Sunday, August 9, 2009

စေတနာကံ အကျိုး

စေတနာဆိုသည်မှာ အလုပ်ဟူ၍ မြတ်စွာဘုရားက ဟောကြားခဲ့ပေသည်။ ထို့အတူ စေတနာကံသည် တူသောအကျိုးကို ပေးနိုင်ကြောင်း ဟောကြားခဲ့ပြန်သေးသည်။ စေတနာသည် အဘိဓမ္မာနည်းအရ စိတ်နှင့်အတူဖြစ်၍ စိတ်နှင့်အတူ ချုပ်သော စေတသိက်ဖြစ်ပေသည်။ ထိုစေတသိက်သည် အရေအတွက်အားဖြင့် ၅၂-ပါးရှိပေရာ စေတနာသည်လည်း စေတသိက်တပါး အပါအ၀င် ဖြစ်သည်။ စေတနာစေတသိက်သည် စိတ်ကိုကပ်၍ နှိုးဆော်ခြင်း၊ စေ့ဆော်ခြင်းသဘောကို ဆောင်သည်။ ထို့ကြောင့် စေတနာစေတသိက်သည် ကုသိုလ်စိတ်မှာရော အကုသိုလ်စိတ်မှာပါ ယှဉ်ဖော်ယှဉ်ဖက်ဖြစ်၍ သဗ္ဗစိတ္တသာဓာရဏ စေတသိက်ဟု ခေါ်သည်။

ကုသိုလ်ဖြစ်ရန်၎င်း၊ အကုသိုလ်ဖြစ်စေရန်၎င်း စေ့ဆော်သဖြင့် စေတနာ၏အားကြီးခြင်းသည် စိတ်၏စွမ်းအားဖြစ်၍ ကမ္မဟူသော အလုပ်ကို ဖြစ်ပေါ်စေသည်။ ကောင်းသောစေတနာ ရှေ့ဆောင်ပါက ကောင်းသောအကျိုးကို ရရှိစေသကဲ့သို့ မကောင်းသောစေတနာ ရှေ့ဆောင်ပါက မကောင်းသောအကျိုး သက်ရောက်မှုကို ဖြစ်ပေါ်စေပေသည်။

မကောင်းသောစိတ်ဖြင့် မကောင်းသောအမှုကို ပြုပါက မကောင်းသောအကျိုးကို ခံစားရ၏။
ဥပမာသော်ကား-လှည်းဘီးရာသည် နွား၏ခြေရာနောက်သို့ အစဉ်လိုက်သကဲ့သို့တည်း။

ကောင်းသောစိတ်ဖြင့် ကောင်းသောအမှုကို ပြုသူသည် ကောင်းသောအကျိုးကို ရရှိနိုင်သည်။
ဥပမာသော်ကား-လူသွားရာသို့ အရိပ်က ထပ်ကြပ်မကွာ လိုက်ပါသကဲ့သို့တည်း။ ( ဓမ္မပဒ )

ဤဖြစ်ရပ်ကား ကြာခဲ့ပေပြီ၊ သို့သော် မမေ့အပ်သည့်ဖြစ်ရပ်တခုပေတည်း။ လွန်ခဲ့သည့် နှစ်၂၀-ခန့်က ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်တခုဖြစ်သည်။
စာရေးသူသည် တနေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသနေသည့် ဦးပဉ္ဇင်းတပါး၏ ကျန်းမာရေးကို မေးမြန်းပြီး အပြန်တွင် ချိုင်းကြား၌ ညှပ်ထားသည့် ပိုက်ဆံအိတ် ကျပျေက်ခဲ့သည်။ ပိုက်ဆံအိတ်ထဲတွင် န၀ကမ္မ၀တ္ထုအချို့နှင့် သာသနာဝင်မှတ်တမ်းစာအုပ်၊ ပန်ချီကားရွေးရန် ဘောက်ချာစသည်များ ပါသွားသည်။ ၀တ္ထုငွေမှာလည်း ပန်ချီကားရွေးရန် အလှူရှင်များ လှူဒါန်းထားသောငွေများ ဖြစ်သည်။ စာရေးသူမှာ ထိုငွေအတွက် သောကဗျာပါဒ ရောက်လျက်ရှိနေရသည်။

ဆေးရုံကြီးမှအပြန် မည်သည့်နေရာတွင် ကျပျောက်ခဲ့သည်ကို မသိရ၍ ရှာဖွေရန် ခက်ခဲနေသည်။ လှိုင်မြို့နယ် ရန်ကုန်အင်းစိန်လမ်းရှိ သုခလမ်းမှတ်တိုင်ရောက်မှ သိရခြင်းဖြစ်သည်။ ပိုက်ဆံအိတ် ကျပျောက်သည့်အချိန်မှာ ညနေ ၂-နာရီခန့်တွင် ဖြစ်သည်။ မနက်ဖြန်ဆိုလျှင် ပန်ချီကားများ ရွေးရမည့်နေ့ဖြစ်သည်။ ပန်ချီကားများမှာ ဗုဒ္ဓ၀င်ပန်ချီကားများ ဖြစ်သည်။

ဖြစ်ပုံမှာ ကျောက်တန်းမြို့နယ် မှော်ဝန်ချောင်းကမ်းတနေရာတွင် ရွသစ်ကြီးဟူသော ရွာတရွာရှိသည်။ ရွာ၏အရှေ့ဘက်တွင် ဘုန်းတော်ကြီးကျောင်းနှင့် ရွာဦးစေတီတဆူရှိသည်။ ဘုန်းတော်ကြီးကျောင်းမှာ ပျဉ်ခြင်း၊ ပျဉ်ကာ၊ သွပ်မိုး ခြေတန်ရှည်ကျောင်း ဖြစ်သည်။ ဘုရားဆောင်ကို ကျောင်းနှင့်တွဲ၍ ဘုံအဆင့်ဖြင့် ပူးတွဲဆောက်လုပ်ထားသည်။ ဘုရားဆောင်ရှေ့ မျက်နှာစာတွင် ပျဉ်ကာထရံသာရှိ၍ ဟာလာဟင်းလင်း ဖြစ်နေသည်။ စာရေးသူမှာ ထိုဘုရားဆောင်ရှေ့တွင် ဗုဒ္ဓ၀င်ပန်ချီကားများ ချိတ်ဆွဲထားပါက ကြည်ညိုဖွယ်ရာ ဖြစ်လိမ့်မည်ဟု ယူဆ၍ ဓမ္မစကြာဟောတော်မူခန်း ပန်ချီကားတချပ် လှူဒါန်းခဲ့သည်။ ဗုဒ္ဓ၀င်ပန်ချီကားများ အစီအရီ ချိတ်ဆွဲထားပါက လူငယ်လူရွယ်များလည်း ဗုဒ္ဓ၀င်အကြောင်း သိရှိလာနိုင်မည်-ဟူသော စေတနာကောင်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ နောက်ထပ်လည်း လိုအပ်သည်များကို လှူဒါန်းကြရန် စေတနာရှင်များကို နှိုးဆော်တိုက်တွန်းသည်။

ထိုအခါ ကျေးရွာတွင်းက စေတနာရှင်များကလည်း စာရေးသူအား ဆောင်ရွက်ပေးပါရန် လျှောက်ထား၍ အလှူငွေများ လှူဒါန်းလာကြသည်။ ထိုအလှူငွေများဖြင့် ပန်ချီဆရာထံ အပ်နှံ၍ ဆောင်ရွက်ခဲ့သည်။ ထိုပန်ချီကားများ ပြီးမြောက်၍ ရွေးယူရမည့်အခါကျမှ ပိုက်ဆံအိတ် ကျပျောက်ခြင်းဖြစ်ရာ စာရေးသူမှာ ဗုဒ္ဓ၀င်ပန်းချီကားများအတွက် သောကရောက်နေရခြင်းဖြစ်သည်။

ထိုစဉ် ညနေ ၄-နာရီခွဲတွင် အမျိုးသားနှစ်ဦး နှင့် အမျိုးသမီးတဦးတို့သည် စာရေးသူ သီတင်းသုံးရာ လှိုင်မြို့နယ် မယ်ဇလီကျောင်းသို့ ရောက်လာကြသည်။ ထိုသူတို့သည် စာရေးသူအားမေး၍ ရောက်လာခြင်းဖြစ်၏။ စာရေးသူလည်း ၄င်းတို့ကို တခါမှ မတွေ့ဆုံဖူးသဖြင့် မည်သူမည်ဝါဖြစ်သည်ကို မသိရချေ။ စာရေးသူကိုတွေ့သောအခါ ၄င်းတို့သည် သာကေတမှ ဖြစ်ကြောင်း အရောင်းအ၀ယ်အလုပ်ကို လုပ်ကိုင်ကြသူများဖြစ်ကြောင်း လာခြင်းမှာ နေ့လယ်က သိမ်ကြီးဈေး (စီ)ရုံအောက် ပလက်ဖောင်းပေါ်တွင် ပိုက်ဆံအိတ်တလုံး ကောက်ရကြောင်း သာကေတရှိ မိမိတို့အိမ်ရောက်၍ ဖွင့်ကြည့်သောအခါ ပိုက်ဆံနှင့် သာသနာဝင်မှတ်တမ်းစာအုပ်ကို တွေ့ရကြောင်း ထို့ကြောင့် လိပ်စာပါအတိုင်း လာပို့ခြင်းဖြစ်ကြောင်း ပြောဆိုလျှောက်ထား၍ ပိုက်ဆံအိတ်ကို ပြန်ပေးသည်။

စာရေးသူမှာ ထိုပိုက်ဆံအိတ်အတွက် သောကရောက်လျက်ရှိရာ ယခုကဲ့သို့ ကျောင်းအရောက် လာပေးသောအခါ ၀မ်းသာလွန်း၍ မျက်ရည်ပင်လည်မိပေသစည်။ ထို့ကြောင့် ကျေးဇူးတင်စွာဖြင့် သာကေတမှ လှိုင်အထိ လာခဲ့ရသည့် ခရီးစရိတ်အတွက် ပြန်လည်ပေးအပ်ရာ စိတ်ထားမွန်မြတ်သူများက မယူကြဘဲ ပြန်သွားကြလေသည်။

စာရေးသူ စဉ်းစားမိသည်မှာ ဤငွေများသည် ဗုဒ္ဓ၀င်ပန်းချီကားအတွက် လှူဒါန်းထားသည့် အလှူငွေများ ဖြစ်နေသည်ကတကြောင်း၊ ဘုန်းတော်ကြီးကျောင်း၌ ချိတ်ဆွဲရန် စေတနာကောင်းဖြင့် ဆောင်ရွက်သည်ကတကြောင်းကြောင့် စိတ်ထားမွန်မြတ်သူများလက်သို့ရောက်ကာ ပိုက်ဆံအိတ်ကို ပြန်လည်ရရှိခြင်းဖြစ်သည်ဟု စဉ်းစားဆင်ခြင်မိသည်။ မိမိ၏ ကောင်းသောစေတနာကံ၏ အကြောင်းရင်းကြောင့် ကောင်းသောအကျိုး လက်ငင်းခံစားရပေပြီဟု ပြန်လည်တွေးနေမိပေသည်။

( မောင်စန္ဒ-နယ်စပ်အဏ္ဏ၀ါ )

No comments: