Friday, August 7, 2009

ရောင်စုံ အကြည့်များ

ကလေးဘ၀ကတည်းက စာအုပ်အလွန်အကျွံဖတ်ခြင်း၊ ကွန်ပျူတာ အသုံးပြုချိန် လွန်ကဲခြင်း စသည်တို့ဟာ မျက်လုံးနဲ့ပတ်သက်တဲ့ ပြဿနာများ ဖြစ်ပွားစေပါတယ်။ ဒီနေ့ခေတ်ဆိုရင်တော့ စာအလွန်အကျွံဖတ်ခြင်းထက် ကွန်ပျူတာဂိမ်းများ ဆော့ကစားနေကြခြင်းက ပိုများမယ်ထင်ပါတယ်။

တပတ်ကို စာအုပ်ထူထူ နှစ်အုပ်နဲ့အထက် ဖတ်တဲ့ကလေးတွေဟာ အဲဒီလောက် မဖတ်တဲ့ကလေးတွေထက် မျက်စိ အနီးမှုန်ရောဂါဖြစ်ဖို့ ပိုပြီးနီးစပ်ပါတယ်။ မိဘမျိုးရိုးထဲမှာ မျက်စိရောဂါရှိတဲ့သူ ရှိနေရင်လည်း ဒီရောဂါမျိုး ကလေးမှာ ရလာတတ်ပါတယ်။ ဒီရောဂါလက္ခဏာက အနီးအနားက လူနဲ့ အရာဝတ္ထုပစ္စည်းတွေကို မသဲမကွဲနဲ့ မှုန်ဝါးဝါးပဲ မြင်ရတာမျိုး၊ မြင်ကွင်းနှစ်ထပ် ဖြစ်နေတာမျိုး ခံစားရပါတယ်။ ပြီးတော့ ဒီရောဂါမျိုးက အသက်အရွယ် အကန့်အသတ်မရှိ ဖြစ်ပွားနိုင်တဲ့အတွက် ငယ်စဉ်ကတည်းက ဂရုစိုက်ပေးတတ်ဖို့ လိုအပ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံများအနေနဲ့ ပညာရေးကစပြီး ထိန်းချုပ်ကာကွယ်လို့ ရနိုင်ပေမယ့် ကွန်ပျူတာ ကိုင်တွယ်ခြင်းအတွက်ကျတော့ ခဲယဉ်းပါလိမ့်မယ်။ ကလေးတွေကို ကွန်ပျူတာရှေ့က ဆွဲထုတ်ဖို့ဆိုတာ ဘယ်သူမျှ လွယ်လွယ်ကူကူ မစဉ်းစားကြပါဘူး။ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အသိပညာတိုးတက်စေချင်လို့လည်း ဖြစ်ပါတယ်။

အများအားဖြင့် မော်နီတာ (ကွန်ပျူတာ) ဖန်သားပြင်နဲ့ ကြည့်တဲ့သူရဲ့ မျက်စိအကွာအဝေးကြောင့် မျက်စိထိခိုက်မှုတွေ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ အနီးစပ်ဆုံး သုတေသနပြုချက်များအရ ဖန်သားပြင်ပေါ်က ချောမွေ့တဲ့ အနားသတ်ရှိတဲ့ စာလုံးတွေ အစက်အပြောက်တွေ ပုံရိပ်တွေကြောင့်ပါပဲ။ ပြီးတော့ တဖျပ်ဖျပ် လင်းလက် ရွေ့လျားနေတဲ့ အရောင်မျိုးစုံတွေကြောင့်ပါပဲ။

ဒါတွေကို ကွန်ပျူတာစပြီး သင်ကြားကတည်းက ကလေးကို ကွန်ပျူတာ ၀ယ်ပေးစကတည်းက ဂရုတစိုက် သတိပေးနေနိုင်ရင် ကာကွယ်လို့ရပါတယ်။ မျက်စိကို ထိခိုက်တဲ့ အရိပ်အရောင် ရောဂါလက္ခဏာ စတွေ့ပြီဆိုရင်တော့ မျက်စိဆရာဝန်နဲ့ ဆွေးနွေးပြီး မျက်မှန်လုပ်သင့်ရင် လုပ်ကြရမှာပါ။

သတိထားလုပ်ဆောင်ရမယ့် အချက်အလက်တချို့ကတော့ အိမ်မှာ ကွန်ပျူတာဝယ်ပေးရင် မော်နီတာထားတဲ့ နေရာနဲ့ ဖန်သားပြင်ရဲ့ ဆန့်ကျင်ဘက်နံရံတွေမှာ အရောင်တောက်တောက် ဖန်သားပြင်ပေါ် အလင်းပြန်စေမယ့် အရောင်ရှိတဲ့ဆေး တမျိုးမျိုး သုတ်လိမ်းပေးထားပါ။ ကွန်ပျူတာဘေးမှာ စားပွဲတင် မီးလုံးထားပေးပါ။ ဒီအရောင်တွေ အားလုံးဟာ ဖန်သားပြင်ကထွက်လာတဲ့ ရောင်ခြည်အလင်းတန်း တွေကို လျော့ကျစေပါတယ်။ ဖန်သားပြင်နဲ့ မျက်စိရဲ့ အကွာအဝေးဟာ အနည်းဆုံး ၂-ပေနဲ့ ၃-ပေကြား ရှိသင့်ပါတယ်။ ဖန်သားပြင်နဲ့ မျက်နှာရဲ့ အနေအထားဟာ ၁၀-ဒီဂရီ ဒါမှမဟုတ် ၂၀-ဒီဂရီ လွှဲဖယ်ထားပါ။ ဖန်သားပြင်ဘေးမှာ စာရွက်ထောင်ပြီး စာရိုက်တဲ့အနေအထားမျိုးမှာ စာပွဲတင်မီးကို ဖန်သားပြင်နဲ့ မျက်နှာချင်းဆိုင်နီးပါး ဖွင့်ထားသင့်ပါတယ်။

ကလေး ကွန်ပျူတာကိုင်တွယ်တာကို မကြာမကြာ ရပ်နားဖို့ သတိပေးပါ။ အနည်းဆုံး ၂-နာရီကြာလျှင် ၁၅-မိနစ် နားပါစေ၊ ဖန်သားပြင်ကို ကြည့်နေရင်း ၁၀-မိနစ်တကြိမ် ၁၅-မိနစ်တကြိမ်ခန့် အဝေးပြင်ပကို လှမ်းကြည့်ဖို့ အနီးအနားမှာရှိတဲ့ အရာဝတ္ထုကို တလှည့်စီ လှည့်လည်ကြည့်ရှုဖို့ သင်ကြားပေးထားပါ။

အရေးကြီးတဲ့ အချက်တချက်က မျက်တောင် ခဏခဏခတ်ဖို့ သတိပေးပါ။ မျက်တောင်ခတ်မှ မျက်လုံးဟာ စိုစွတ်ပါတယ်။ ခြောက်သွေ့နေတဲ့မျက်လုံးဟာ အမြင်အာရုံ အဆင်မပြေနိုင်တဲ့အပြင် မျက်စိထိခိုက်မှု ပိုမိုပြင်းထန်စေပါတယ်။ များသောအားဖြင့် ကွန်ပျူတာသုံးသူတွေဟာ သာမန်လူတွေထက် မျက်တောင်ခတ်တဲ့နှုန်းဟာ ငါးဆခန့် လျော့နည်းပါတယ်။ ဒါကြောင့် ကလေးကို ကွန်ပျူတာကိုင်နေရင်း မျက်တောင် မကြာခဏခတ်ဖို့ သေသေချာချာ ညွှန်ကြားတိုက်တွန်းပါ။

မျိုးရိုးကြောင့် မျက်စိမှုန်သူနဲ့ စာအုပ်အလွန်အကျွံ ဖတ်လို့ မျက်စိမှုန်သူ အရေအတွက်ဟာ တူညီသလောက်ရှိပေမယ့် ကွန်ပျူတာကြောင့် မျက်လုံးထိခိုက်တဲ့နှုန်း စိတ်ရောဂါဖြစ်တဲ့နှုန်းက ပိုများပါတယ်။

မျက်လုံးက မျက်ကြည်လွှာဟာ တနေ့တာအတွက် အိပ်စက်အနားယူပြီး နောက်တနေ့နံနက်မှာ အသစ်ပြန်ဖြစ်တယ်ဆိုပေမယ့် စာအလွန်အကျွံဖတ်လို့ အိပ်ချိန်နည်းတဲ့သူ၊ မျက်တောင်ခတ်တဲ့အကြိမ် နည်းလို့ မျက်လုံးခြောက်သွေ့နေတဲ့အချိန်များတဲ့သူ၊ ကွန်ပျူတာဖန်သားပြင်နဲ့ နီးကပ်စွာ အလုပ်လုပ်တဲ့သူတွေဟာ မျက်ကြည်လွှာထုတ်လုပ်မှု စွမ်းရည်ကို လျော့ကျပျက်စီးစေတဲ့အတွက် စာအုပ်ပဲ ဖတ်ဖတ်၊ ကွန်ပျူတာပဲ ကိုင်ကိုင်၊ အချိန်အကန့်အသတ်ထားပြီး လုပ်တာ အကောင်းဆုံးပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ မျက်စိမှုန်ရောဂါက အစပြုပြီး မျက်လုံးမှာ တိမ်စွဲကာ မျက်စိကွယ်တဲ့အထိ ဆုံးရှုံးမှုတန်ဖိုး ကြီးမားလွန်းလို့ပဲ ဖြစ်ပါတယ်။

( ခင်ခင်သင်း )

No comments: