Saturday, August 29, 2009

အချစ်ဆုံး

မလ္လိကာဟာ သာဝတ္ထိမြို့က ဆင်းရဲတဲ့ ပန်းသည်ရဲ့ သမီးဖြစ်ပါတယ်။ တနေ့မှာ ဈေးကမုန့်ဝယ်လာပြီး ပန်းခြံကို သွားမယ်လို့ဆိုကာ ထွက်လာခဲ့ပါတယ်။ လမ်းခုလတ်မှာ ရဟန်းအပေါင်း ခြံရံလာတဲ့ဘုရားရှင် ဆွမ်းခံဝင်လာတာကို တွေ့ရလို့ ကြည်ညိုစိတ်ပေါက်ပြီး မုန့်ကိုဘုရားရှင်ထံ ကပ်လှူခဲ့ပါတယ်။ ဘုရားရှင်က မုန့်လှူတဲ့နေရာမှာထိုင်ဖို့ အရိပ်အရောင်ပြလို့ အရှင်အာနန္ဒာက သင်္ကန်းခင်းပေးခဲ့ပါတယ်။ ဘုရားရှင်က အဲဒီနေရာမှာ ထိုင်ပြီး မုန့်ကို ဘုဉ်းပေးရင်းနဲ့ ပြုံတော်မူပါတယ်။ အရှင်အာနန္ဒာက-မြတ်စွာဘုရား ဒီဒါနရဲ့အကျိုးဟာ ဘယ်လိုဖြစ်လာပါမလဲဘုရား-လို့ လျှောက်ထားလိုက်ပါတယ်။

အာနန္ဒာ-ဒီဒကာမလေးဟာ ဒီနေ့ ငါဘုရားကို ပထမဆုံး မုန့်စားဖွယ်လှူတယ်။ ဒီနေ့ပဲ ကောသလမင်းရဲ့ ချစ်ခင်မြတ်နိုးရတဲ့ မိဖုရားခေါင်ကြီး ဖြစ်လိမ့်မယ်-လို့ ဘုရားရှင်က မိန့်တော်မူပါတယ်။
အဲဒီနေ့မှာပဲ ကောသလမင်းဟာ ကာသိရွာမှာ တူတော်အဇာတသတ်မင်းနဲ့ စစ်တိုက်ရာက ရှုံးလို့ထွက်ပြေးလာပြီး မြို့ကိုဝင်တဲ့အခါမှာ စစ်တပ်တွေရဲ့အလာကို စောင့်မယ်လို့တွေးပြီး ပန်းခြံထဲဝင်သွားပါတယ်။ မလ္လိကာက ကောသလဘုရင်ကို ဂရုစိုက်ပြုစုပေးတဲ့အတွက် ဘုရင်ကြီးက သဘောကျသွားပြီး နန်းတော်ထဲကိုခေါ်ကာ မိဖုရားခေါင်ကြီးရာထူး ပေးခဲ့ပါတယ်။

တနေ့မှာ ကောသလမင်းက ငါဟာ မလ္လိကာကို မိဖုရားခေါင်ကြီးရာထူး ပေးထားတယ်။ မလ္လိကာ သင်ဟာ ဘယ်သူ့ကိုချစ်သလဲ-လို့ မေးရင်တော့ အရှင်မင်းကြီးကို ချစ်ပါတယ်လို့ပြောမှာပဲ-လို့ အပိုင်တွက်ပြီး မလ္လိကာကို ဒီမေးခွန်းကို မေးခဲ့ပါတယ်။
မလ္လိကာ-ဒီလောကမှာ သင့်ကိုယ်ထက်ပိုပြီး ဘယ်သူ့ကို ချစ်ပါသလဲ၊
အရှင်မင်းကြီး- ကိုယ့်ကိုထက်ပိုပြီး ဘယ်သူ့ကိုမျှ မချစ်ပါ၊

မလ္လိကာဟာ ဘုရားရှင်နဲ့ သံဃာတော်တွေကို အမြဲဆည်းကပ် ပြုစုနေတဲ့ ပညာရှိသူလေးတဦး ဖြစ်တာမို့ သူ့ရင်ထဲက ရှိတဲ့အတိုင်း အမှန်အတိုင်း ဖြေခဲ့ပါတယ်။ နောက်တော့ မလ္လိကာက ရှင်ဘုရင်ကြီးကို သူ့နည်းတူ ပြန်မေးတဲ့အခါမှာလည်း ရှင်ဘုရင်ကြီးက သူတောင်ဒီလိုဖြေသေးတာ ဆိုပြီး မလ္လိကာဖြေတဲ့အတိုင်း ထပ်တူထပ်မျှ ဖြေခဲ့ပါတယ်။
ရှင်ဘုရင်ကြီးဟာ စိတ်ထဲမှာတော့ ဒီလိုတွေးနေခဲ့တယ်။
ငါဟာ ရှင်ဘုရင်၊ ငါလိုလူက ငါ့ကိုယ်ငါသာ အချစ်ဆုံးလို့ဖြေတာဟာ မှန်သေးတယ်၊ မလ္လိကာကတော့ ငါကောက်ယူလို့အောက်ခြေကနေ မိဖုရားခေါင်ကြီးဖြစ်လာပါလျက်နဲ့ သူ့ကိုယ်သူ အချစ်ဆုံးလို့ဖြေတာဟာ အင်မတန်ရိုင်းပြတာပဲ-လို့ တွေးမိသတဲ့။

ပြီးတော့ မနေနိုင်တာနဲ့ပဲ မလ္လိကာ-သင်ဟာ ရတနာသုံးပါးကို အချစ်ဆုံးမဟုတ်ဘူးလား-လို့ ထပ်မေးပြန်တယ်။ ဒီအခါမှာ မလ္လိကာက အရှင်မင်းကြီး-ကျွန်မဟာ ရတနာသုံးပါးကိုလည်း နတ်ပြည်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ လိုချင်လို့ ချစ်ပါတယ်။ ကျွန်မအကျိုးအတွက်ကြောင့် ချစ်တာမို့ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးဖြစ်ပါတယ်-လို့ ထပ်ဖြေပြန်သတဲ့။
မလ္လိကာရဲ့ အယူအဆက ဒီလိုဖြစ်ပါတယ်။ လောကမှာရှိတဲ့ သတ္တ၀ါအားလုံးဟာ ကိုယ့်အကျိုးအတွက်သာ သူတပါးကို ချစ်ကြခြင်းပါ။ မိဘဟာလည်း သားသမီးကို ငါတို့ကြီးလာရင် ငါတို့ကို ပြုစုစောင့်ရှောက်ကြ လိမ့်မယ်လို့ မျှော်လင့်ပြီးချစ်တယ်။
ဇနီးမောင်နှံအချင်းချင်းမှာလည်း မျှော်လင့်ချက်တွေနဲ့ ချစ်တယ်။
ဆွေမျိုး မိတ်ဆွေ အချင်းချင်းလည်း အကျိုးကိုယ်စီနဲ့ ချစ်ကြခြင်းပါပဲ။ ဒီလိုကိုယ့်အကျိုးကိုသာ ကြည့်ပြီး လောကသတ္တ၀ါတွေဟာ သူတပါးကို ချစ်ကြတယ်-လို့ ယူဆခြင်းပါပဲ။

နောက်တော့ ကောသလမင်းဟာ ပညာရှိမှု၊ ကျွမ်းကျင်မှု လိမ္မာမှုတို့ကို နားလည်ခံစားမိသွားပြီး ဒီကိစ္စကို ဘုရားရှင်ဆီလျှောက်ထားဦးမှပဲ၊ ဘုရားရှင်ဖြေတဲ့အတိုင်း မှတ်သားမယ်လို့တွေးပြီး ဘုရားရှင်ဆီ လျှောက်ထားတဲ့အခါမှာ ဘုရားရှင်က အောက်ပါအတိုင်း ဥဒါန်းကျူးရင့်ခဲ့ပါတယ်။

အရပ်ဆယ်မျက်နှာကို စိတ်နဲ့သွားပြီး အစွမ်းကုန် ရှာကြည့်ပါ။
ဘယ်နေရာမှာမှ ကိုယ့်ထက်ပိုပြီးချစ်တဲ့ သူကို မတွေ့နိုင်ပါ။
သတ္တ၀ါတိုင်းဟာ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးဖြစ်ပါတယ်။
ဒါကြောင့် စာနာမှု ထားကြရပါမယ်။


( သာမဏေကျော် )
ဥဒါန ပါဠိ ၅-သောဏ၀ဂ်၊ ပိယတရသုတ္တ။

No comments: