်းပြီး မကျိုးမပေါက် မကြားအောင် ထိန်းသိမ်းနိုင်သောသူသည် သံသရာတလျှောက်လုံး အဆင်းလှခြင်း၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ အင်အားကြီးခြင်း စသော မရေတွက်နိုင်သော အကျိုးများကို ရရှိနိုင်ပေသည်။

ထို့နောက် အခက်ဆုံး အဖိုးတန်ဆုံး အဓိကအကျဆုံးမှာ ဘာဝနာကမ္မဋ္ဌာန်း ပွားများရေးဖြစ်၏။ ဘ၀များစွာ လွှတ်ထားသောစိတ်ရိုင်းကို ထိန်းချုပ်ပြီး တည်ကြည်ခိုင်မြဲသော သမာဓိ၊ ပညာလုပ်ငန်းကို ထူထောင်ရန်မှာ လူသာမန်တို့၏ လုံ့လ ၀ီရိယ ဇွဲမျိုးနှင့် ခက်ခဲလှသောအလုပ်ဖြစ်သည်။ အရိုးကြေကြေ အရေခန်းခန်း ပင်ပန်းပါစေ၊ သာသနာတော်နှင့် ကြုံကြိုက်ခိုက်တွင် မဖြစ်မနေ ကြိုးစားမည်ဟူသော သမ္မပ္ပဒါန်စိတ်ဓာတ်နှင့် ကျင့်ပါက ခုနှစ်ရက် ခုနှစ်လ ခုနှစ်နှစ်နှင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရနိုင်သည်ဟု မြတ်ဗုဒ္ဓကိုယ်တော်တိုင် သတိပဋ္ဌာန်တွင် အာမခံထားသည်။

ကျင့်ကြံအားထုတ်၍ အဆင့်အတန်း အတော်အတန် ရလာသောအခါ ကြက်ဥနှင့် ကြက်ငယ်ပုံစံကို သတိရပြီး မလစ်ဟင်းအောင် အားထုတ်ရန် လိုပါ၏။ ကြက်ဥ၏ ပေါက်အံ့သော ကြက်ငယ် ဧကန်ရှိသော်လည်း ကြက်မကြီး၏ ၀ပ်ကျင်းကို မရလျှင် ကြက်ဥပုပ်၍ ပျက်သကဲ့သို့ နာမ်ရုပ်ခွဲခြားမှုကို သုတမယဉာဏ်ဖြင့် သိသော်လည်း ဘာဝနာကို စွဲစွဲမြဲမြဲ မပြုလုပ်လျှင် သိရှိပြီး သုတမယဉာဏ်ပင် ထင်ရှားမပေါ်ဘဲ မြုပ်တတ်သည်ကို သတိပြုရန် လိုအပ်လှပေသည်။ ထို့ကြောင့် ဓမ္မမိတ်ဆွေများသည် တဆင့်ထက်တဆင့် ရင်သထက်ရင့်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေဟု ပတ္ထနာပြုလိုက်ရပါသတည်း။

No comments: