Monday, August 31, 2009

တကယ်မသေခင် အစမ်းသေကြည့်ရအောင်

ဒီဘ၀ ဒီခန္ဓာနဲ့ သံသရာ ၀ဋ်ဇာတ် အမြစ်ပြတ်အောင် အားမထုတ်နိုင် သေးဘူး ဆိုရင်တော့ သေလွန်ပြီးတဲ့ နောက် ကောင်းရာ သုဂတိ ရောက်ဖို့ကိစ္စကို အရေးတကြီး ထည့်သွင်း စဉ်းစားရပါဦးမယ်။

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာ ပုဂ္ဂိုလ်များ ကတော့ ကောင်းရာသုဂတိ ရောက်ဖို့ သေချာပြီးသားပါ။ အောက်ဆုံး အရိယာ ဖြစ်တဲ့ သောတာပန် ပုဂ္ဂိုလ် ဖြစ်သွားပြီ ဆိုရင်ပဲ အပါယ်လေးပါး ဆိုတဲ့ မကောင်းရာ ဒုဂ္ဂတိကို လုံးဝ မရောက်နိုင်တော့ ပါဘူး။ သောတာပန် ပုဂ္ဂိုလ် သေလွန်ခါနီးမှာ အပါယ် လေးပါးကို ကျရောက်သွားစေ နိုင်တဲ့ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင် မလာနိုင်တော့ပါဘူး။

သောတာပန်မှ မဖြစ်သေးဘူး ဆိုရင်တော့ ဘယ်လောက်ကောင်းတဲ့ ပုထုဇဉ်ပဲ ဖြစ်ဖြစ်၊ ဘယ်လောက် အဆင့်မြင့်တဲ့ သူတော်စင်ပဲဖြစ်ဖြစ်၊ အကြောင်းမတော်ရင် အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်လာပြီး အပါယ်လေးပါး ကျရောက်သွားနိုင်ပါတယ်။ တကယ် သေလွန်ခါနီး အချိန်မှာ အာရုံဆိုး၊ နိမိတ်ဆိုးတွေ ထင်မြင်မလာဖို့ အတွက် မသေခင်ကတည်းက ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အသေကြီးကို ရင်ဆိုင်နိုင်ဖို့အတွက် အသေလေးနဲ့ လေ့ကျင့်ထားရပါမယ်။

အသေကြီးဆိုတာ ဘ၀တစ်ခုလုံးရဲ့ နောက်ဆုံး အပြီးအပြတ် သေလွန်ခြင်းကို ပြောတာပါ။ တကယ် သေသွားတာကို ပြောတာပါ။ အသေလေး ဆိုတာကတော့ ဘ၀ တစ်နေ့တာရဲ့ နောက်ဆုံး အိပ်စက်ခြင်းကို ပြောတာပါ။ တဒင်္ဂ၊ တစ်ခဏ သေသလို ဖြစ်သွားတာကို ပြောတာပါ။ အသေကြီးဆိုတာ မနိုးသော အိပ်စက်ခြင်း ဖြစ်ပြီး အသေလေး ဆိုတာ နိုးသော အိပ်စက်ခြင်း ဖြစ်ပါတယ်။

မနိုးသော အိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီး အချိန်မှာ အကောင်းဆုံး အနေအထား ဖြစ်နေဖို့ အတွက် နိုးသော အိပ်စက်ခြင်းနဲ့ အိပ်စက်ခါနီး အချိန်ကို အကောင်းဆုံး အနေအထား ဖြစ်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ အသေကြီးနဲ့ သေခါနီး အချိန်မှာ အာရုံကောင်း၊ နိမိတ်ကောင်းတွေ ထင်မြင်နေဖို့ အတွက် အသေလေးနဲ့ သေခါနီး အချိန်ကို အာရုံကောင်း၊ နိမိတ်ကောင်းတွေနဲ့ ထုံမွှမ်းပေးထားရပါမယ်။

ညအိပ်စက်တာဟာ အသေလေးနဲ့ သေတာပါ။ ညအိပ်တော့မယ်လို့ မျက်စိ မှိတ်လိုက်တာနဲ့ တစ်ပြိုင်နက် အာရုံကောင်းတွေ၊ ကုသိုလ် အာရုံတွေပဲ ထင်မြင်နေစေရပါမယ်။ ကုသိုလ် အာရုံက ဒါနအာရုံ၊ သီလအာရုံ၊ သမထ အာရုံ၊ ၀ိပဿနာ အာရုံလို့ လေးမျိုးရှိပါတယ်။ တကယ် သေခါနီး အချိန်မှာ ဘယ်ကုသိုလ် အာရုံထင်လာမယ်၊ ဘယ်ကုသိုလ်ကို အာရုံယူလို့ ရမယ်ဆိုတာ ကြိုတင် မသိနိုင်တဲ့အတွက် အိပ်ခါနီး အချိန်မှာ ကုသိုလ်အာရုံ လေးမျိုးလုံးကို ယူထားရပါမယ်။

စနစ်တကျ ကြိုတင် လေ့ကျင့်ထားတာ တောင်မှ တကယ့်တကယ် သေခါနီး ကျတော့ ဘယ်ကုသိုလ်ကို အာရုံယူရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ တကယ်လို့ သိခဲ့ရင်တောင်မှ အင်အား ကြီးမားတဲ့ အစွဲအလမ်း အာရုံတွေ၊ အတွယ်အတာ အာရုံတွေရဲ့ လွှမ်းမိုးမှုကြောင့် ကုသိုလ် အာရုံကို အာရုံယူဖို့ ခက်ခဲနေတတ်ပါတယ်။ ဒါ့ကြောင့် ညအိပ်ခါနီး အချိန်ကို တကယ်သေခါနီး အချိန်လို့ သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင် အလေးအနက်ထား ကြိုးစားကြရပါမယ်။

ဒါနအာရုံ အနေနဲ့ ဒီနေ့ ဒီအချိန်အထိ ဘ၀ တစ်သက်တာမှာ ပြုခဲ့တဲ့ ဒါန ကောင်းမှုတွေထဲက ကိုယ် အနှစ်သက်ဆုံး၊ ကိုယ် ပီတိအဖြစ်ဆုံး ဒါနကောင်းမှု တစ်ခုခုကို အာရုံပြုရပါမယ်။ အဲဒီ ဒါန ကောင်းမှုဟာ ငွေကြေး အကုန်အကျ အနေနဲ့ နည်းချင်လည်း နည်းမယ်၊ များချင်လည်း များမယ်၊ လုံးဝ မကုန်ကျတာလည်း ဖြစ်ချင်ဖြစ်မယ်။ အကုန်အကျ အနည်းအများက အဓိက မဟုတ်ပါဘူး။ ကိုယ်တကယ် နှစ်သက် ကျေနပ်ဖို့၊ ကိုယ်တကယ် ၀မ်းမြောက်ပီတိ ဖြစ်ဖို့က အဓိကပါ။

အကုန်အကျ များတိုင်း အကျိုးပေး ထက်သန်တာ မဟုတ်ပါဘူး။ ပီတိအား ကောင်းမှ အကျိုးပေး ထက်သန်တာပါ။ ကိုယ် ပီတိအဖြစ်ဆုံး ဒါန ကောင်းမှုကို ခုလောလောဆယ် လှူနေရသလို အာရုံထင်မြင်ပြီး ၀မ်းမြောက်ပီတိ ဖြစ်နေရပါမယ်။

ညအိပ်ယာ ၀င်ခါနီးတိုင်း ဘုရား သောက်တော်ရေ အသစ်လဲတဲ့ အကျင့် စွဲစွဲမြဲမြဲ လုပ်ပေးပါ။ အိပ်ခါနီး (အသေလေးနဲ့ သေခါနီး) ရဲ့ အနီးကပ်ဆုံး ဒါန ကုသိုလ်ဖြစ်လို့ အာရုံယူရတာ အလွန် လွယ်ကူပါတယ်။ အေးချမ်းမှုနဲ့ တစ်နေ့တာကို အဆုံးသတ်လိုက်ရတဲ့ အတွက်… ဘ၀တစ်လျှောက်လုံး အစစ အရာရာ အဆင်ပြေပြီး အေးချမ်းရပါလိမ့်မယ်။

သီလကုသိုလ် အနေနဲ့ အောက်ထစ်ဆုံး ငါးပါးသီလ၊ လူဝတ်ကြောင်တိုင်း မစောင့်မဖြစ် စောင့်ရမယ့် ငါးပါးသီလကို ဆင်ခြင်ရပါမယ်။ ဆင်ခြင်လိုက်တဲ့ အချိန်မှာ ငါးပါးသီလ လုံခြုံသူ ဖြစ်နေဖို့အတွက် ညအိပ်ယာ ၀င်ခါနီးတိုင်း ငါးပါးသီလကို အသစ်ခံယူ ဆောက်တည်ပါ။ ဆောက်တည်ပြီးတဲ့ အချိန်ကစပြီး မကျိုး မပေါက်ပါစေနဲ့။ အိပ်တော့မယ် ဆိုတော့လည်း ကျိုးပေါက်စရာ မရှိတော့ပါဘူး။ ဒါဆိုရင် “ငါအခု နောက်ဆုံး ငါးပါးသီလ ယူပြီးတဲ့ အချိန်ကစပြီး ငါးပါးသီလ လုံခြုံနေပြီ” လို့ ၀မ်းမြောက်ဝမ်းသာ ဖြစ်နိုင်ပါတယ်။ ရှစ်ပါးသီလ၊ သာမဏေသီလ၊ ရဟန်းသီလ ကျင့်သုံးနေသူ တွေကလည်း ကိုယ့်သီလကိုယ် ဆင်ခြင် နှလုံးသွင်းပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေရပါမယ်။ ကုစားသင့်တာ ရှိရင် မအိပ်ခင်က ကြိုတင် ကုစားထားရပါမယ်။

သမထ ကုသိုလ် အနေနဲ့ ကိုယ် အနှစ်သက်ဆုံး၊ ကိုယ် အကြည်ညိုဆုံး ဘုရား ဂုဏ်တော် တစ်ခုခုကို ပွားများပါ။ ဥပမာ- အရဟံ ဂုဏ်တော်ကို အနှစ်သက် အကြည်ညိုဆုံး ဆိုရင်
အရ,ဟံ - ကိလေသာ ကင်းစင်တော် မူသော မြတ်စွာဘုရား၊
အ,ရဟံ - ဆိတ်ကွယ်ရာ အရင်၌ပင် မကောင်းမှုကို ပြုတော် မမူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား

လို့ အရဟံ ဂုဏ်တော်ရဲ့ အဓိပ္ပါယ်ကို အာရုံထင်မြင်အောင် စိတ်ထဲကနေ နှလုံးသွင်း ပွားများရပါမယ်။

ဘုရားဂုဏ်တော် ကိုးပါးလုံးကို အဓိပ္ပါယ်သိသိ ပွားနိုင်ဖို့အတွက် မြန်မာလို အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို လေ့လာထားရပါမယ်။ ကျက်သင့်တာတွေ ကိုလည်း ကျက်ထားရပါမယ်။

နောက်တစ်ခု သမထ အနေနဲ့ မေတ္တာဘာဝနာ ပွားများနေရပါမယ်။ အနည်းဆုံး “သတ္တ၀ါ အားလုံး ချမ်းသာကြပါစေ” လို့ သုံးခေါက်လောက် ပွားများရပါမယ်။ ကိုယ်နှစ်သက်ရာ၊ ကိုယ်အားသန်ရာ မေတ္တာပွားနည်း တွေနဲ့လည်း မေတ္တာ ပွားနိုင်ပါတယ်။

ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမထ ကုသိုလ်တွေကို အစဉ်အတိုင်း အာရုံပြု ၀မ်းမြောက်ပြီးပြီ ဆိုရင် နောက်ဆုံး ၀ိပဿနာ ကုသိုလ်နဲ့ အိပ်လိုက်ပါတော့။

နှာသီးဝ လေထိရာ အရပ်မှာ သတိကပ်ထားပြီး လေ၀င်ရင် “၀င်တယ်”၊ လေထွက်ရင် “ထွက်တယ်” ရှုမှတ်ပြီး နေပါ။ ၀င်တိုင်း၊ ထွက်တိုင်းသာ တစ်ဆက်တည်း သိနေမယ် ဆိုရင် လေးငါးချက်ထက် ပိုမမှတ်ရပါဘူး။ ချက်ချင်း အိပ်ပျော်သွားပါ လိမ့်မယ်။ ၀င်လေ၊ ထွက်လေ ရှုမှတ်ခြင်းဟာ အကောင်းဆုံး အိပ်ဆေးပါပဲ။ လေ၀င်၊ လေထွက်တိုင်း ထိတွေ့ တွန်းကန်မှုတွေကို သိနေမယ် ဆိုရင် လောဘ၊ ဒေါသစတဲ့ ကိလေသာ တွေလည်း ဖြစ်ခွင့် မရတော့ ပါဘူး။ သမာဓိ၊ ဉာဏ် ရင့်သန်ပြီးသား ပုဂ္ဂိုလ်ဆိုရင် အိပ်ယာဝင်ရာမှာ လေ၀င်လေထွက် မှတ်ရင်းနဲ့ မဂ်စိတ်ကျပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွား နိုင်ပါတယ်။

ညအိပ်တိုင်း ဒါနအာရုံ၊ သီလအာရုံ၊ သမထ အာရုံ၊ ၀ိပဿနာ အာရုံနဲ့ အိပ်စက်သွားမယ် ဆိုရင် သေလွန်ခါနီးမှာလည်း အဲဒီ အာရုံလေးမျိုး တစ်မျိုးမျိုးနဲ့ သေလွန်ရမှာ သေချာပါတယ်။ ကုသိုလ် အာရုံနဲ့ သေလွန်သွားသူကို ကောင်းရာ သုဂတိဘုံ တွေက သူဦးကိုယ်ဦး လက်ကမ်း ကြိုဆိုနေကြ မှာပါ။

ဒါ့ကြောင့် ညအိပ်ယာဝင်၊ ခေါင်းအုံးပေါ် ခေါင်းချ၊ ကျောဆန့်ပြီးတာနဲ့ တစ်ပြိုင်နက် “ငါခဏ သေလိုက်ဦးမယ်” လို့ ကိုယ့်ကိုယ်ကို စိတ်ထဲက ပြောပြီး သေနည်း လေ့ကျင့်ကြဖို့ အထူးတိုက်တွန်း လိုက်ပါတယ်။ မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ သေနည်း လေ့ကျင့်တဲ့ အလုပ်ကိုလည်း ထိပ်ဆုံးနေရာက ထည့်သွင်းထားရပါမယ်။

( ဖိုးသား-email မှ )

1 comment:

ခွန်မျိုးချစ် said...

အလွန်ကောင်းပါဧ။်။