Monday, August 31, 2009

ရင်သွေးများအတွက် မိဘမေတ္တာ

ဒီတပတ် မိခင်များရဲ့ စကားဝိုင်းမှာ အေးချမ်းမှန်ကန်တဲ့ စိတ်ထားနဲ့ တင်ပြဆွေးနွေးလာတဲ့ ဒေါ်မူမူဝင်း-ဟင်္သာတရဲ့ စာမူကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်မ ဒေါ်မူမူဝင်းကတော့ ရင်သွေးများအတွက် မိဘမေတ္တာဆိုတဲ့ ခေါင်းစဉ်နဲ့ ၀င်ရောက်ဆွေးနွေးပါရစေရှင့်။ ယဉ်ကျေးလိမ္မာဂျာနယ်ကိုဖတ်တာ ကျွန်မမြေးတွေပါ၊ မြေးတွေအတွက် အပတ်စဉ်ယူရင်းနဲ့ ကျွန်မဒီကဏ္ဍကို စိတ်ဝင်တစား ဖတ်ဖြစ်ပါတယ်။ မိသားစုတိုင်းအတွက် အရမ်းကိုအကျိုးရှိပါတယ်။ ဒါနဲ့ ကျွန်မလည်း ကျွန်မရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးကို တင်ပြရင် အကျိုးရှိမယ်ထင်လို့ ပါဝင်ဖြစ်တာပါ။ ကျွန်မ စာမူလေး ရွေးချယ်ခံရရင် သိပ်ကောင်းမှာပါပဲ။ ကျွန်မပြောချင်တဲ့ ကျွန်မဖြစ်ရပ်က ဒီလိုပါ။



ကျွန်မနဲ့ ကလေးတွေရဲ့ အဖေဟာ ကိုယ်စီကိုယ်င မေတ္တာရှိကြလို့ လက်ထပ်ပေါင်းသင်းခဲ့ကြတဲ့ ဇနီးမောင်နှံတွေပါ။ ကျွန်မတို့လက်ထပ်စဉ်က ငယ်သေးတယ်လို့ပြောရင် ရပါတယ်။ ဒါပေမယ့် အဲဒီခေတ် အဲဒီအချိန်က အမျိုးသားက ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်အကိုင်အတည်တကျ ရှိနေတော့လည်း အသက်အရွယ်ကို မစဉ်းစားဖြစ်ဘဲ အိမ်ရာထူထောင်ဖြစ်ခဲ့ကြတာပေါ့။ ကျွန်မအသက် ၂၆-နှစ်မှာ ရင်သွေး လေးဦးစလုံးကို မွေးဖွားပြီးခဲ့ပါပြီ။ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုခဲ့လို့ အတွေးအခေါ်တွေပဲ မရင့်ကျက်ခဲ့လေသလား ဒါမှမဟုတ် ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ရလေမလား မပြောတတ်တော့ပါဘူး။

အမျိုးသားဟာ နောက်ထပ် အမျိုးသမီးတဦးနဲ့ ငြိစွန်းဖို့ဖြစ်လာပါတယ်။ အိမ်ထောင်သည် အမျိုးသားမှန်းသိလျက်နဲ့ ဖြစ်ခဲ့ကြတာဆိုတော့ နောက်ဆုံး ကျွန်မကပဲ ဒေါသဖြစ် နာကြည်းတာရော အလျှော့ပေး အရှုံးပေးရတာရော ခံစားမှုအစုံနဲ့ ကွာရှင်းပေးဖြစ်ခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်မရင်သွေးတွေဟာ မိတကွဲ ဘတကွဲ သားသမီးလေးတွေ အဖြစ် ရောက်ခဲ့တော့တာပါပဲ။ ဒီအချိန်မှာ ကျွန်မအတွက် စိတ်သောကတွေ ဒုက္ခတွေ တလှေကြီး ကြုံတွေ့ခဲ့ရပေမယ့် ကျွန်မက စာပေကို အရမ်းဝါသနာ ပါပြီး စာဖတ်နာသူတယောက်မို့ ဆုံးဖြတ်ချက်အမှန်ကို ချနိုင်ခဲ့ပါတယ်။ ကျွန်မ အဲဒီတုန်းက ဒီလိုတွေးခဲ့ပါတယ်။ ငါ ကံမကောင်းဘူး။ ဒါဟာ အတိတ်ဘ၀က မကောင်းမှုတွေ လုပ်ခဲ့လို့ ဖြစ်လိမ့်မယ်။ ဖြစ်ပြီးတာက ဖြစ်ပြီးသွားပြီ။ ငါနဲ့ ဒီယောက်ျား ဘာမျှမဆိုင်တော့ပေမယ့် ငါ့သားသမီးတွေအတွက် သူဟာ ဖခင်တဦးပဲ။ ဖခင်တယောက်ရဲ့ မေတ္တာကို သူတို့အပြည့်အ၀ ရသင့်တယ်။ ရရမယ်ဆိုပြီး ကျွန်မလေ သူတို့အဖေအကြောင်း မကောင်းစကား တခွန်းမျှ မပြောဖြစ်ခဲ့ပါဘူး။

စိတ်ထဲမှာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူတို့အဖေအကြောင်းကို သူတို့နားဝင်အောင် ကောင်းတာလေးတွေပဲရွေးပြီး ပြောပါတယ်။ အဖေလုပ်သူဆီကိုလည်း အ၀င်အထွက် ရှိစေပါတယ်။။ တဖက်ကလည်း သူကမွေးထားတဲ့ သူ့သွေးသားဆိုတော့ ဘယ်စိမ်းပါ့မလဲ။ ကလေးတွေက ကျွန်မရဲ့ ဆုံးမစကားနဲ့ လိမ်လိမ်မာမာ တီတီတာတာကလေးတွေဆိုတော့ လင်မယားကွဲနေတယ်သာပြောတယ်။ ကလေးတွေ မေတ္တာမငတ်ခဲ့ကြပါဘူး။ ဒီလိုနဲ့ ကလေးတွေ ကြီးပြင်းလာကြတာ ခုဆို သူတို့အိုး သူတို့အိမ်ကလေးတွေနဲ့ အသီးသီးဘ၀လေးတွေ အောင်မြင်လို့ပါပဲ။ များသောအားဖြင့် အိမ်ထောင်ကွဲ သားသမီးလေးတွေဟာ စိတ်ဒဏ်ရာကိုယ်စီနဲ့ ဘ၀မှာ ပျက်စီးကြတာ များပါတယ်။ ဘ၀မပျက်စီးရင်လည်း စိတ်ပိုင်းဆိုင်ရာမှာ တခုခု ချွတ်ယွင်းတတ်ကြပါတယ်။

ဒါပေမယ့် ကျွန်မသားသမီးလေးတွေ တဦးမျှ ဒီလိုမဖြစ်ခဲ့ကြပါဘူး။ ခုအချိန်အထိ သူ့အဖေ သူ့သားသမီး အချစ်ခင် မပျက်ခဲ့ကြပါဘူး။ အရှုံးအနိုင်တွက်မယ်ဆိုရင်တောင် ဒီပွဲမှာ ရှုံးတဲ့သူက ကျွန်မတယောက်တည်းပဲ ဖြစ်ပြီး ကျွန်မသားသမီးလေးတွေ မပါခဲ့ပါဘူး။ အရင်က စာပေကပေးတဲ့အသိနဲ့ ဒီလို ရင်ဆိုင်ဖြေရှင်းခဲ့ပေမယ့် ခု အသက်အရွယ်ရလာတဲ့အချိန်မှာ ဘာသာရေးက ပေးတဲ့အသိနဲ့ တိုက်ကြည့်တော့ ကျွန်မ ဒီလိုလုပ်ခဲ့တာ သိပ်ကို မှန်နေပါပေါ့လား။ ဘ၀ဆိုတာ တိုတိုလေးပါ။ လူ့ဘ၀ ရတုန်းခဏ အမုန်းတွေ အငြိုးတွေ မပြီးနိုင် မစီးနိုင် ဖြစ်နေမယ့်အစား ဒီလိုမှန်ကန်တဲ့ အသိတရားနဲ့ နေသွားမယ်ဆိုရင် ဘ၀တွေ အေးချမ်းမယ် ထင်ပါတယ်။ အဓိက,က ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းဖို့ အရေးကြီးဆုံးပဲ မဟုတ်လား။ မိဘဖြစ်လာမယ့်ဘ၀မှာ သားသမီးတွေက ချစ်ခင်ဖို့၊ သာသမီးဘ၀ ရောက်တဲ့အခါမှာ မိဘက ချစ်ခင်ဖို့ ဒီလိုအပြန်အလှန် ဟန်ချက်ညီကြမယ်ဆိုရင် ဘ၀ဟာ နေပျော်ပါလိမ့်မယ်လို့ ဆွေးနွေးလိုက်ပါရစေရှင်။

( ဒေါ်မူမူဝင်း-ဟင်္သာတ )

No comments: