Friday, August 7, 2009

ရချင်ရင် ရမယ်-မရချင်ရင် မရဘူး

တနေ့ကတုန်းက ကျောင်းကပြန်လာတဲ့သမီးဟာ အိမ်ပြန်ရောက်ရောက်ချင်းပဲ လွယ်အိပ်ကို ဘုန်းခနဲပစ်ချလို့ မျက်နှာ မကြည်မသာနဲ့ ထိုင်နေပါတယ်။ ဘာဖြစ်လာလဲလို့ မေးတော့ အခန်းထဲက ကျောင်းသူဆယ်ယောက်ကို ရွေးချယ်ပြီး ဆရာမက မဟာသမယသုတ် ကျက်ခိုင်းလိုက်ပါသတဲ့။ နေ့လည် စာသင်ချိန်မှာ သမီးတို့ကို အဲဒီမဟာသမယသုတ်ကို သင်ပေးခဲ့တယ်ဆိုပဲ။ သူများတွေ စာသင်နေချိန်မှာ သမီးတို့က ဒါကို သင်ယူနေရတဲ့အတွက် ပြန်ကူးရမယ့် စာကြွေးတွေ အများကြီးရှိသွားတာမို့ စာလောဘကြီးတဲ့ သမီးက မကျေမနပ်ဖြစ်နေပါတယ်။ မဟာသမယသုတ်ရဲ့ ပါဠိစာပေတွေ ခက်ခဲတာလည်း ပါမှာပေါ့။ သမီးမှာ စာတွေမရ၊ အဆင့်တွေ ကျကုန်မှာလည်းစိုး၊ ခက်ခက်ခဲခဲ ဘုရားစာတွေကို ကျက်ရမှာ စိတ်မ၀င်စားနဲ့ အခက်အခဲတွေ့နေပုံရပါတယ်။

ညဘက်စာကျက်ချိန်မှာ မဟာသမယသုတ်ကို အထစ်ထစ်အငေါ့ငေါ့နဲ့ ရွတ်နေတဲ့ သမီးရဲ့အသံကို ကြားလိုက်ရပါတယ်။ အသံက စိတ်မပါတဲ့အသံမို့ ကြားရတာလည်း အသက်မပါပါဘူး။ စိတ်ဝင်စားမှု နည်းတဲ့အတွက် သမီး အလွတ်ရဖို့ကလည်း မလွယ်နိုင်ပါဘူး။ တကယ်တော့ စိတ်ဝင်စားမှုဆိုတာ အောင်မြင်မှုရဲ့ အသက်ပါ။ စိတ်ဝင်စားတဲ့ အလုပ်ကို လုပ်ရရင် လုပ်ရတာပျော်တဲ့အတွက် မပင်ပန်းပါဘူး။ လိုချင်တဲ့စိတ်သာရှိမယ်ဆိုရင် စိတ်ဝင်စားမှုလည်း ရှိလာတာပါပဲ။

ရချင်ရင် ရမယ်၊ မရချင်ရင် မရဘူး-ဆိုတဲ့စကားကို အားလုံး ကြားဖူးကြမှာပါ။ မသေချာ မရေရာတဲ့သဘောကို ပြောချင်ရင် ဒီလိုသုံးနှုန်းကြပါတယ်။ တကယ်တော့ အဲဒါ မှားပါတယ်။ ဒီစကားဟာ အလွန်တိကျသေချာပြီး တန်ဖိုးရှိတဲ့ စကားပါ။ ရချင်တဲ့စိတ် ရှိရင် ရမယ်၊ ရချင်တဲ့စိတ် မရှိရင်တော့ ရကိုမရဘူး-လို့ဆိုလိုတာပါ။ ဘုရားရှင်ကိုယ်နှိုက်က စိတ္တေန နီယတေ လောကော၊ စိတ်သည် လောကကြီးကို ဦးဆောင်သည်-လို့ ဟောခဲ့ပါတယ်။

ခု သမီး ပါဠိတွေ မကျက်ချင်ပါဘူး၊ မရချင်ပါဘူးဆိုတဲ့ စိတ်အခံကြီး ရှိနေတော့ ပါဠိစာပေါ်မှာ စိတ်ဝင်စားလို့မရ၊ ဒီတော့ သူ့အတွက် ငြီးငွေ့ပင်ပန်းစရာဖြစ်၊ အကျိုးအာနိသင်လည်း ဘယ်ရှိပါတော့မလဲ၊ တကယ်ဆို ငါရချင်တယ်၊ ရမှကို ဖြစ်မယ်လို့ စိတ်သွင်းလိုက်ရင် မပင်မပန်းနဲ့ ခဏလေး ရသွားမယ့်ကိစ္စပါ။

အမေရိကတိုက် တောင်ပိုင်း အလာဘားမားပြည်နယ်မှာ အသက်တနှစ်ခွဲလောက်ကတည်းက နေမကောင်း ဖျားနာပြီး မျက်စိမမြင်၊ နားမကြား ဖြစ်သွားတဲ့ ဟယ်လင်ကဲလားဆိုတဲ့ မိန်းကလေးတယောက် ရှိခဲ့တယ်။ သူ့ဘ၀ဟာ ဘာစိတ်ဝင်စားစရာမျှ မရှိတဲ့ အမှောင်ထုကြီးထဲမှာ ကြီးပြင်းခဲ့ရတာပါ။ ဒါပေမယ့် သူဟာ ပတ်ဝန်းကျင်ရဲ့ အားပေးမှု သူ့ရဲ့ ပင်ကို ဇွဲလုံ့လရှိမှု၊ သိချင်တတ်ချင်တဲ့စိတ်တွေနဲ့ ကြိုးစားလိုက်တာ၊ အသက် ၁၁-နှစ်သမီးမှာ ပုံပြင်တပုဒ်ကို စရေးနိုင်တယ်။ အသက် ၁၆-နှစ်မှာ ဘာသာစကား သုံးမျိုးနဲ့ အခြား တက္ကသိုလ်ပညာရပ်တွေကို သင်နိုင်တယ်။ အသက် ၂၃-မှာ ကမ္ဘာကျော် စာအုပ်တအုပ်ကို စရေးနိုင်ခဲ့ပါတယ်။ နောက်လည်း စာအုပ်တွေ ထပ်ပြီး ရေးနိုင်ခဲ့တယ်။ အားလုံး ဂန္ထ၀င်မြောက်စာအုပ်တွေချည်းပါပဲ။ သူဟာ ကမ္ဘာကျော်အမျိုးသမီးတယောက် ဖြစ်လာခဲ့ပြီး သူလိုဘ၀တူ မျက်မမြင် နားမကြား အမျိုးသမီးတွေအတွက် ရန်ပုံငွေတွေ ရှာပေးခဲ့နိုင်တယ်။ ဘယ်လောက်အားကျဖို့ ကောင်းလိုက်ပါသလဲ။ ဒါဟာ ရချင်တဲ့စိတ်တခုကြောင့် ဖြစ်ခဲ့တာတွေပါ။

မြန်မာပြည်မှာလည်း ဧရာဝတီတိုင်းထဲက စုပုံချစ်-ဆိုတဲ့ မိန်းကလေးဟာ မွေးလာကတည်းက ကိုယ်အင်္ဂါ အစိတ်အပိုင်း အချို့ ချို့ယွင်းအားနည်းတဲ့ကြားက စိတ်မညစ်၊ အားမလျှော့ဘဲ ခက်ခက်ခဲခဲကြိုးစားခဲ့လိုက်တာ အထက်တန်းပညာကို အဆင့်ကောင်းကောင်းနဲ့ အောင်မြင်ပြီး သူ့ကို ချီးမြှောက်တဲ့ဆုတွေတောင် ရခဲ့သေးတာကို သိကြမှာပါ။

ဒါကြောင့် ကလေးတို့အားလုံးရဲ့စိတ်ထဲမှာ ဘယ်အရာမဆို ရအောင်လုပ်ယူရင် ရနိုင်တာချည်းပဲ။ တခုပဲ လိုနေတာ အဲဒါက ရချင်တဲ့စိတ်-ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရချင်ရင် ရမယ်၊ မရချင်ရင် မရဘူး-ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို မှန်ကန်စွာနားလည်ပြီး စွဲစွဲမြဲမြဲ မှတ်ထားလိုက်ကြပါလို့ ပြောချင်ပါတယ်။

( အေးရွှေ-ကေတုမတီ )

No comments: