Thursday, September 3, 2009

စာလုံးပေါင်း

ကျွန်တော် ဘလော့ တော်တော်များများ လိုက်ဖတ်တော့ သွား သတိ ထားမိတာက စာလုံးပေါင်းလေးတွေ အနည်းနဲ့ အများ လွဲချော် နေတာလေးတွေ သွားတွေ့မိပါတယ်..။ နောက် မေးလ်က လာတာလေးတွေ ဖတ်တော့လည်း အဲသလိုပါပဲ..။ ဒီလို ပြောလို့ ကျွန်တော့်အနေနဲ့ မြန်မာစာကို တအား ကျွမ်းကျင်နေတာမျိုး မဟုတ်ပါဘူး..။ ဒါပေမယ့် စာဖတ်တဲ့အခါ စာလုံးပေါင်း မှားနေတာကို တွေ့ရင် မနေတတ်၊ မထိုင်တတ် ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကျွန်တော့် အကျင့်ကြောင့် ဒီပို့စ်လေးကို ရေးလိုက်ရပါတယ်..။ စာရှုသူတွေကော၊ စာရေးသူတွေပါ ကိုယ့်ဘာသာနဲ့ ပတ်သတ်ပြီး အသိလေးတွေ တိုးသွားစေလိုတဲ့ ဆန္ဒနဲ့ပါ..။ ဆရာလုပ်သလို ဖြစ်သွားခဲ့ရင်တော့ ဒီနေရာကပဲ တစ်ခါတည်း တောင်းပန်လိုက် ပါတယ် နော..။

ပထမဆုံး သတိထားမိ တာက ပဲ နဲ့ ဘဲ.. ဒီ စကားလုံး နှစ်လုံးက တူနေပေမယ့် သုံးပုံခြင်း မတူပါဘူး..။ ဥပမာ စာကြောင်းလေး တွေကို ကြည့်ကြည့်လိုက်ပါ။

၁။ ငါကတော့ ဒီလိုပါပဲ.. ဟိုလုပ် ဒီလုပ်ပေါ့။
၂။ သူမပါဘဲနဲ့တော့ ငါခရီးမသွားချင်ဘူး။

ဒီနေရာမှာ နံပါတ် ၁ စာကြောင်းက ဒီလိုပါပဲ ဆိုတဲ့ ပဲ နေရာမှာ ဘဲ ကို သုံး၍ မရပါ။ နံပါတ် ၂ စာကြောင်းက သူမပါဘဲ ဆိုတဲ့ အသုံးအနှုန်း မှာလည်း ဘဲ နေရာတွင် ပဲ ကို သုံး၍ မသင့်တော်ပါ။ သိသူများကတော့ သိပါလိမ့်မည်။ မသိသေးသူတွေ အတွက် အလွယ်မှတ်နည်းကတော့ ဘဲ ကို မဟုတ်ဘဲ၊ မရှိဘဲ၊ မပါဘဲ၊ မစားဘဲ၊ မသွားဘဲ.. အစရှိသည့် မ…ဘဲ ဟူသော အငြင်းစာကြောင်းကဲ့သို့ သုံးချင်လျှင် ဘကုန်း နောက်ပစ် ဘဲ ကို သုံးရမည်။ ပစောက် နောက်ပစ် ပဲ ကိုတော့ အငြင်းမဟုတ်၊ မ, မပါသော စာကြောင်းမျိုးတွင် သုံးရသည်ဟု မှတ်ထားလိုက်လျှင် အဆင်ပြေပါသည်။ ဒီလောက် ဆိုလျှင် ပဲ နှင့် ဘဲကို ကွဲပြားစွာ သုံးတတ်မည် ထင်ပါသည်။

နောက် အမှားများတာ ကတော့ လဲ နှင့် လည်း..။ ဒီ စာလုံးနှစ်လုံး သုံးပုံ သုံးနည်းကိုလည်း တော်တော်များများ ကွဲပြားစွာ မသိကြ…။ သုံးတတ်လျှင် လွယ်ပါသည်။ မသိသေး၍သာ မသုံးတတ်သေး တာပါ။ ကျွန်တော် ဥပမာ စာကြောင်း လေးတွေ ရေးပြပါဦးမည်။

၁။ မင်း ဒီညနေ ဘာဟင်းချက်လဲ။
၂။ ငါလည်း မင်းလိုပဲ ကြက်သားဟင်း ချက်တယ်။

ဒီ စာကြောင်း နှစ်ကြောင်းကို လေ့လာကြည့်လျှင် လဲ နှင့် လည်း အသုံး အနှုန်း မတူသည်ကို သတိထားမိမှာပါ။ လွယ်ပါတယ် မှတ်ရတာ.. လဲ ကို အမေး စာကြောင်းများတွင် သုံးပါသည်။ အမေး စာကြောင်းမှ လွဲလျှင်တော့ လည်း ကို သုံးရပါမည်။

နောက် တစ်ခု အမှားများ တာလည်း ရှိပါသေးတယ်၊ အဲဒါကတော့ ချင်း နဲ့ ခြင်း…။ ဒီ စကားလုံး နှစ်လုံးကလည်း ဖတ်လျှင် သိသလိုလိုနဲ့ တကယ်တန်း သုံးလျှင် အသုံးမှန်ဖို့ တော်တော် ခက်ပါတယ်..။ စာရေးနေကျ သူတွေနဲ့.. စာဖတ်တဲ့အခါ သတိထားပြီး ဖတ်တတ်သူတွေ ကတော့ မှန်အောင် သုံးတတ်ကြပါတယ်..။ ဥပမာ စာကြောင်းလေးတွေကို လေ့လာကြည့်ပါဦး..။

၁။ သူကျောင်းသို့ ရောက်လျှင်ရောက်ချင်း ကျောင်းတက် ခေါင်းလောင်းထိုးသည်။
၂။ စာဖတ်ခြင်းသည် ဗဟုသုတကို တိုးပွားစေသည်။

ဒီ ချင်း နဲ့ ခြင်း အသုံး နှစ်ခုမှာလည်း အလွယ်မှတ်ချင်လျှင် ရေကူးခြင်း၊ ကျောင်းသွားခြင်း၊ ကစားခြင်း၊ စားသောက်ခြင်း.. ကဲ့သို့ နာမ် (noun) အဖြစ်သုံးသော စကားလုံးများတွင် ခြင်း ကို သုံးရပြီး စားလျှင်စားချင်း၊ သွားလျှင်သွားချင်း၊ ရပ်လျှင်ရပ်ချင်း ကဲ့သို့သော အချိန်ပြ ပုဒ်များတွင်တော့ ရရစ် ခြင်း ကို မသုံးရဘဲ ယပင့် ချင်း ကို သုံးရပါမည်။

နောက် အလွဲ နည်းသော်လည်း သိထားသင့်သော အသုံးတစ်ခုမှာ နှင့် လည်းကောင်း ဟူသည့် စကားလုံးနှစ်ခု၏ အသုံးအနှုန်း ဖြစ်ပါသည်။ ဥပမာ စာကြောင်းလေးတွေကို ကြည့်လျှင်တော့ နားလည် သဘောပေါက်သွားနိုင်ပါသည်။

၁။ ယနေ့အချိန်တွင် ၀က်တုတ်ကွေး ရောဂါသည် နာမည်ကြီးနေ၏။ ၎င်းသည် လူကို သေစေသည်အထိ ဆိုးကျိုးကို ပေးသည်။
၂။ ဗိုက်နာခြင်းသည် ရောဂါအခံရှိ၍ လည်းကောင်း၊ အစားမှား၍ လည်းကောင်း ဖြစ်နိုင်သည်။

ဒီ စာကြောင်း နှစ်ကြောင်းကို ကြည့်ခြင်းဖြင့် ၎င်း ကို စာကြောင်းအစတွင်သာ သုံးပြီး လည်းကောင်း ကိုတော့ စာကြောင်း အလယ်မှာ သုံးသည်ဟု အလွယ်မှတ်လို့ ရပါသည်။

နောက်ထပ် အသုံးအနှုန်း လွဲတာလေးတွေလည်း ရှိပါသေးသည်။ ၎င်းတို့ကား န သတ်နဲ့ သေးသေးတင် အသုံးအနှုန်းများ ဖြစ်သည်။ ဥပမာ ကုံ နှင့် ကုန်၊ တုံး နှင့် တုန်း..။ ပစ္စည်း ဥစ္စာ ကုံ လုံပြည့်စုံ ဖူလုံပြည့်ဝသည့် နေရာတွင် ကုံ ကိုသုံးပြီး၊ ကံကုန်၊ ကုန်တိုက်၊ ဟင်းကုန်ပြီ ဆိုသော နေရာမျိုးမှာတော့ နသတ် ကုန်ကို သုံးရပါမည်။ ထို့အတူ သစ်သားတုံး၊ သနပ်ခါးတုံး၊ ဓါးတုံးသည် ဟူသည့် အသုံးများတွင် သေးသေတင် တုံး ကို သုံးရပြီး မင်းကလည်း ဘာဖြစ်နေတာတုန်း ဆိုသည့် အမေး စာကြောင်းမျိုး တွင်တော့ နသတ် တုန်း ကို သုံးရမည် ဖြစ်ပါသည်။

ယပင့် ရရစ် အသုံးများတွင်လည်း တစ်ချို့ အသုံး မှားနေကြပါ သေးသည်။ သို့သော် တော်တော်များများ မှန်အောင် သုံးနိုင်ကြ၍ ကျွန်တော် မရေးပြတော့ပါ။

မြန်မာစာပေ အရေးအသားတွင် အသုံးအနှုန်း မှားသည်က ဖြည့်ဖတ်၍ အဆင်ပြေသော်လည်း ပါဠိစာပေ အရေးအသားတွင် စာလုံးပေါင်း မှားလျှင်တော့ အဓိပ္ပါယ်လည်း လွဲသွားသလို ဖတ်ရသည်မှာလည်း အလွန် ရုပ်ဆိုးပါသည်။ ဟိုတစ်ခါ ဖတ်လိုက်ရပါ သေးသည်။ သဒ္ဒါနှင့် သဒ္ဓါတို့၏ အသုံးအနှုန်း လွဲချော်မှု ဖြစ်ပါသည်။ ထို ကျွန်တော် ဖတ်လိုက်ရသော စာထဲတွင် စာရေးသူ ပြောလိုသည်က ဗုဒ္ဓဘာသာဝင်တို့၏ သက်ဝင် ယုံကြည်မှု သဒ္ဓါ ဖြစ်သည်။ သို့သော် ထိုစာရေးသူ သုံးနှုန်းထားသည်က သဒ္ဒါဟု သုံးထားသောအခါ… စာတစ်ပုဒ် လုံး၏ အရသာပါ ပျက်ယွင်းသွားသည် အထိ ခံစားလိုက်ရပါသည်။

ထို့ကြောင့် မိမိရေးလိုသော စာတွင် ဘုရား အဆုံးအမ ပါဠိစာပေများကို ထည့်သွင်း အသုံးပြုတော့မည် ဆိုလျှင် ကိုယ်ကိုယ်တိုင် မသိလျှင်လည်း ပါဠိစာပေ နားလည် တတ်ကျွမ်းသူများကို မေးပြီးမှ ရေးသင့်ပါသည်။ ထိုသို့ မဟုတ်ဘဲ မိမိရေးလိုက်သည့် ပါဠိစကားလုံး တစ်လုံး မှားယွင်းသွားလျှင် စာရှုသူအနေဖြင့် မိမိအပေါ် အထင်သေးဖွယ် ဖြစ်သလို၊ မိမိ ကိုယ်တိုင်လည်း ဘုရား အဆုံးအမ ကိုလည်း မလေးစားရာ ရောက်သွားတတ် ပါသည်။

ကျွန်တော် ယခုကဲ့သို့ စာလုံးပေါင်း အသုံးအနှုန်း များကို အလေးထား၍ ပြောပြရခြင်းမှာ အကြောင်းရင်း ရှိပါသည်။ ယနေ့ခေတ်တွင် စာပေ ပရိယတ္တိ လုပ်ငန်းများကို ရဟန်း သံဃာတော် များက စွမ်းစွမ်းတမံ ဆောင်ရွက်လျက် ရှိကြသကဲ့သို့ သီလရှင်များ၊ လူပုဂ္ဂိုလ်များ ကလည်း ၀ိုင်းဝန်း ဆောင်ရွက်နေကြ ပေသည်။ ဤသို့ ဆောင်ရွက်ရာတွင် ကျွန်တော်တို့လို ဘာသာရေး စာပေ၊ ဆောင်းပါးများ ရေးသေားနေသူတို့ အတွက် သတိထားသင့်သော ဘုရား အဆုံးအမ တစ်ခုရှိပါသည်။

ဒုကနိပါတ် အင်္ဂုတ္တိုရ် ပါဠိတော် ကြီး၌ မြတ်စွာဘုရား ကိုယ်တော်တိုင် ဤသို့ သတိပေးစကား မြွက်ကြားသွားတော် မူပုံကို ဖတ်ရှု နာယူရ ပါသည်။

ရဟန်းတို့၊ ဤတရား နှစ်မျိုးတို့သည် သူတော်ကောင်း တရားဟု ဆိုအပ်သော ငါဘုရား၏ သာသနာတော်ကို ပျက်စီးခြင်းငှာ၊ ကွယ်ပသွားခြင်းငှာ ဖြစ်ကုန်၏။ အဘယ် နှစ်ပါးတို့နည်း ဟူမူကား… အက္ခရာ၊ ပုဒ်၊ ဗျည်းကို မှားယွင်းစွာ ထားခြင်းသည် တစ်မျိုး၊ ဆိုလိုသော အနက် အဓိပ္ပါယ်ကို သိရခက်ခြင်း သည်လည်း တစ်မျိုး ဤ နှစ်မျိုးတို့ ပေတည်း။

မှတ်ချက်။
ဖိုးသား E-mail မှ

1 comment:

မောင်ကောင်း said...

အင်မတန်အကျိုးများစေတဲ့ စာတွေပါပဲ.. လာရောက် ဖတ်မှတ်သွားပါတယ်ဗျာ...
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဆက်လက်ရေးသားနိုင်ပါစေ...