Wednesday, September 9, 2009

သုတ်မင်္ဂလာ ဆယ်ဂါထာ

ယနေ့မြန်မာနိုင်ငံတော်ကြီးတွင် လူမျိုး ဘာသာ သာသနာ ယဉ်ကျေးမှုများ မတိမ်ကော မပပျောက်ခြင်းသည် ပထမပြန်မြန်မာနိုင်ငံတော်ခေတ်ဟုဆိုအပ်သော ရှေးခေတ်ပုဂံပြည်၏ ဂုဏ်ကျေးဇူးပင်ဖြစ်ပါသည်။ ပုဂံခေတ်အကြောင်း ပြောရပြီဆိုလျှင် ရှုင်အရဟံနှင့်အနော်ရထာမင်းတို့၏ ဂုဏ်ကျေးဇူးကို ချန်လှပ်ထား၍ မရစကောင်းပါ။ ပုဂံခေတ်ဦးတွင် အနော်ရထာသည် အရည်းကြီးတို့ကိုသာ ကိုးကွယ်ခဲ့ရ၏။ ရှင်အရဟံနှင့် တွေ့မှသာ အပ္ပမာဒ-သုတ္တန်ဒေသနာတော်ကို ကြားနာရသည်။ ဤတွင် အရည်းကြီးကိုးကွယ်မှုကို နှိမ်နင်းဖယ်ရှားစေလျက် ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ-ဟူသောဂါထာဖြင့် မြန်မာ့လူ့ဘောင်ကို အကြောင်းအကျိုးနှင့် ဆက်စပ်တွေးခေါ်တတ်သောစိတ်ဓာတ်၊ အရာရာကို အမှန်သိမြင်နိုင်သော မျက်လုံးနှစ်ဖက်နှင့်တူသည့် ၀ိဇ္ဇာ-တည်းဟူသော ဉာဏ်ပညာ၊ ကောင်းသောနေရာသို့ ရောက်အောင် သွားနိုင်သော ခြေထောက်နှစ်ဖက်နှင့်တူသည့် စရဏ-တည်းဟူသော အကျင့်တို့ကို ရရှိခဲ့သည်။ ရှုင်အရဟံက သင်ပေးသောကြောင့် အနော်ရထာဘုရင်နှင့် ပြည်သူတို့သည် အမြင်ချင်း၊ အကျင့်ခြင်း တူအောင် စည်းရုံး၍ စည်းလုံးမှုရရှိပြီး အပ္ပမာဒ-တရားကို လက်က်ုင်ထား၍ ဆောင်ရွက်နိုင်သဖြင့် ပုဂံခေတ်သည် ယနေ့တိုင် ထင်ရှားလျက်ရှိနေခြင်း ဖြစ်ပါသည်။

အမြင်ချင်း အကျင့်ချင်းတူအောင် ဖြစ်စေသောကျင့်စဉ်သည်ကား အခြားမဟုတ်။ ငါးရာ့ငါးဆယ် ဇာတ်တော်များတွင် ဤအမြင်နှင့် အကျင့်တို့ကို ပြယုဂ်အနေဖြင့် ဖော်ပြသောဝတ္ထုဇာတ်လမ်းများနှင့်လည်းကောင်း၊ ဇာတ်ကြီးဆယ်ဘွဲ့တွင်လည်း ဘုရားအလောင်းတော်ကိုယ်တိုင် ဤအမြင်၊ ဤအကျင့်တို့ဖြင့် လောကအကျိုးအပေါ် အခြေခံ၍ မင်္ဂလသုတ်တော်-အားဖြင့် အမြင်ကြည်လင်စေလျက် ကိုယ်ကျင့်သိက္ခာဖြင့်လည်းကောင်း အမြင်ချင်း၊ အကျင့်ချင်းတူအောင် ရှုင်အရဟံထံမှ ထေရ၀ါဒဗုဒ္ဓဘာသာတရားကို အနော်ရထာ သင်ယူရသဖြင့်သာ ဆရာကောင်းတပည့် ပန်းကောင်းပန်ရခြင်း ဖြစ်ပါသည်။

ထို့ကြေင့်လည်း ပုဂံပြည်သူပြည်သားများ၏ အမြင်သည် ကြည်လင်၍ ကိုယ်ကျင့်သည် ခိုင်မာခြင်းဖြစ်၏။ ထို့နောက် ပုဂံပြည်သူပြည်သားများအတွက် နိုင်ငံ၏ဖွဲ့စည်းပုံ-မူ-သဖွယ်ဖြစ်သော စာပေတရပ်လည်း ရှိသေး၏။ ယင်းစာပေကား မင်္ဂလသုတ်-ဖြစ်၏ မင်္ဂလသုတ်ကြောင့် ပုဂံပြည်သူပြည်သားများသည် မိမိတို့ မိသားစုကိုလည်း ချစ်တတ်၏။ လောကလူသားများကိုလည်း ချစ်တတ်၏။ ရတနာသုံးပါးအစစ်ကိုလည်း ကိုးကွယ်တတ်၏။ ယုံကြည်တတ်၏။ သာသနာတော်ကိုလည်း ချီးမြှောက်တတ်၏။

မင်္ဂလသုတ်-သည် လူ့လောကတွင် လူအဖြစ်နေထိုင်သူများအတွက် အယဉ်ကျေးဆုံးသော လူအဖြစ် နေထိုင်တတ်ရန် မြတ်စွာဘုရား ဟောကြားတော်မူသော ဒေသနာဖြစ်၏။
မြန်မာ တရုတ် အိန္ဒိယ လူမျိုးမခွဲခြားဘဲ လူ-ကို လူ-အဖြစ် မြင်တတ်ရန်နှင့် လေးစားစွာ ဆက်ဆံတတ်ရန်၊ ထိုသို့ဆက်ဆံရာမှာလည်း အတိုင်းမသိ အာနုဘော်ကြီးမားသော ပါရမီကုသိုလ်ကို ရယူပြီး သစ္စာလေးပါး မြတ်တရားကို ကိုယ်တိုင်မျက်မှောက်ပြုနိုင်သည်ကို လူချမ်းသာ နတ်ချမ်းသာနှင့် နိဗ္ဗာန်ချမ်းသာကို လက်တွေ့ခံစားနိုင်ပါသည်။ မင်္ဂလာတရားတော်တို့သည် တပါးထက်တပါး နက်၍နက်၍လာကာ နောက်ဆုံးတွင် ရဟန္တာဖြစ်သည်အထိ ဖော်ပြထားသော တရားဖြစ်သည်။

ပုဂံခေတ်တွင် ရဟန်းသံဃာတော်များသည် ပညာသင်ကြားပေးရာ၌ ဦးဆောင်ခဲ့ကြသဖြင့် ရှုင်ဘုရင်အဆက်ဆက်၊ သားတော် သမီးတော်များ မှူးကြီးမတ်ရာများ စစ်သူကြီးများ ဗိသုကာပညာရှုင်များ လယ်သမားများ တိုင်းသူပြည်သားများ ဆင်းရဲချမ်းသာမရွေး ဘုန်းကြီးကျောင်းသားများ ကျောင်းသူများ ရဟန်းသံဃာတော်များထံ ပညသင်ခဲ့ကြသည်။ ထို့ကြောင့် ပုဂံခေတ်မှ ကုန်းဘောင်ခေတ်တိုင်အောင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် လွတ်လွတ်လပ်လပ် ထည်ထည်ဝါ၀ါဖြင့် မြန်မာနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့သလို နိုင်ငံသားတို့၏ ဘ၀သည်လည်း ထေရ၀ါဒဗုဒ္ဓဘာသာ၏ သွန်သင်ချက်အတိုင်း မှန်မှန်ကန်ကန် သိခဲ့ကြရ၏။ အမြင်ချင်း၊ အကျင့်ချင်း၊ တူခဲ့ကြ၏။ အတ္တာဟိ အတ္တနော နာထော-ကိုးကွယ်ရာသည် မိမိပင်ဖြစ်၏။ မိမိမှတပါး ပြင်ပအားကိုးရာ မည်သည် မရှိ-ဟူသော အသိကိုလည်း ရှုင်သန်ခဲ့ရ၏။

( လူတိုင်းသင်အပ် ကျင့်မြတ်မင်္ဂလာ )
မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်လက်အောက် ကျွန်ဘ၀ရောက်သွားသောအခါ အင်္ဂလိပ်နယ်ချဲ့တို့သည် မြန်မာဘုန်းတော်ကြီးတို့၏ အခြေအနေကို ကောင်းစွာအကဲဖြတ်တတ်၏။ အရှိန်အ၀ါကိုလည်း သိ၏။ သြဇာအာဏာကိုနားလည်ကြ၏။ ထို့ကြောင့် မြန်မာ့ပညာရေးကို ဘုန်းတော်ကြီးများ၏ လက်ထဲက ဆွဲယူပြီး လူပုဂ္ဂိုလ်များလက်ထဲသို့ ထည့်လိုက်ကြ၏။

ထိုအခါမှစ၍ မြန်မာနိုင်ငံ၏ပညာရေးသည် ၀ိဇ္ဇာ နှင့် စရဏ ကွဲ၍ သွားတော့၏။ အမှန်အားဖြင့် ၀ိဇ္ဇာနှင့်စရဏ ကွဲနေသမျှကာလပတ်လုံး ၀ိဇ္ဇာသည်လည်း အတုအယောင်ဝိဇ္ဇာ (ပညာ)၊ စရဏသည်လည်း အတုအယောင် စရဏ (အကျင့်) အဖြစ်သို့မရောက် ရောက်အောင် နယ်ချဲ့အင်္ဂလိပ်တို့၏ ဖန်တီးခြင်းကို ခံလိုက်ရ၏။

ပုဂံခေတ်ကပင် အမွေဆက်ခံ သင်ယူလာခဲ့ရသော မင်္ဂလသုတ်တရားတော်အရ ကိုယ်ကျင့်သိက္ခာမြင့်ခဲ့ရသော မြန်မာလူမျိုးတို့သည် ကျွန်ဘ၀ရောက်ချိန် ခေတ်ကာလအလျောက် ဘာသာမျိုးခြား၊ စာစကား၊ သင်ကြားသင့်သည်မှတ်-ဟူသော ဆုံးမစာအတိုင်း ယခင် သင်ကြားခဲ့ရသော ယံ မင်္ဂလံ ဒွါဒသဟိ-အစချီသော မင်္ဂလာတရားနေရာတွင် (CAT) တွေ သင်လာရတော့ စာတတ်ဖို့ထက် လူတွေဟာ သူတို့ရဲ့အမူအကျင့်တွေပါ လိုက်ပြီးယူတော့ (BAT MAN) တွေ ဖြစ်လာကြကာ နောက်ဆုံးကျ အတုခိုးမှားပြီး (DOG) တွေ ဖြစ်ကုန်ကြသည်ဟု စာရေးဆရာ၊ ဒါရိုက်တာအဘ ဦးသုခက သူ၏ မင်္ဂလသုတ် နိဒါန်းတွင် ရေးသား သတိပေးထားပါသည်။

တရားလက်ကွာ၊ တဖက်စာကြောင့်၊ ဘုရားကိုစွန့်၊ တရားစွန့်၍၊ ထိုအခါ တိုင်းဖွား၊ လူအများလည်း၊ ဆက်ကာခုထက်၊ တိုး၍ပျက်လိမ့်-ဆိုသော လင်္ကာနှင့်အညီ ထိုအခါက တိုင်းတပါးသား ကေနာဂုမီရာတန်း-ဆိုသော စာအုပ်ကုန်သည်က မြန်မာသင်ပုံးကြီးနှင့် မင်္ဂလသုတ်ကိုပါ တွဲရိုက်သောစာအုပ်ကို တအုပ် ၂-ပြားဖြင့်ရောင်း၍ ၂-ပြားတန်မင်္ဂလသုတ်ဖြစ်အောင် နယ်ချဲ့တို့က အကွက်ချ၍ ဗုဒ္ဓတရားအပေါ် ချိုးနှိမ်ပျက်ရယ်မှု အလုပ်ခံခဲ့ရသည်။

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရား အနှစ်ချုပ်အဖြစ် ထုတ်ကြည့်မည်ဆိုလျှင် မင်္ဂလာတရားအမှတ်စဉ် ၁-မှ ၂၁ အထိ တရားများသည် လောကီကြီးပွားရေးဖြစ်၏။ အမှတ်စဉ် ၂၂-မှ ၃၀ အထိ တရားသည် အထက်တန်း လောကီကြီးပွားရေးဖြစ်၏။ အမှတ်စဉ် ၃၁-မှ ၃၈ အထိ တရားသည် အမြတ်ဆုံးလောကုတ္တရာ ချမ်းသာရရှိရေးတရားများ ဖြစ်သည်။

မင်္ဂလသုတ်တရားတော်သည် အရွယ်သုံးပါး လိုက်နာကျင့်သုံးရမည့် တရားများဖြစ်သလို ဘာသာခြား လူမျိုးများလည်း လက်ခံသင်ယူ ကျင့်သုံးနိုင်သော တရားဖြစ်သည်ဟု ဆိုချင်ပါသည်။ မင်္ဂလာတရားအစ ဖြစ်သော ပေါင်းသင်းဆက်ဆံရေးမင်္ဂလာတရားကို ဦးစွာကြည့်ပါက-

လူမိုက်ကို မပေါင်းရေး၊ ပညာရှိ လူလိမ္မာကို ပေါင်းရေး၊ ပူဇော်ထိုက်သူကို ပူဇော်ရေး ဆိုသော တရားသည် ဘာသာတိုင်း လူမျိုးတိုင်းက လက်မခံနိုင်ပါဟု ဆိုဝံ့ကြမည် မဟုတ်ပါ။
အခြားဘာသာဝင် လူမျိုးများအနေဖြင့် ၄င်းတို့ဘာသာအရ လိုက်နာရမည်မဟုတ်၍ ခက်ခဲသဖြင့် ချွတ်ချက်ထား၍ မသင်ယူနိုင်သော တရားမှာ ၃-ပါးသာ ရှိပါမည်။ ၄င်းတို့ ၃-ပါးမှာ မင်္ဂလာတရား အမှတ်စဉ် ၂၉-သမဏာနဉ္စ ဒဿနံ=ရဟန်းသံဃာတို့အား ဖူးမြော်ရခြင်း။ အမှတ်စဉ် ၃၃-အရိယာသစ္စာန ဒဿနံ=သစ္စာလေးပါးကို သိမြင်ခြင်း နှင့် အမှတ်စဉ် ၃၄-နိဗ္ဗာန သစ္ဆိကိရိယာစ=နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းတို့ဖြစ်သည်။

ကျန်ရှိသော မင်္ဂလာတရား ၃၅-ပါးမှာ လူတိုင်း အခြားဘာသာတိုင်းကပါ လက်ခံနိုင်သော မင်္ဂလာတရားများဖြစ်ကြောင်းနှင့် ၄င်းတို့ကိုယ်တိုင်လည်း ငယ်စဉ်က ကျောင်းများတွင် သင်ယူခဲ့ရဖူးကြောင်း အခြားဘာ၀၀င် လူကြီးများနှင့် ဆွေးနွေးခဲ့ရပါသည်။
( သုတ်မင်္ဂလာ ဆယ်ဂါထာ အ-ပ-ဗာ-မာ-ဒါ-အာ-ဂါ-ခန်-တ-ဖုဋ္ဌ် )
( ရှေ့လဆက်ရန် )

( ရဲဘော်မျိုးညွန့်-သ-သ-န )

No comments: