Monday, September 7, 2009

တံမြက်လှည်းခြင်း အကျိုး

တံမြက်လှည်းခြင်း အကျိုးကို ထေရာပဒါန် ပါဠိတော် မြန်မာပြန် (ဒုတိယအုပ်) သကိံသမ္မဇ္ဇက ၀ဂ်၌ အောက်ပါအတိုင်း ဖော်ပြထားသည်။

နူနာသည်လည်းကောင်း၊ အိုင်းအမာသည်လည်းကောင်း၊ ၀ဲကြီးနာသည်လည်းကောင်း၊ ၀က်ရူးနာသည်လည်းကောင်း၊ ၀ဲနာသည်လည်းကောင်း၊ ပွေးနာသည်လည်းကောင်း၊ ယားနာသည်လည်းကောင်း ငါးအား မရှိပေ။ ဤသို့ ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။

ငါ၏စိတ်နှလုံး၌ စိုးရိမ်မှုသည်လည်းကောင်း၊ ငိုကြွေးမှုသည်လည်းကောင်း၊ မရှိချေ။ (ငါ၏)စိတ်သည် တုန်လှုပ်ခြင်း မရှိဘဲ ဖြောင့်မတ်၏။ ဤသို့ ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။

နှစ်သက်ဖွယ်အာရုံ၌ မနှစ်သက်၊ ထို့ပြင် အမျက်ထွက်ဖွယ် အာရုံ၌လည်း အမျက်မထွက်၊ တွေဝေဖွယ်အာရုံ၌လည်း မတွေဝေ၊ ဤသို့ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တကမ္ဘာထက်၌ တံမြက်လှည်းမှု ပြုခဲ့ရသောအခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဘူးပေ။ ဤသို့ဖြစ်ရခြင်းသည် တံမြက်လှည်းခြင်း၏ အကျိုးပေတည်း။ ဟု ဖွင့်ဆိုထားပါသည်။

တံမြက်လှည်းခြင်း၏ အကျိုးနှင့်ပတ်သက်၍ ကျွန်မဖခင်ကြီး၏ ကိုယ်တွေ့ဖြစ်ရပ်ကို တင်ပြလိုပါသည်။ တနေ့သ၌ ကျွန်မဖခင်ကြီးသည် မျက်နှာနှင့် ခန္ဓာကိုအနှံ့အပြားတွင် အဖုအပိန့်များ ထွက်ပေါ်လာပြီး မီးလောင်ဖုးများအလား အရည်လည်ကာ ပေါက်ကွဲတော့မည့်သဏ္ဍာန် ဖြစ်ပေါ်လာသည်။ နေ့ချင်းညချင်း ဖြစ်ပေါ်လာသော ထိုရောဂါကို ကျွန်မတို့ အမည်မတပ်နိုင်ပါ။ လွန်ခဲ့သောရက်အနည်းငယ်ကပင် အကောင်းပကတိပါ။ ထိုရက်မတိုင်မီက ကျွန်မ၏ဖခင်က ကျွန်မ၏မိခင်အား-

အမာရေ-ကျားမင်းပုံနှိပ်တိုက်က ဦးစောက ဓမ္မာရုံကြီးအတွက် ရေနံချေးသုတ်ဖို့ ရေနံချေး တပီပါ လှူလိုက်တယ်ကွယ့်-ဟု ၀မ်းသာအားရ ပြောလာပါသည်။ အလုပ်သမားများငှါး၍ ဓမ္မာရုံကြီးအား ရေနံချေးသုတ်ပါသည်။ ထုံးစံအတိုင်း ကိုယ်တိုင်ကိုယ်ကျ ကုသိုလ်လိုချင်သူ ဖခင်ကြီးမှာ အလုပ်သမားများနှင့်အတူ လိုက်သုတ်ပါသည်။ အသက် ၈၀-ကျော်ပြီဖြစ်သော ကျွန်မ၏ဖခင်ကြီးမှာ ရေနံခိုး၊ ရေနံငွေ့များကြောင့် နုနယ်သော အသားအရေများ လောင်ပြီး အထက်ပါအတိုင်း ဖြစ်ရမည်ဟု ယူဆရပါသည်။ အရေပြား တိုက်ဖျက်ရေးမှ ဆရာကို ပင့်ကာ ကုသသော်လည်း ပျောက်မသွား၊ ရောဂါတိုး၍လည်း မလာဘဲ ရပ်တန့်နေပါသည်။

ကျွန်မ၏ဖခင်ကြီး၏ ရောဂါမှာ ပျောက်တော့မည်မဟုတ်ဟုထင်သောကြောင့် အဖေမသေခင် မြေးကလေးများ ရှင်ပြုပေးမှ ဖြစ်တော့မည်ဟု အမြန်ဆုံး ဆုံးဖြတ်၍ ရှင်ပြုပွဲကို အကျဉ်းချုံး ပြုလုပ်ပါသည်။ ဖခင်ကြီးမှာ မြေးကိုရင်လေး နှစ်ပါးကို အမြင့်မှာထိုင်စေကာ တရိုတသေ ကန်တော့ရှာပါသည်။ ကျွန်မတို့မှာ ဤမြင်ကွင်းကို ကြည့်၍ ရင်ထုမနာဖြစ်ကာ မျက်ရည်ကျကြပါသည်။

နောက်ဆုံးတွင် ရန်ကုန်ရှိ အရေပြားအထားကု ဆရာဝန်ကီး ဦးသာလှထံ ဆေးစစ်ခံရန် ဆုံးဖြတ်ပါသည်။ ဆရာဝန်ကြီး၏ စမ်းသပ်စစ်ဆေးချက်အရ ကျွန်မတို့ စိုးရိမ်နေသည့် ရောဂါ မဟုတ်ပါ။ အရေပြားနှင့် မသင့်တင့်သောအရာကြောင့် ဖြစ်ရသည်ဟု ဆိုကာ သောက်ဆေးတလစာ ပေးလိုက်ပါသည်။ ထိုဆေးပတ် ကုန်သည်နှင့်တပြိုင်နက် ဖခင်ကြီး၏ အသားအရေမှာ စိုပြည်လာပါသည်။

ဤတွင်မှ ကျွန်မတို့မှာ သက်ပြင်းချနိုင်ကြပါသည်။ ထိုသို့ ရောဂါပျောက်ကင်းရသည်မှာ ဆရာဝန်ကြီး၏ ကျေးဇူးကြောင့်သာမက တံမြက်လည်းခြင်း၏ အကျိုးကျေးဇူးဟုလည်း ဆိုနိုင်ပါသည်။ ကျွန်မ၏ဖခင်ကြီးမှာ ကိုယ်တိုင် ရေချမ်းစင်လေးတခု ဆောက်ကာ နေ့စဉ် ရေဖြည့်ပါသည်။ ထို့ပြင် ဝေလီဝေလင်းအိပ်ရာမှ ထကာ တံမြက်စည်းကို ထမ်း၍ ကန်ဦးကျောင်း ဓမ္မာရုံများတွင် အမှိုက်သရိုက်များ ရှင်းသည့်အလုပ်ကို နေ့စဉ်နိစ္စဓူဝ ပြုလုပ်ပါသည်။ ထို့ပြင် ကျွန်မတို့အိမ်ရှေ့ရှိ ညနေဈေးတန်းလေးတွင် ဈေးသည်များ ရှုပ်ပွထားသမျှ အမှိုက်သရိုက်များကို နေ့စဉ် လှည်းကျင်းပါသည်။ သံဃာတော်များ ဆွမ်းခံကြွရန် ရည်စူး၍ သန့်ရှင်းသည်ဟု ဆိုပါသည်။ ရွှံ့ဗွက်များရှိပါက ၀ါးလုံးများဝယ်၍ လမ်းခင်းပါသည်။

ထို့ပြင် ကျွန်မ၏ဖခင်ကြီး ကိုးကွယ်သော ဘုန်းကြီးကျောင်းရှိ ကုဋီများကိုလည်း ထွန်ခြစ်များ၊ ဂျုတ်များဖြင့် ဆွဲကာသန့်ရှင်းစေပါသည်။ ယုတ်စွအဆုံး လူတကာစုံသည့် ဘူတာရုံရှိ မီးရထားအိမ်သာများကိုလည်း ရေအထမ်းပေါင်း မြောက်မြားစွာဝယ်ယူ၍ ကြက်ပေါင်ဖိနပ်ရှည်ကြီးစီးကာ သန့်ရှင်းရေးလုပ်ပါသည်။

ထို့ပြင် ကန်ဦးကျောင်းရှိ ရှင်ဥပဂုတ္တမထေရ်မြတ် ရုပ်ပွားတော်ကို ရေကန်အလယ်သို့ ပင့်ဆောင်ကာ သုံးနှစ်တိတိ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပါသည်။ အသက်အရွယ်ကြီးရင့်လာသဖြင့် မူးမိုက်ကာ ကန်ထဲသို့ ကျမည်စိုးရိမ်၍ ကျွန်မ၏ဖခင်ကြီးကို တားမြစ်သော်လည်း မရပါ။
ငါ အိပ်ရာထဲမှာလဲလို့ မထနိုင်မှ ဒီအလုပ်ကို စွန့်မယ်။ ငါ့ကို မတားနဲ့-ဟု မာမာထန်ထန် ပြောသဖြင့် ကျွန်မ၏မိခင်ကြီးမှာ မတားတော့ပါ။ သူပြောသည့်အတိုင်း အိပ်ရာက မထနိုင်မှ ထိုအလုပ်ကိုစွန့်ပါသည်။

ကျွန်မ၏ဖခင်သည် မြို့အရှေ့ ဘုရားကြီးတန်ဆောင်း အမိုးပေါ်တက်၍ လင်းနို့ချေး ခိုချေးများ တက်လှည်းဖူးပါသည်။ ထို့ပြင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့နယ်သံဃာများ ပရိယတ္တိနုဂ္ဂဟ စာပြန်ပွဲ ကျင်းပရာ ကန်ဦးကျောင်းဝင်းအတွင်းရှိ မြက်များ၊ အမှိုက်သရိုက်များကိုလည်း အလုပ်သမားများငှါးရမ်းကာ တပတ်ကြိုတင်၍ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီး ရှင်းလင်းပါသည်။

ထိုသို့ ပြုလုပ်လာရင်း ကျွန်မ၏ဖခင်ကြီးသည် အသက် ၉၃-နှစ်ရောက်မှပင် ရောဂါဝေဒနာ မခံစားရဘဲ ညင်သာစွာ အသက်ဇီဝိန်ချုပ်သွားပါသည်။ တံမြက်လှည်းခြင်း ကုသိုလ်သည် အကျိုးကြီးပေစွ။

( ကွယ်လွန်သူ ဖခင်ကြီး ဦးမောင်ကြီး-အငြိမ်းစား လမ်းဗိုလ်ကြီး-အား ဤဆောင်းပါးဖြင့် ကန်တော့ပါသည်။ )

( ရှင်ငြိမ်း )

No comments: