Friday, August 14, 2009

ရှက်စိတ်

အသိမြင့်လာတဲ့ တိရစ္ဆာန်တွေမှာတောင် တချို့ရှက်စိတ်ရှိတတ်ကြပါတယ်။ အပေါ့အပါးသွားရင် လူမမြင်အောင် သွားတတ်ကြတဲ့ ကြောင်ကလေး၊ ခွေးကလေးများဟာ ရှက်စိတ်ကြောင့် ဖြစ်ပါတယ်။ အသိပိုမြင့်တဲ့လူတွေမှာ ရှက်စိတ်ဟာ ရှိသင့်တဲ့အရာပါ။ ဒီလိုဆိုရင် ရှက်စိတ်မရှိသူတွေကို အသိနည်းတဲ့သူတွေလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

လူတွေမှာတောင် အသိဉာဏ်ပေါ်လိုက်ပြီး ရှက်စိတ်အတိုင်းအဆ ကွာကြပါသေးတယ်။ အရက်မူးပြီး လမ်းဘေးတွေ့ကရာ အပေါ့သွားတဲ့ လူတန်းစားနဲ့ ရေအိမ်ထဲရောက်တဲ့အထိ ဆီးအောင့်ပြီး-သွားတဲ့ လူတန်းစား နှိုင်းယှဉ်နိုင်ပါတယ်။ အပေါ့ကလေးသွားတာတောင်မှ ရှက်စိတ်က လူ့အသိအခြေခံကို ခွဲခြားပေးထားရင် တခြားဒီထက်ပိုပြီး ရှက်စရာကောင်းတဲ့ အခြေအနေတွေမှာ ပိုပြီး သိသာထင်ရှားပါတယ်။ အဆင့်အတန်းမြင့်လာရင် ရာထူးကြီးလာရင် ဂုဏ်ဒြပ်တွေ ပိုလာရင် ရှက်စိတ် ပိုလာသင့်တာ သဘာဝတခုပါ။ ကိုယ့်အဆင့်အတန်းနှင့် ဆန့်ကျင်ပြီး ရှက်စိတ်နည်းရင်တော့ ကံ-အကျိုးပေးကြောင့် ဖြစ်ထွန်းတာကလွဲပြီး အဆင့်မရှိသူ-ဖြစ်သွားမှာပါ။

ရှက်စိတ်ဟာ ကြောက်စိတ်-မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းနဲ့ အသိဆိုင်ရာ အဆင့်အတန်းကို ဖော်ပြတဲ့ လက္ခဏာတရပ်သာ ဖြစ်ပါတယ်။ အရာရာမှာ သာမန်ထက်ပိုတဲ့ ရှက်စိတ်တော့လည်း မထားသင့်ဘူးပေါ့။ လက်ရှိ လူမှုဝန်းကျင် လက်ခံနိုင်တဲ့ ရှက်စိတ်မျိုးလောက်တော့လည်း အခြေခံအားဖြင့် ရှိသင့်ပြန်ပါတယ်။

မတော်ရာ ရှက်စိတ်-
တချို့ မတော်ရာထားတဲ့ စိတ်ပိုင်ရှင်တွေ အများကြီး တွေ့ဖူးပါတယ်။ လူရှေ့မှာ မခုတ်တတ်တဲ့ ကြောင်လို ရှက်စိတ်ထားပြတတ်ကြပြီး လူ့တာဝန်မကျေသူတွေ အများကြီးရှိနေပါတယ်။ မိခင်ကောင်းတယောက်၊ ဖခင်ကောင်းတယောက်၊ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်ကောင်း တယောက်အဖြစ် အရည်အချင်း မရှိတာက တကယ့်ရှက်ရမယ့် အရာဖြစ်ပြီး အဲဒါကို မရှက်တတ်ကြတဲ့သူတွေ အများကြီး ဖြစ်ပါတယ်။ ဘာမှမလုပ်ဘဲ အိမ်မှာ ထိုင်လို့ သားသမီးတွေ ငတ်ကြတာကို မရှက်ဘဲ၊ အခြေခံ အလုပ်လုပ်ရမှာကို ရှက်တတ်ကြတဲ့သူတွေဟာ မတော်ရာ ရှက်စိတ်ထားကြတဲ့သူတွေပါ။

ကံ-ပေးလို့ပဲဖြစ်ဖြစ်၊ အခြေအနေ သာလို့ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်လာကြသူတွေမှာလည်း ခေါင်းဆောင်တဦးရဲ့ အရည်အချင်း မပြည့်ဝရင်၊ အကြံဉာဏ်ကောင်းကို ယူရမှာ စိုးရွံ့နေရင် တကယ်ရှက်ရမယ့် ရှက်စိတ်ဖြစ်ပါတယ်။ လုပ်ငန်းရှင်တဦးကို တွေ့ဖူးပါတယ်။ သူ မန်နေဂျာတဦးရဲ့ ထက်မြက်တဲ့ အစွမ်းအစကိုလည်း သတိပြုမိပါတယ်။ အစည်းအဝေးတခုမှာ အဲဒီလုပ်ငန်းရှင် အဆုံးအဖြတ်က မှားနေတယ်ဆိုတာလည်း သိသာပါတယ်။ မန်နေဂျာက ပေးတဲ့ အကြံဉာဏ်က ပိုပြီးသင့်လျော်နေတယ်ဆိုတာလည်း အားလုံးသိပါတယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းရှင်က သူ့မန်နေဂျာပေးတဲ့ အကြံကို မယူခဲ့ပါဘူး။ ယူမိရင် ရှက်ရမှာမို့ ထင်ပါတယ်။ ရှက်စရာမလိုတဲ့ နေရာမှာ ရှက်တာလို့ပဲ သုံးသပ်ရပါတယ်။ အဆုံးအဖြတ်မှားတာ များလာတော့ အဲဒီလုပ်ငန်းရှင်ရဲ့ လုပ်ငန်းတွေ တဖြည်းဖြည်း ကျဆင်းလာပါတယ်။ အဲဒီမန်နေဂျာလည်း အလုပ်က ထွက်သွားရှာပါတယ်။ မရောင်ရာ ဆီလူးတဲ့စိတ်ပါ။ အသိပညာ အလွန်နဲတဲ့ ရှက်စိတ်ပါ။

ခါမိခါဇေ-
တချိန်က ဂျပန်တွေ ကိုယ့်ကိုကိုယ် သတ်သေကြတဲ့ ခါမိခါဇေဆိုတာကို သတိမူမိကြမှာပါ။ လုပ်ငန်းတခုကို မအောင်မြင်တဲ့အခါမှာ ခါမိခါဇေလုပ်ကြတာ များပါတယ်။ ရှက်စိတ်ကြောင့်ပါ။ (၁၉၉၇) အာရှစီးပွားရေး ကပ်ဆိုကတော့ ကြွေးဝိုင်းသူတွေ၊ ပတ်ဝန်းကျင်ကို မျက်နှာမပြနိုင်သူတွေ၊ တော်တော်များများ သတ်သေကြပါတယ်။ ရှက်စိတ်ကြောင့်ပဲ ဖြစ်ပါတယ်။ အမူးသမား ပုဆိုးကွင်းသိုင်းရာမှာ ရှက်စိတ်မဖြစ်တာ မဆန်းပေမယ့် မိခင်ဖခင်တွေဖြစ်ပြီး တာဝန်မကျေသူတွေရှက်စိတ်မဖြစ်ကြတာ အံ့သြစရာဖြစ်ပါတယ်။ အဲသလိုပါပဲ၊ သားသမီးတွေဖြစ်ရဲ့သားနဲ့ မိဘအပေါ် သားကောင်းသမီးကောင်း မဖြစ်တာလည်း ရှက်တတ်ရင် ရှက်စရာပါ။ ဒီထက်ပိုတွေးကြည့်ရင် နိုင်ငံတနိုင်ငံအတွက် ဘာမှလုပ်မပေးနိုင်သူတွေ၊ ဖျက်ဆီးသူတွေဟာလည်း နိုင်ငံသား မပီသလို့ ရှက်စိတ်ဖြစ်သင့်ပါတယ်။

ရှက်တတ်မှ လူဖြစ်တယ်-
ငယ်ငယ်က ဆရာတော်ကြီးတွေ ဟောခဲ့တဲ့ စကားတခွန်းကို အမှတ်ရမိတယ်။ သေတတ်ပါစေ-တဲ့။ အသိမကြွယ်ခင်က သေတာပဲ-ဆန်းတာမှတ်လို့ ဘယ်လိုသေရဦးမယ်လို့ တွေးမိပါတယ်။ အရွယ်နည်းနည်းရလာတော့ သေတတ်ဖို့အရေးကြီးတယ်ဆိုတာ သိလာပါတယ်။ ထပ်ပြီး အရွယ်ရလာပြန်တော့ မသေခင် ရှက်တတ်ဖို့လည်း လိုဦးမယ်လို့ ဖြန့်ကြက်တွေးမိလာပြန်ပါတယ်။ သက်ရှိဘ၀မှာ တိရစ္ဆာန်အဖြစ် အရှက်မရှိတာ မထောင်းသာပေမယ့် လူဖြစ်ရက်နဲ့ အရှက်မရှိသူတွေ အများကြီးတွေ့ရပါတယ်။ မရှက်တတ်ရင် ဘ၀မတိုးတက်ပါဘူး။ အသိနည်းသူနဲ့ စိတ်ဓာတ်အောက်တန်းကျသူတွေမှာ အရှက်နည်းကြပါတယ်။ အရှက်နည်းသူတွေဟာ အောက်တန်းကျတဲ့သူ ဖြစ်တယ်ဆိုတာတော့ သိထားဖို့ ကောင်းပါတယ်။

အခြေခံရှက်စိတ်-
လူမှုဝန်းကျင်က ရှက်စိတ်အခြေခံကို သတ်မှတ်မထားပေမယ့် ကျင်လည်ရာဝန်းကျင်က လက်ခံနိုင်မယ့် အခြေခံရှက်စိတ်တော့ ရှိသင့်ကြဖို့ ဖြစ်ပါတယ်။ အာဖရိကနိုင်ငံတွေမှာ ကိုယ်အပေါ်ဗလာတာ ယဉ်ကျေးမှုတရပ်ဖြစ်လို့ အဲဒီအတွက် ရှက်စိတ်မဖြစ်တတ်ကြပေမယ့် အရှေ့ဘက်နိုင်ငံတွေမှာ လုံလုံလဲလဲတော့ ရှိဖို့လိုမှာပါ။ အနောက်နိုင်ငံရဲ့ လူမှုရေးနယ်ပယ်တချို့မှာက အိမ်ထောင်ရှင်ချင်း သော့လဲပြီး အပျော်ဖလှယ်ကြတာ မဆန်းပေမယ့် ဗုဒ္ဓဘာသာကြီးစိုးတဲ့ နိုင်ငံတွေမှာ ကာမပိုင်ဆိုတာ ထားကိုထားရမယ့် ရှက်စိတ်တခု ဖြစ်ပါတယ်။

အနောက်နိုင်ငံမှာ အရွယ်ရောက်တာနဲ့ မိဘချမ်းသာမှုကို မမှီခိုဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ကြိုးစားရပ်ကြတာဟာ အလွန်ကောင်းတဲ့ အလေ့အထဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေး တဦးချင်း မြင့်လာတာနဲ့ တိုင်းပြည်ပါ တိုးတက်လာပါတယ်။ အရှေ့ဘက်နိုင်ငံတွေမှာတော့ သားသမီးအရွယ်လွန်တဲ့အထိ ကျွေးမွေးထားကြတာ၊ အလုပ်မလုပ်ကြတာဟာ ထားသင့်တဲ့ ရှက်စိတ်ဖြစ်ပါတယ်။ အလုပ်ဆိုတာ ဆင်းရဲရဲ ချမ်းသာသာ လုပ်ကိုလုပ်သင့်ပါတယ်။ မှီခိုလွန်တာဟာ အခြေခံရှက်စိတ် ဖြစ်သင့်ပါတယ်။

မိတ်ဆွေတဦးကို တွေ့ဖူးပါတယ်။ ဂေါက်ကစားရာမှာ သောင်းနဲ့ သိန်းနဲ့ချီပြီးအကုန်ခံသလောက် အိမ်ရှင်မက ဈေးနှုန်းကာမိအောင် တလငါးထောင်လောက် ပိုတောင်းတာကို မပေးခဲ့တာ သတိရမိနေပါတယ်။ မြန်မာပြည်မှာ ယောက်ျားတွေ အရည်အချင်း ရှိရှိ-မရှိရှိ အိမ်ထောင်ဦးစီးဆိုတဲ့ သမိုင်းပေးတလွဲရာထူးနဲ့ အိမ်ထောင်ဖက်ကို အနိုင်ကျင့်ကြတာလည်း ထားတတ်ရင် ရှက်စိတ်ထဲက တခုပါပဲ။

တလွဲရှက်စိတ်-
ထားသင့်တဲ့ရှက်စိတ်ကို မထားဘဲ၊ မထားသင့်တဲ့ ရှက်စိတ် ထားကြသူတွေ အများကြီးပါ။ ဘုရားရှင်လက်ထက်က ရာထူးမပေး ဦးစားမပေးလို့ ရှက်ညှိုးဖွဲ့ခဲ့တဲ့ ဒေ၀ဒတ်ဟာ တလွဲရှက်စိတ်ထားတဲ့သူပါ။ ကိုယ့်အရည်အချင်း အမှန်ကိုတောင် မသုံးသပ်နိုင်တဲ့သူ ဖြစ်လို့ ရှက်စိတ်တလွဲဖြစ်တာလဲ မဆန်းပါဘူး။ အဲဒီတလွဲရှက်စိတ်ကြောင့်ပဲ ဘုရားရှင်ကို အမျိုးမျိုးလုပ်ကြံပြီး နောက်ဆုံးမြေမျိုးခံသွားရပါတယ်။

မြန်မာရာဇ၀င်မှာ စစ်ထွက်ခါနီး သတ္တိကိုစမ်းတော့ လက်ထိပ်အပ်စိုက်ပြီး လူရွေးတာကို အမှတ်ရမှာပါ။ နည်းနည်းတွန့်သွားလို့ စစ်ပွဲအတွက် လူမရွေးတော့ ရှက်ပြီး ကိယ်ဗိုက်ကိုယ်ဖောက် အထဲက အူအစုံ ဆွဲထုတ်ပြခဲ့တဲ့ ဖြစ်ရပ်ကို မြန်မာရာဇ၀င်မှာ ငယ်ငယ်က သင်ခဲ့ရဖူးပါတယ်။ ရှက်စိတ်ကြောင့် ဖြစ်ခဲ့တာပါ။ တလွဲထားတဲ့ ရှက်စိတ်ပါ။ သတ္တိမဟုတ်ဘူး။ မိုက်ရူးရဲတာ-လို့ မှတ်ချက်ပြုခံရတာ သေသွားရက်နဲ့တောင် ထပ်ရှက်လိုက်ရပါသေးတယ်။

ရောင့်ရဲတယ်ဆိုပြီး အပျင်းထူတာကို ဘာသာရေးနဲ့ ရောထွေးပစ်ချင်ကြတဲ့သူတွေ တကယ်တော့ အတော်ရှက်ဖို့ကောင်းပါတယ်။ ဘယ်နေရာမှာ ရောင့်ရဲတာလဲလို့ မေးချင်ပါတယ်။ အလုပ်လုပ်တဲ့နေရာမှာသာ ရောင့်ရဲကြ့ပီး ကျန်တဲ့နေရာတွေမှာ မရောင့်ရဲနိုင်တာကို တွေ့တတ်ကြပါလိမ့်မယ်။ ချောချောလှလှ အမျိုးသမီးမြင်ရင် ရောင့်ရဲစွာနဲ့ မကြည့်ဘဲ မျက်လွှာချသင့်ကြပါတယ်။ အစားအသောက် ကောင်းကောင်းမစားဘဲ ရောင့်ရဲသင့်ကြပါတယ်။ ငွေများများ မသုံးဘဲ အပျော်အပါးမှာ ရောင့်ရဲသင့်ကြပါတယ်။

လူနဲ့ ရှက်စိတ်-
လူတွေ မတော်ရင်သာ ရှိကြမယ်။ ရှက်စိတ်က ဖွားဖက်တော်လို ရှိသင့်ကြပါတယ်။ ဟီရိ သြတ္တပ္ပ-ဆိုတာ မကောင်းတာ မလုပ်သင့်တာကို လုပ်ရင် ရှက်တတ်၊ ကြောက်တတ်ရမယ်လို့ ဘုရားက ဟောထားပါတယ်။ ဘုရားဟောတွေ တော်တော်များများက လူတဦးချင်းရဲ့ အရည်အသွေး တိုးတက်ရာ တိုးတက်ကြောင်းတွေပါ။ လူဆိုတာ အသိမြင့် သတ္တ၀ါတမျိုးပါ။ အသိမြင့်ဖြစ်ရက်နဲ့ ရှက်စိတ်မရှိရင် ဘ၀ဆုတောင်းကောင်းခဲ့လို့ လူမည်ကာမတ္တဖြစ်တဲ့လူ လို့သာ ပြောနိုင်မယ်ထင်ပါတယ်။

ဘ၀တခုကို ကာလရှည် ဖြတ်သန်းလာရတဲ့ တလျှောက်မှာ သေးသေး ကြီးကြီး မရှက်တတ်သူ တော်တော်များများကို တွေ့ခဲ့ဖူးပါတယ်။ ရှက်စိတ်မရှိရင် အနာဂတ်ပျောက်ပါတယ်။ ဒါမှမဟုတ် အနာဂတ်ပျက်ပါတယ်။ ငွေကြေးဝန်ဆောင်မှုတွေ ပျက်စီးတဲ့အခါ လုပ်နည်းမမှန်လို့ ဖြစ်တာ စီးပွားရေး တကယ်နားလည်သူတွေ သိကြပါတယ်။ ကမ္ဘာ့သတင်းတခုမှာလည်း Sony ဆိုးဆိုးရွားရွား ကျဆင်းလာတော့ တာဝန်ရှိတဲ့ ဥက္ကဋ္ဌဖြစ်သူ Nobuyuku Idei-က အမေရိကန်နိုင်ငံသား Howard Stringer ကို ရာထူးလွှဲပေးလိုက်ပါတယ်။ အဲဒါ အနာဂတ် မပျက်ချင်လို့ ဖြစ်ပါတယ်။ Word Com တို့၊ Mather Stewafd တို့တော့ နောက်ဆုံးမိနစ်အထိ မဟုတ်တာလုပ်သွားလို့ CEO တွေ အနာဂတ်ပျက်ကြပါတယ်။ ရှက်စိတ်နည်းလို့ လို့ မှတ်ချက်ပြုရမှာ ဖြစ်ပါတယ်။

ဆိုက်ကားသမားတယောက်ရဲ့ အနာဂတ်ကို ဘယ်သူမှ စိတ်မ၀င်စားကြပေမယ့် အဖွဲ့အစည်း အကြီးကြီးရဲ့ အကြီးအကဲနဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ အနာဂတ်နဲ့ ရာဇ၀င်ကိုတော့ လူတွေ စိတ်ဝင်စားတတ်ကြပါတယ်။ ယူဂန္ဓာ သမ္မတဖြစ်လာတဲ့ အေဒီအာမင်-လို သေပြီးတဲ့နောက်ပိုင်းမှာတောင်မှ အနာဂတ်ပျက်စီးသွားတဲ့သူတွေ ရှိသလို ဂျော့ဝါရှင်တန်-လို ရာဇ၀င်ကောင်းတဲ့ သမ္မတတွေလည်း ရှိပါတယ်။ ကိုယ့်ရာဇ၀င် ကိုယ်ရေးကြတဲ့အခါ ရှက်စိတ်နည်းနည်းထည့်ရင် ရာဇ၀င် နည်းနည်းကောင်းနိုင်ကြပါတယ်။ ရှက်စိတ်ကပဲ လူကို ကောင်းလည်း ကောင်းစေပါတယ်။ တော်လည်း တော်စေပါတယ်။ လမ်းမှန်ကိုလည်း ဖြစ်စေပါတယ်။

ဒါကြောင့် သေတတ်ဖို့ လိုကြသလို အသက်ရှင်ဆဲကာလမှာလည်း ရှက်စိတ်ရှိတတ်ကြဖို့ လိုမယ်ထင်ပါတယ်။

( နေဇင်လတ် )
ရွှေအမြုတေ-၂၀၀၅-စက်တင်ဘာ ။

No comments: