Monday, August 10, 2009

ကျေးဇူးတရား ပုံပြင်

အိမ်ရှေ့က အရိပ်တခုကြောင့် မနှင်းမြတယောက် စူးစမ်းသလို ကြည့်လိုက်သည်။ ဪ-ဦးဖိုးဆိတ်ကြီးပါလား၊ ဒီနေ့ စောသားပဲ။

အဟီး။

ဦးဖိုးဆိတ်က သူ့သွား ၀ါညစ်ညစ်နေတွ ပေါ်အောင်ပင် ပြုံးပြလိုက်သည်။
တကယ်တော့ ဦးဖိုးဆိတ်သည် ဦးနှောက် သိပ်မကောင်းသည့် အရူးတယောက် ဖြစ်ပါသည်။ အရူးဟုဆိုသော်လည်း သွက်သွက်ခါအောင် ရူးနေသည့်အရူးမဟုတ်။ ယဉ်ယဉ်လေးနှင့် ရူးနေခြင်းသာ ဖြစ်ပါသည်။ သူ၏အကျည်းတန်သော ရုပ်၊ စုတ်ပြတ်နေသော အ၀တ်အစားများနှင့် ဆံပင်ညစ်ညစ်ရှည်ကြီးများကြောင့် ကြောက်လန့်သူက တမျိုး၊ ရွံရှာသူကတဖုံနှင့် တရွာလုံး မည်သူက အရေးမလုပ်ကြ၊ သို့သော် စိတ်ကောင်း စေတနာကောင်းရှိသော မနှင်းမြတို့ ဇနီးမောင်နှံကတော့ ဦးဖိုးဆိတ်ကြီးကို ပိုနေသောထမင်းနှင့် ဟင်များ မနက်တိုင်း ပေးကမ်းကြသည်။ ယခုလည်း ခါတိုင်းထက်စော၍ ထမင်းလာယူသော ဦးဖိုးဆိတ်ကြီးအား ညတုန်းက ကျန်သည့် ထမင်းနှင့်ချဉ်ပေါင်ဟင်းကို ပေးလိုက်သည်။ ဦးဖိုးဆိတ်ကတော့ မနှင်းမြပေးသော ထမင်းနှင့်ဟင်းကို ယူ၍ သူနေထိုင်ရာ ဘုန်းကြီးကျောင်း အရှေ့ဘက်က ဇရပ်ကြီးဆီသို့ ပြန်သွားလေသည်။

မနှင်းမြက ထွက်ခွာသွားသော ဦးဖိုးဆိတ်ကျောပြင်ကို ငေးကြည့်ရင်း နေ့စဉ်နေ့တိုင်း လှူရသော ထမင်းအလှူအတွက် ပီတိဖြစ်၍ ကျန်ခဲ့လေသည်။

ဒီနေ့ ခင်ပွန်းဖြစ်သူ ကိုထွန်းမြက အရုဏ်မလာခင် ညက ကျန်သောထမင်းနှင့် ဟင်းကို စားကာ လယ်ထဲသို့ ဆင်းရန် သွားသည်။ ဦးဖိုးဆိတ်ကြီးဖို့ တ၀က်-ဟုဆိုကာ သူစားသည့်အထဲက ထမင်းတ၀က် ခွဲထားခဲ့သည်။ ခင်ပွန်းသည်ဖို့ နေ့လည်စာပို့ရန် မနှင်းမြလည်း မီးဖိုချောင်ဝင်ခဲ့သည်။ ဒီနေ့တော့ ထူးထူးခြားခြား ဦးဖိုးဆိတ်ကြီးသည် နေမြင့်သည်အထိ ပေါ်မလာသေးပေ။ မနှင်းမြက ထမင်းထုပ်ကို ပြင်ဆင်ပြီး အိပ်ပျော်နေသော ရှစ်လသားအရွယ် သမီးလေးကို တချက်ကြည့်လိုက်သည်။ ထို့နောက် ကလေးနိုးလျှင် ခဏကြည့်ထားပါရန် အိမ်နီးချင်းဖြစ်သူ ဒေါ်မြကို မှာခဲ့၍ လယ်တောထဲသို့ ထွက်လာခဲ့သည်။

မီး-မီး ဟူသော ရွာသူရွာသားများ၏ အော်သံကြောင့် ကိုထွန်းမြရော မနှင်းမြပါ ထိတ်လန့်တုန်လှုပ်သွားကြသည်။ နီရဲနေသော မီးတောက်မီးလျှံများက မိမိတို့ အိမ်ဘက်နားလောက်က ဖြစ်သည်။
ဘုရား ဘုရား သမီး သမီးလေး
ကိုထွန်းမြနှင့် မနှင်းမြသည် သူတို့အိမ်ဘက်ဆီသို့ ကသောကမျော ပြေးထွက်သွားကြတော့သည်။
မြင်လိုက်ရသော မြင်ကွင်းကြောင့် ကိုထွန်းမြ တယောက် ကိုယ့်ကိုယ်ကို လဲပြိုမသွားအောင် မနည်းထိန်းလိုက်ရသည်။ မိမိတို့အိမ်ကြီးကို မီးတောက် မီးလျှံများက လုံးဝ ၀ါးမျိုနေပြီဖြစ်သည်။ အိမ်ထဲ ၀င်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့။

သမီးလေး-
ထိုအခိုက် မနှင်းမြသည် ၀မ်းခေါင်းအတွင်းမှလာသောအသံကြီး နှင့် အော်ဟစ်ကာ လဲကျသွားတော့သည်။ ကိုထွန်းမြသည် လဲကျသွားသော ဇနီးဖြစ်သူကို ကြည့်လိုက်၊ မီးလောင်နေသော အိမ်ကြီးကို ကြည့်လိုက်နှင့် ဆောက်တည်ရာမရ ဖြစ်နေတော့သည်။ ရွာသူရွာသား တချို့က သူ့ကို တခုခုပြောနေသော်လည်း ဘာမှ သဲသဲကွဲကွဲ မကြားရတော့။

သ-သမီးလေး။
ဟော-မနှင်းမြ သတိရလာပြီ။
ကိုထွန်းးမြ-သမီးလေး-အီး-ဟီး-ဟီး
မငိုနဲ့ မနှင်းမြရဲ့ တို့သမီးလေး ဘာမှမဖြစ်ဘူး။ ဟိုမှာလေ။

မနှင်းမြက ကိုထွန်းမြ ညွှန်ပြရာသို့ ကြည့်လိုက်သည်။ မနှင်းမြတယောက် ကြည်သီးမွေးညင်းများ ထလျက် ထခုန်မိမတတ် ကြည်နူးပျော်ရွှင်သွားရသည်။
ဟင်-သမီးလေးက။
ဟုတ်တယ်ကွ။ မီး သိပ်မများခင်တုန်းက သမီးလေးကို ဦးဖိုးဆိတ်ကြီး ၀င်ကယ်ထားတာတဲ့။ သူ့ပါးမှာတောင် မီးဟပ်လို့ ဒဏ်ရာရသွားသေးတယ်။

ဟုတ်ပါတယ် နဂိုကမှ အကျည်းတန်သော ဦးဖိုးဆိတ်သည် ပါးပေါ်က ဒဏ်ရာကြီးကြောင့် ပိုပြီး အကျည်းတန်သလို ဖြစ်နေသည်။ သမီးလေးကတော့ ထိုစိတ်ထားဖြူစင်ပြီး ကျေးဇူးတရား သိတတ်သော အကျည်းတန်လူကြီး ဦးဖိုးဆိတ်အပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။

ကျေးဇူးတင်ပါတယ် ဦးဖိုးဆိတ်ရယ်။
အဟီး။
ထုံးစံအတိုင်း ဦးဖိုးဆိတ်က သူ့သွားဝါညစ်ညစ်ကြီးများ ပေါ်အောင် ပြုံးပြလိုက်သည်။
ယခုဆိုလျှင် ဦးဖိုးဆိတ် ကွယ်လွန်ခဲ့သည်မှာ ဆယ်စုနှစ် တခုပင် ကျော်လာပေပြီ။ သို့သော် လူရူးသော်လည်း စိတ်မရူးသော၊ လူအကျည်းတန်သော်လည်း စိတ်ထားလှသော၊ ထမင်းကျွေးသည့် ကျေးဇူးတရားကို သိတတ်သော ဦးဖိုးဆိတ်အကြောင်းကို ရွာသူရွာသားများသည် ပုံပြင်တပုဒ်သဖွယ် ပြောနေကြဆဲပင် ဖြစ်ပါသည်။

( ရင်ခွင်ဦး )

No comments: