Tuesday, September 8, 2009

နိဗ္ဗာန်စခန်း ရောက်ရာလမ်း

( ပထမပိုင်း )

ဒီညနေ ဟောပြောမယ့် အကြောင်းအရာကို နိဗ္ဗာန်စခန်း ရောက်ရာလမ်း-( The Way to Nibbana )လို့ ခေါင်းစဉ်တပ်ထားတယ်။ အမွန်မြတ်ဆုံးသော ချမ်းသာကို ခံစားရရှိမယ့် နည်းလမ်းအကြောင်းပါပဲ။
ဘုရားရှင်တို့ရဲ့ အဆုံးအမတော်တွေကို အနှစ်ချုပ်လိုက်တဲ့အခါ အောက်ပါတဂါထာထဲမှာပဲ အကျုံးဝင်နေတာ တွေ့ရတယ်။ ဘယ်လိုလဲဆိုတော့-

သဗ္ဗပါပဿ အကရဏံ ၊ ကုသလဿုပသမ္ပဒါ ။
သစိတ္တပရိယောဒပနံ ၊ ဧတံ ဗုဒ္ဓါန သာသနံ ။ ( ဓမ္မပဒဂါထာ ၁၈၃ )
( မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား၊ ဘုရားဆုံးမမြဲ )

ဒီပါဠိဂါထာတော်ကို ကြားဖူးကြပြီးဖြစ်မှာပါပဲ။ ဒီဂါထာကလေးဟာ အလွန်တိုတောင်းသော်လည်း မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တရားတော်အားလုံးကို ခြုံမိပါတယ်။ နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ် လမ်းခရီးကြီးမှာ အဆင့်သုံးဆင့်စလုံးလဲ ဒီဂါထာမှာ အကျုံးဝင်ပြီးဖြစ်တယ်။ အင်္ဂါရှစ်ပါးရှိတဲ့ မဂ္ဂင်လမ်းဆိုတဲ့ မဇ္ဈိမပဋိပဒါ ကျင့်စဉ်စခန်းမှာ အဆင့်ကြီး သုံးဆင့်ရှိတယ်။ တဆင့်စီတက်ပြီး ရင့်ကျက်အောင် ကျင့်ကြံအားထုတ်ရတယ်။ သုံးဆင့်ကို ပါဠိလို (ခန္ဓ) အစုအပေါင်းလို့ ခေါ်တယ်။ သီလဆိုတဲ့ အစု၊ သမာဓိဆိုတဲ့ အစု၊ ပညာဆိုတဲ့ အစု အဲဒီလိုသုံးစု ဖြစ်တယ်။

မဂ္ဂင်ရှစ်ပါးထဲက သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပဆိုတဲ့ နှစ်ပါးဟာ ပညာအုပ်စုမှာ ပါဝင်ကြတယ်။
သမ္မာဒိဋ္ဌိဆိုတာ မိမိကိုယ်ရဲ့ သဘောသဘာဝကို မိမိမှန်စွာ သိမြင်ခြင်းနဲ့တကွ လောကကြီးရဲ့ သဘောသဘာဝကိုပါ မှန်စွာသိမြင်ခြင်းကို ဆိုလိုတယ်။
သမ္မာသင်္ကပ္ပ ဆိုတာကတော့ မှန်စွာတွေးကြံခြင်းပါပဲ။

ဒီနောက်မှာ မဂ္ဂင်တရားသုံးပါးဖြစ်ကြတဲ့ သမ္မာဝါစာ (မှန်စွာ ပြောဆိုခြင်း)၊ သမ္မာကမ္မန္တ (မှန်စွာပြုလုပ်ခြင်း) နဲ့ သမ္မာအာဇီဝ (မှန်စွာ အသက်မွေးခြင်း) တို့က သီလအုပ်စုမှာ ပါဝင်ကြတယ်။
သမ္မာဝါယာမ (မှန်စွာအားထုတ်ခြင်း) သမ္မာသတိ (မှန်စွာသတိမူခြင်း) နဲ့ သမ္မာသမာဓိ (မှန်စွာ တည်ကြည်ခြင်း) တို့ကတော့ သမာဓိအုပ်စုမှာ ပါဝင်ကြတယ်။

ဒီနေရာမှာ စောဒကတက်တတ်ကြတဲ့ အချက်ကတော့ ဘာကြောင့် သုံးဆင့်တောင်ခွဲပြီး ကျင့်ရတာလဲ။ အခြေခံအနေနဲ့ တဆင့်တည်းထားလို့ မဖြစ်နိုင်ပေဘူးလား-ဆိုတဲ့ အမေးပြဿနာပါပဲ။ သုံးဆင့်ခွဲထားရတဲ့ အကြောင်းကတော့ သတ္တ၀ါတွေမှာ ကိလေသာတွေက အဆင့်သုံးမျိုးရှိနေပါတယ်။ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာဆယ်ပါးရှိရာမှာ ကိလေသာတပါး တပါးမှာ အဆင့်သုံးဆင့်စီ ရှိတယ်။
ဥပမာ-လောဘ၊ ဒါမှမဟုတ် ဒေါသမှာ သုံးဆင့်ရှိတယ်။

ပထမဆင့်ကတော့ အရင်းအမြစ်ပဲ။ ပါဠိလို အနုသယလို့ခေါ်တယ်။ ဒီအဆင့်မှာ လောဘဖြစ်စေ ဒေါသဖြစ်စေ စတဲ့ ကိလေသာတွေဟာ လူတို့ရဲ့သန္တာန်မှာ ငုပ်နေတယ်။ စိတ်ထဲမှာ ပေါ်လာတဲ့အဆင့်အထိအောင် ထင်ရှားမပြကြဘူး။ စိတ်ဆဲမှာလည်း ဘယ်လိုမှ ခံစားမှု မပေါ်ဘူး။ စိတ်လှုပ်ရှားမှုလည်း မဖြစ်ဘူး။ ဒါပေမယ့် ပုန်းအောင်နေတဲ့သဘောနဲ့ ရှိတော့ရှိနေကြတယ်။ ပုန်းအောင်းနေကြောင်း ထင်ရှားသိသာနိုင်တယ်။

ဘယ်လိုသိသာနိုင်သလဲဆိုတော့ သာမန်အားဖြင့် လူကောင်းသူကောင်းလို့ ခေါ်ကြသူ တဦးဦးကို စိတ်လှုပ်ရှားလာပြီး ဒေါသထွက်အောင် လုပ်မယ်ဆိုရင် ရှူးရှားရှားရှား ဖြစ်လာတတ်တယ်။ ဒါဟာ သူ့စိတ်ထဲမှာ ဒေါသအစရှိတဲ့ ကိလေသာတွေ ငုပ်လျှိုးပုန်းအောင်းနေတဲ့ သဘော၊ အကြောင်းတိုက်ဆိုင်လာရင် ပေါ်ထွက်လာတတ်တဲ့ သဘောကို ပြတယ်။ သူများကလာပြီး ဒေါသထွက်အောင် မလုပ်သေးရင်တော့ ကောင်းတဲ့လူတယောက်ပါပဲ။ ဒါပေမယ့် ဒေါသဖြစ်အောင် စိတ်ကိုဆွပေးလိုက်တဲ့အခါမှာ ဒေါသထွက်ပြီး စိတ်တွေလှုပ်ရှားလာတဲ့အချက်ဟာ သူ့စိတ်မှာ ကိလေသာဖြစ်တတ်တဲ့ ဓာတ်ခံရှိနေကြောင်း သက်သေပြလိုက်တာပဲ။

လူတဦးရဲ့ လုပ်ဆောင်ချက်တွေဟာ သီလတရားနဲ့အညီ ပြုလုပ်တာဖြစ်ရင် အဲဒီလုပ်ရပ်မျးဟာ မှန်စွာပြုလုပ်မှု ( သမ္မာကမ္မန္တ )လို့ ခေါ်တယ်။ ကိုယ်ပြုလုပ်လိုက်တဲ့ အမှုတခုဟာ ဘယ်သူရဲ့ အကျိုးစီးပွားကိုမှလဲ ထိခိုက်မှု မဖြစ်ဘူး၊ ကိုယ့်အတွက်ရော သူတပါးအတွက်ရော အလွန်အကျိုးကျေးဇူး ဖြစ်စေတယ်လို့ ဆိုရင် အဲဒီလုပ်ရပ်မျိုးကို မှန်ကန်တယ်လို့ ဆိုရတယ်။ ကောင်းတယ် မှန်တယ်ထင်လို့ လုပ်လိုက်တဲ့အမှုများစွာတို့ဟာလည်း ကိုယ့်စိတ်ထင်မှာ ကောင်းတယ် မှန်တယ်လို့ ကိုယ့်ရှုထောင့်ကကြည့်ပြီး သတ်မှတ်တဲ့ လုပ်ရပ်တွေရှိတတ်ပေတာပဲ။

မှန်စွာပြုလုပ်မှု ဆိုတာ တကိုယ်ကောင်း မဆန်ရဘူး။ မုန်တီးခြင်း၊ ဒေါသဖြစ်ခြင်း၊ မနာလိုခြင်း အစရှိတဲ့ (အကုသိုလ်) တရားတွေ ကင်းစင်ရမယ်။ လူ့စိတ်ဟာ ဖြူစင်သန့်ရှင်း နေခိုက်မှာ အရာခပ်သိမ်းကို ပကတိအမှန်အတိုင်း သိမြင်နိုင်တယ်။ ဥပမာ-ရေအိုးတအိုးထဲကို ရေထည့်တယ် ဆိုပါစို့။ ပထမတကြိမ်မှာ အိုးရဲ့ အောက်ပိုင်းလောက်အထိပဲ ရေကိုထည့်လိုက်တယ်။ ဒီနောက်တော့ အိုးတ၀က်လောက်ရောက်အောင် ထည့်လိုက်ပြီး တတိယအခါကျတော့မှ အိုးပြည့်အောင် ထည့်လိုက်တယ်။
အဲဒီလို သုံးခါ တဆင့်စီ ရေဖြည့်ထည့်မှ ပြည့်စေတဲ့သဘောနဲ့ ကိလေသာဖြစ်ပုံ သုံးဆင့်ကို နှိုင်းခိုင်းနိုင်တယ်။

အနုသယ ကိလေသာအဆင့်မှာ ကိလေသာဆိုတဲ့ (စိတ်ကိုပူပန်ညစ်နွမ်းစေတတ်တဲ့) တရားဟာ ပထမအဆင့်မှာ ရှိတုန်းတော့ ထင်ရှားမပေါ်ပေါက်သေးဘူး။ အိပ်နေသလို ငုပ်လျှိုးပုန်းအောင်းနေသလိုပဲ ရှိနေတယ်။ လူတယောက်ကို ဒေါသထွက်အောင် ဆွပေးတဲ့အခါ ဒေါသတွေ ထကြွလာတာကို တွေ့မြင်ရတဲ့အတွက် သူ့မှာ ဒေါသအရင်းအမြစ် (၀ါ) ဓာတ်ခံက ရှိနေတယ်ဆိုတာ သိရတယ်။ အဲဒီပထမအဆင့် ကိလေသာဆိုတာ အလွန်ငြိမ်သက်နေတဲ့အတွက် ရှိမှန်းကို မသိရဘူး။ သူတော်ကောင်းတယောက်လို့တောင် ထင်ရတယ်။

ကိလေသာရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ ပရိယုဋ္ဌာန ကိလေသာအဆင့်ထိအောင်လဲ စိတ်ထဲမှာ စြေ်ပေါ်နေဆဲပဲ ရှိသေးတယ်။ အပြင်ကို ပွင့်ထွက်မလာသေးဘူး။ စိတ်ထဲမှာ ခံစားမှုအနေနဲ့ ဖြစ်ပေါ်တဲ့ ကိလေသာဖြစ်လို့ ဘေးလူမသိသေးဘူး။
တိတ်တိတ်နေ ထောင်တန်-ဆိုတဲ့ စကားပုံကတော့ ဒီဝမ်းထဲမှာ ဖြစ်ပေါ်နေဆဲကိလေသာအတွက် အကျုံးမ၀င်ပေဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်ထဲမှာရှိနေပြီး အပြင်ကို ပွင့်အန်ထွက်မလာတာကိုက ပေါက်ကွဲမယ့်အန္တရာယ်ကြီးအဖြစ် ရှိနေတဲ့အတွက် တိတ်တိတ်နေတာဟာ ဒီနေရာမျိုးမှာ ကောင်းတဲ့အခြေအနေမဟုတ်ဘူး။

နောက်ဆုံး (တတိယအဆင့်) ကတော့ ကိလေသာကို ၀ီတိက္ကမ ကိလေသာလို့ခေါ်တယ်။ ပွင့်ကန်ပေါက်ကွဲတဲ့အထိ ပြင်းထန်လာပြီး။ နှုတ်အမူအရာ ကိုယ်အမူအရာတွေဟာ မထိန်းချုပ်နိုင်တဲ့အဖြစ်ကို ရောက်တယ်။ ဒါကြောင့် ကိလေသာဖြစ်ပုံကို အနုသယ၊ ပရိယုဋ္ဌာန၊ ၀ီတိက္ကမရယ်လို့ သုံးဆင့်ခွဲခြား နားလည်ကြရတယ်။

မထင်ရှားတဲ့ ငုပ်လျှိုးနေတဲ့ ကိလေသာဓာတ်ခံကလေးကို ထိန်းချုပ်ပြီး ကွယ်ပျောက်စေတတ်တဲ့ နည်းလမ်းကို မြတ်ဗုဒ္ဓရဲ့တရားတော်မှာ တွေ့နိုင်တယ်။ ဒီလို ထိန်းသိမ်းနိုင်ဖို့ရာအတွက် စိတ်ဓာတ်ဖွံ့ဖြိုးရေးကျင့်စဉ်ကို သုံးဆင့်ခွဲခြားထားရတယ်။ သုံးဆင့်ဆိုတာကတော့ သီလ သမာဓိ ပညာ စခန်းများပဲ ဖြစ်တယ်။

( အရှင်သေဋ္ဌိလ နှင့် ဦးတင်ဦး-မြောင် )

( ရှေ့လ ဆက်ရန် )
ဆရာတော်ကြီး အရှင်သေဋ္ဌိလ-၏ တရားကို ဦးတင်ဦး-(မြောင်)က ဘာသာပြန်သည်။
( မြတ်မင်္ဂလာ ၁၉၉၈-ဇွန်လ )

မှတ်ချက်။
ရှေ့လ ဆက်ရန် ဆိုသော်လည်း ၁၉၉၈-ခု ဇူလိုင်လထုတ် မြတ်မင်္ဂလာစာစောင်သည် မော်လူးထံမှာ မရှိသေးပါသဖြင့် ရှိသည့်အခါ တင်ပြသွားပါမည်။
စာရှုထံ ရှိလျှင်လည်း အများအကျိုး မျှော်ကိုး၍ ငှါးပေးစေလိုပါသည်။ (သို့) စကင်ဖတ်ပြီး ပေးပို့စေလိုပါသည်။

မေတ္တာဖြင့်
မော်လူး

No comments: