Monday, August 17, 2009

( မိတ်ဆွေယုတ်ကြောင့် ဒုဂ္ဂတိ၌ နစ်ခဲ့ရသူ )

ဤကမ္ဘာမှ ပြန်၍ရေသည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတသိန်းထက်က သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာမြတ်စွာဘုရား အထံတော်၌ ဘုရားဆုပန်တော်မူခဲ့သည်။ ဒီပင်္ကရာမြတ်စွာဘုရားက နောင်ကမ္ဘာပေါင်း လေးသင်္ချေနှင့် တသိန်းလွန်သောကာလ ဘဒ္ဒကမ္ဘာ၌ ဂေါတမမြတ်စွာဘုရား ဖြစ်လတံ့ဟု နိယတဗျာဒိတ် ပေးတော်မူခဲ့လေသည်။ ထိုဗျာဒိတ်ပွဲ၌ များစွာသော လူတို့သည် ဤသုမေဓာရှင်ရသေ့ ဂေါတမမြတ်စွာဘုရားအဖြစ် ပွင့်တော်မူသောအခါ၌ တရားတော်နာရ၍ ကျွတ်တမ်းဝင်ရပါလို၏ဟု ဆုတောင်းကြကုန်၏။

အမျိုးသားတဦးသည်လည်း ထိုသို့ဆုတောင်း၍ ဒီပင်္ကရာမြတ်စွာဘုရားထံမှ ဗျာဒိတ်ရခဲ့လေ၏။ သို့သော် ထိုအမျိုးသားသည် ထိုဘ၀၌ပင် မကောင်းသော အဆွေခင်ပွန်းတို့နှင့် ပေါင်းဖော်၍ ပဉ္စာနန္တရိယကံ အထိ ကျူးလွန်မိသည်။ ထို့ကြောင့် ထိုဘ၀မှ နောက်တွင် အပါယ်ငရဲ၌ ကျရောက်ခဲ့လေသည်။ ငရဲမှ ကျွတ်လွတ်ပြန်သော် တိရစ္ဆာန်ဖြစ်၍ နိုင်ရာစားဘ၀ဖြင့် ပါဏာတိပါတကံတို့ကို ကျူးလွန်မိပြန်သည်။ ငရဲဘ၀၊ တိရစ္ဆာန်ဘ၀တို့ဖြင့်သာ အပြန်ပြန်အလှန်လှန် ဖြစ်ခဲ့လေသည်။ သို့နှင့် လေးသင်္ချေနှင့် တသိန်းသော ကမ္ဘာကာလတို့တွင် သုဂတိဘ၀တို့၌ မဖြစ်ဘဲ ဒုဂ္ဂတိဘ၀တို့၌သာ ဖြစ်၍ နေခဲ့လေသည်။

ထိုသူသည် ဤကမ္ဘာ၌ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူစ ကာလတွင် ပင်လယ်သမုဒ္ဒရာအတွင်း၌ ငါးကြီးဖြစ်၍ နိုင်ရာစားဘ၀ဖြင့် ကျင်လည်နေသည်။ တနေ့သောအခါ မဇ္ဈိမဒေသအနီး ပင်လယ်ပြင်၌ လှေငယ်တစင်းကို မိမိအမြီးဖြင့် ရိုက်ပုတ်၍ ရေ၀ယ်နှစ်လိုက်သည်။ ထိုအခါ လှေပေါ်တွင် ပါလာသော ဥပါသကာတဦးက ဂေါတမမြတ်စွာဘုရား ကယ်တော်မူပါ-ဟု ဟစ်အော်လိုက်လေ၏။ ထိုအခါ ငါးကြီးသည် လေးသင်္ချေနှင့် ကမ္ဘာတသိန်းထက်က ဂေါတမမြတ်စွာဘုရား ဖြစ်လတံ့ဟူသော ဒီပင်္ကရာဘုရား၏ ဗျာဒိတ်တော်သံကို အမှတ်ရလိုက်သည်။ ဪ-ငါ့အဆွေတော် သုမေဓာတောင် ဘုရားဖြစ်နေပါပေါ့လား-ဟု သတိရလိုက်လေ၏။

ထို့နောက် မကြာမီမှာပင် ငါးဘ၀မှ စုတေစိတ်ကျ၍ ဗာရာဏသီပြည်တွင် သူဌေးတဦး၏သား ဖြစ်လာလေသည်။ ရုစိရ သတို့သားဟု အမည်ရလေ၏။ အသက် ၇-နှစ်အရွယ်တွင် မိဘများနှင့်အတူ သာဝတ္ထိပြည်သို့ ရောက်လာပြီး မြတ်စွာဘုရားထံ ၀င်ရောက်ဖူးမြော်သည်။ မြတ်စွာဘုရားက ရုစိရ သတို့သားအား မြင်လျှင်မြင်ချင်း ရုစိရ-ကြာလှချည်လား-ဟု နှုတ်ဆက်မေးမြန်းလိုက်လေသည်။ ရုစိရ သတို့သားသည် မျက်ရည်ဖြိုင်ဖြိုင်ကျ၍ ဗျာဒိတ်ရပြီးနောက် မကောင်းသော မိတ်ဆွေယုတ်တို့နှင့် ပေါင်းမိသဖြင့် လေးသင်္ချေနှင့် ကမ္ဘာတသိန်း တိုင်တိုင် အပါယ်ဒုဂ္ဂတိ၌သာ နစ်မြုပ်ခဲ့ရပါသည်ဘုရား-ဟု လျှောက်ထားသည်။ ထို့နောက် တရားတော်ကို နာယူရာ ၇-နှစ်အရွယ်မှာပင် ရဟန္တာဖြစ်ခဲ့လေသတည်း။
ကျမ်းကိုး။ အပါဒါန်ပါဠိတော် အဋ္ဌကထာ။

( လင်္ကာသာရ )
( မြတ်မင်္ဂလာ ၁၉၉၉-ခု စက်တင်ဘာလ )

No comments: