Sunday, August 16, 2009

ကိုယ်တွေ့ကြုံရ သံဝေဂ

၂၀-၇-၉၈ နေ့ နံနက် ၉-နာရီခန့်တွင် ကျွန်မတာဝန်ကျသည့် ရွာသို့ ကျွန်မ၏အိမ်နားမှ မောင်ဇော်လင်းထွန်းနှင့် မောင်ခင်မောင်ကျော်တို့ လူငယ်နှစ်ဦး ရောက်လာကြပါသည်။ ကျွန်မသည် သူတို့ကိုမြင်သောအခါ ရုတ်တရက် ထိတ်လန့်သွားသည်။ မင်းတို့ဘာကိစ္စရှိလို့ လာကြတာလဲ၊ အမေရော နေကောင်းလား-ဟု ချက်ချင်းမေးမိပါသည်။ ထိုအခါ သူတို့က-ဆရာမအဖေက စာပေးခိုင်းလို့ လာပေးတာပါ-ဟု ပြောပါသည်။

ကျွန်မလည်း စာကိုယူ၍ ဖတ်လိုက်ရာ သမီး-ပညာရေးမှူးရုံးက ကျောင်းကိစ္စနဲ့ ပတ်သက်လို့ မှာစရာရှိတယ်ဆိုပြီး လူလွှတ်ခေါ်ခိုင်းလို့ အဖေ စာရေးပေးလိုက်တာ။ သူတို့နဲ့ ချက်ချင်းလိုက်ခဲ့ပါ-ဟူသော စာတိုကလေးပင် ဖြစ်သည်။
စာဖတ်ပြီးသောအခါ မင်းတို့ ဟုတ်ရဲ့လား၊ လိမ်ခေါ်တာလား၊ အိမ်ကလူတွေ နေကောင်းကြရဲ့လား-ဟု မေးမိသည်။ အားလုံး နေကောင်းကြပါတယ်-ဟုဖြေကြသည်။

ကျွန်မသည် တာဝန်ခံကျောင်းအုပ် လုပ်နေသဖြင့် ရုံးကိစ္စနှင့် ခေါ်သည်မှာ ဖြစ်နိုင်ပါသည်ဟူ၍ စဉ်းစားမိသည်။ ထို့နောက် ကျွန်မသည် သူတို့နှင့် တပါတည်း မြို့သို့လိုက်ခဲ့သည်။
မြို့သို့ရောက်သောအခါ လာခေါ်သော လူငယ်နှစ်ဦးက ကျွန်မအိမ်နား မရောက်ခင် အတင်း ကားပေါ်က ဆင်းရအောင်ပြောသဖြင့် ကျွန်မလည်း ဆင်းလိုက်ရပါသည်။

ကားထွက်သွားသောအခါ သူတို့က-ဆရာမ၊ စိတ်ခိုင်ခိုင်ထားပါ၊ ဆရာမ မောင်လေး မောင်သန်းထွဋ် ၁၉-၇-၉၈ နေ့က ၀က်မစွပ်ရွာကို တာဝန်နဲ့သွားရင်း ရေနစ်ပြီး ဆုံးလို့ လာခေါ်တာ-ဟု ပြောပြသည်။ ကျွန်မက-မယုံဘူး၊ မဖြစ်နိုင်ဘူး-ဟု ပြန်ပြောရင်း ချက်ချင်း ငိုလိုက်ပါသည်။ ထို့နောက် ကျွန်မကို အိမ်အရောက် မြင်းလှည်းနှင့် တင်ခေါ်သွားကြပါသည်။

အိမ်ရှေ့သို့ရောက်လျှင် မဖြစ်နိုင်ဘူး၊ မဟုတ်ပါစေနဲ့-ဟု ဆုတောင်းသည်မှာ အချည်းနှီးပင်။ ကျွန်မသည် မောင်လေးကို ဤသို့ ဖြစ်လိမ့်မည်ဟု လုံးဝ မထင်မိပါ။ စဉ်းလဲမစဉ်းစားမိပါ။ စိုးရိမ်သည်မှာ အမေက ဆီးချိုရောဂါရှိ၍ အမေ့ကိုသာ စိုးရိမ်နေပါသည်။ ယခုတော့ အိမ်ရှေ့မှာ မောင်လေးအလောင်းကို တွေ့လျှင်တွေ့ချင်း ယူကျုံးမရ ချုံးချငိုမိပါသည်။ ငိုရင်းငိုရင်းနှင့် အကြောတက်မှန်းပင် မသိပါ။ မကြာမီ သတိရလာပါသည်။

ကျွန်မ ရွာ,မသွားခင် ကျွန်မ၏မောင်လေးသည် ကျန်းမာရေးကလည်း ကောင်းမှကောင်း၊ သန်သန် မာမာ၊ ၀၀ဖြိုးဖြိုးနှင့်ရှိနေ၍ ကျွန်မသူ့ကို သေလိမ့်မည်ဟု လုံးဝမထင်မိပါ။
ကျွန်မဘ၀မှာ ဤကဲ့သို့ အပူမီးမျိုး တခါမှ မခံစားရဘူးပါ။ ကျွန်မ၏ အဘိုးအဘွားများ ဆုံးသွားစဉ်က ကျွန်မသည် လူမမည်ကလေးဘ၀ဖြစ်၍ ဘာမှမသိပါ။ ဘာမှမခံစားလိုက်ရပါ။

ဤသို့ပင် ကျွန်မတို့မောင်နှမတစု အလုပ်ကိုယ်စီရြှိပီး တမိသားစုလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြသည်။ ယခုလို ဗြုန်းစားကြီးဖြစ်သွား၍ ကျွန်မနှင့် တကွ တအိမ်သားလုံး မည်သို့မှ ဖြေ၍မရဘဲ ဖြစ်ကြရပါသည်။
ကျွန်မ၏ သူငယ်ချင်းများကား တရားနှင့်ဖြေပါဟု ပြောကြပါသည်။ ကျွန်မလည်း ဤကဲ့သို့ အပူမီးတွေ့ကြုံခဲ့သောသူများအား တရားနှင့်ဖြေပါ-ဟု ကျွန်မကိုယ်တိုင် နားချခဲ့ဖူးပါသည်။ ယခု မိမိကိုယ်တိုင် တွေ့ကြုံရပြီဆိုမှ ကိုယ်ချင်းစာမိပါသည်။ မည်သို့မျှ ဖြေ၍မရပါ။ ဘယ်သူတွေ တရားချချ နားမ၀င်ပါ။ ကျွန်မလည်း ဘုရား တရား ဦးထိပ်ထား၍ ဘာသာရေး ပြုလုပ်နေသူတဦးပါ။ မသိ၍မဟုတ်၊ သိလျက်နဲ့ ဖြေမဆည်နိုင်အောင် ဖြစ်မိပါသည်။

နောက်ဆုံးတွင် အဖေက-သမီး ငိုနေလို့ သမီးရဲ့ မောင်လေးက ပြန်ရှင်လာမှာမှ မဟုတ်တာ။ သမီးပဲ မစားနိုင်၊ မသောက်နိုင်နဲ့ ရောဂါရရုံပဲ ဖြစ်မယ်။ ဒါကြောင့် သမီးရဲ့ မောင်လေး ကောင်းတဲ့ဘ၀ရောက်အောင် ဆွမ်း ပန်း ရေချမ်း ကပ်တာမှအစ ဘုရားရှိခိုးတိုင်း အမျှဝေပြီး ဆုတောင်းပေါ့။ သူ့အတွက် အဖေတို့က ကောင်းမှုကိုသိုလ်တွေ လုပ်ပြီး အမျှဝေရုံပဲရှိတယ်။

နောက်ပြီး အဖေတို့ တအိမ်သားလုံး သံဝေဂ ရ,ရမယ်။ သတိတရား ရကြရမယ်။ အဖေတို့ အမေတို့က အသက်ကြီုးပြီဆိုတော့ တို့နှစ်ယောက်ပဲ အရင်ဆုံး မျက်စိမှိတ်ရမယ်လို့ ထင်နေတာ။ အခုတော့ ငယ်တဲ့လူက မမျှော်လင့်ဘဲ မထင်မှတ်ဘဲနဲ့ ဆုံးသွားတယ် မဟုတ်လား။ ဒါကြောင့် သေခြင်းတရားဆိုတာ အသက်ကြီးတာ ငယ်တာ မရွေးဘူး။ အချိန်မရွေး သေကြရမှာပဲ။ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ ဘာရောဂါနဲ့ သေမယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ အဲဒါကြောင့် မသေခင်မှာ ဘုရားကိုအားထားပြီး တရာသာ နာနာ အားထုတ်။ အသက်ရှည်တယ်။ နောက်နောက်က ကံကြောင့် အသက်တိုခဲ့ရင်လည်း ကောင်းတဲ့ဘ၀ ရောက်တယ်-ဟု ဆုံးမစကား ပြောကြားပါသည်။

ထိုအချိန်မှစ၍ ကျွန်မသည် သတိသံဝေဂရကာ မိမိလည်း ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးနိုင်ပါတကားဟု စဉ်းစားမိသည်။ တရားဓမ္မကို ယခင်ကထက် ကြိုးစားအားထုတ်လျက် ရှိပါသည်။ မောင်လေးအတွက်လည်း ဘ၀ကူးကောင်းအောင် ကျွန်မသည် နေ့စဉ်နှင့်အမျှ ဘုရားရှေ့ဝယ် ဆွမ်း ပန်း ရေချမ်း ကပ်ကာ အမျှပေးဝေလေ့ရှိပါသည်။

ဪ-ကိုယ်တွေ့ကြုံမှ သံဝေဂ ရပါတကား။ ထို့ကြောင့် စာဖတ်သူအပေါင်းလည်း တနေ့ပြီးတနေ့ ကုန်ဆုံးသွားသည်နှင့်အမျှ သေဖို့နေ့လည်း တနေ့ထက်တနေ့ နီးလာပါလားဟု သံဝေဂ ရသင့်ကြပါသည်။ တနေ့တာ ကုန်ဆုံးသွားပြီး ဒါနည်း မပြုလိုက်ရ၊ သီလလည်း မစောင့်လိုက်ရ၊ ဘာဝနာလည်း မပွားလိုက်ရပါက လူဖြစ်ရကျိုး နပ်မည်မဟုတ်ပါ။ သို့ဖြစ်၍ သေသောအခါ ကိုယ့်နောက်ကို ပါမည့် ဒါန သီလ ဘာဝနာ စသည့် ကောင်းမှုကုသိုလ်များကို နေ့စဉ်ပွားများ ကျင့်ကြံ အားထုတ်ကြပါ-ဟု တိုက်တွန်းလိုက်ရပါသည်။

( မခင်မာသင်း-ရေနံချောင်း )

No comments: