Sunday, September 13, 2009

အကောင်းမြင်ဝါဒ ကျင့်သုံးကြစေလို

လောက၌ လူလေးမျိုးရှိကြောင်း မှတ်သားရဖူး၏။
၁။ လူတချို့ တရားသိ၏ တရားမရှိ။
၂။ လူတချို့ တရားရှိ၏ သို့သော် တကယ်တမ်းလည်း တရားမသိသေး။
၃။ လူတချို့ကား တရားလည်းရှိ၏ တရားကိုလည်း ဟုတ်မှန်သည့်အတိုင်း သိ၏။
၎။ လူတချို့ကား မရှိလည်း မရှိ မသိလည်း မသိပေ။
ထိုလူလေးမျိုးတို့တွင် သုံးနံပတ်ပုဂ္ဂိုလ်မှလွဲ၍ ကျန်ပုဂ္ဂိုလ်များအဖို့ မိမိမှတပါး အခြားသူများအတွက် စိတ်ကောင်း နှလုံးကောင်း ထားနိုင်လိမ့်မည် မဟုတ်သေး။ ထားနိုင်သည်ဆိုစေကာမူ အစစ်အမှန်တော့ မဟုတ်။ အတုအရံသာ ဖြစ်နေပေဦးမည်။ စိတ်ကောင်းနှလုံးကောင်း ထားနိုင်သော တနည်းဆိုရသော်-ပြု-ပြော-ကြံ အရာအားလုံး၌ အကောင်းမြင်ဝါဒ ကျင့်သုံးနိုင်သောပုဂ္ဂိုလ်ကား အခြားမဟုတ် အထက်ဖော်ပြပါ သုံးနံပါတ်ပုဂ္ဂိုလ်ပင် ဖြစ်ချေသည်။

တရားလည်းသိ တရားလည်းရှိသော ထိုပုဂ္ဂိုလ်သည်လည်း အခြားသောပုဂ္ဂိုလ်မျိုးမဟုတ်၊ ယောနိသော မနသိကာရပုဂ္ဂိုလ်-( သင့်တင့်လျောက်ပတ်အောင် နှလုံးသွင်းနားလည်ပေးနိုင်သော ပုဂ္ဂိုလ်) သာ ဖြစ်ပေသည်။

လွန်ခဲ့သော အတိတ်သာသနာ ၂၅၉၁-ခန့် ကာလက ပါရမီအဟုန်ကြောင့် မပျော်စိတ်စက် တောသို့ထွက်၍ အမှန်တရားကိုဖွေရှာရင်း သဗ္ဗညုအစစ် ဘုရားအဖြစ်သို့ ရောက်ခဲ့သော ဘုရားမြတ်စွာသည် သိထိုက်သောတရားအလုံးစုံကို သိတော်မူ၏။ အတူ ကင်းမဲ့သော တရားရှိပုဂ္ဂိုလ်လည်း ဖြစ်ခဲ့၏။ ဘုရားရှင်၏ စိတ်တော်သည် အားလုံးသောသတ္တ၀ါတို့အပေါ်၌ အကျိုးမဲ့စိတ်မျိုး လုံးဝ ကင်းမဲ့တော်မူ၏။ အယုတ် အလတ် အမြတ်မရွေး သတ္တ၀ါအားလုံးတို့အပေါ်၌ တန်းတူ မေတ္တာရှိတော်မူ၏။ မိမိ၏ ရင်သွေးအနှစ် သားတော်စစ်ဖြစ်သော ရှင်ရာဟုလာအပေါ်၌ ထားသောမေတ္တာသည်လည်း သတ္တ၀ါအားလုံးတို့အပေါ် ထားရှိအပ်သော မေတ္တာနှင့် အတူတူပင်တည်း။

ထို့အပြင် မိမိအားသတ်ရန် ပြေးလာသော နာဠာဂီရိဆင်၌သော်လည်း ရာဟုလာအတူ မေတ္တာထားခြင်းဖြင့် အကောင်းမြင်ဝါဒအောင်လံကို လွှင့်ပြနိုင်ခဲ့၏။ ယောနိသောမနသိကာရ အစစ်အမှန်ရှိကြောင်း မသိုမ၀ှက်ဘဲ မေတ္တာဖြင့်ချိန်စက်ပြတော်မူခဲ့၏။ ပုထုဇဉ်အမြင်ဖြင့် သုံးသပ်ကြည့်သော် ဘုရားရှင်အား နှောက်ယှက်ဖျက်ဆီးအကျိုးမဲ့ပြုကြသော ပုဂ္ဂိုလ်သတ္တ၀ါတို့အပေါ်၌ ဘုရားရှင်သည်လည်း သာမန်အားဖြင့်ကြည်မူ ဒေါသအငွေ့အသက်တို့ ဖြစ်ပေါ်ရမည်သာ။ အာဃာတတရား ထားမိမည်သာ။ သို့သော် ဘုရားရှင်သည်ကား ဘုရားစင်စစ် အမှန်ဖြစ်သည်မှစ၍ လောဘ ဒေါသ စသည့် ဆယ်ဖြာသော ကိလေသာတို့ကို အကြွင်းမဲ့ပယ်သတ်နိုင်ခဲ့ပြီတည်း။

ထို့ကြောင့် ချစ်သူ မုန်းသူ အားလုံးတို့အပေါ်၌ အာဃာတ-ရန်ငြှိုးဖွဲ့ခြင်းအစား အာဃာတပဋိဝိနယ-ရန်ငြှိုးပယ်ဖျောက်ခြင်းကို အစားထိုး ကျင့်သုံးနိုင်ခဲ့၏။ အာဃာတပဋိဝိနယ ခေါ် ရန်ငြှိုးပယ်ဖျောက်ခြင်းဟူသည်ကား အခြားမဟုတ် ယောနိသောမနသိကာရခေါ် အကောင်းမြင်ဝါဒ ကျင့်သုံးခြင်းပင်တည်း။

ဘုရားရှင်မို့လို့သာ ခုလိုသည်းခံခွင့်လွှတ်နိုင်တာပါဟူ၍ စောဒကကောင်တို့ အမြွက်ထောင်ဖို့ မလိုအောင်လည်း ဘုရားရှင်ကိုယ်တော်တိုင် နည်းနာနိဿယ ပေးထားခဲ့သည်သာ။ ဘုရားရှင်ကဲ့သို့ အပြည့်အ၀ အကောင်းမြင်ဝါဒမကျင့်သုံးနိုင်သေးသော်လည်း မကြာခဏ သိ၍ ထာဝရအကောင်းမြင်တတ်စေရန် ဘုရားရှင် နည်းပေးတော်မူခဲ့ပုံကား-

၁။ ပုဂ္ဂိုလ်တဦးတယောက်သည် ကိုယ်ဖြင့်ပြုလုပ်အပ်သော အလုပ်ကိစ္စတို့၌ မသန့်ရှင်း မသပ်ရပ် မကောင်းမွန် ကဲ့ရ့ထိုက်သောသဘောရှိ၏။ သို့သော် စကားအရာ လိမ္မာကျွမ်းကျင်၍ စကားကောင်းကို နားဝင်အောင်ပြောဆိုတတ်၏။ ပံသုကူဓုတင်ဆောင် ရဟန်းတပါးသည် လမ်း၌မြင်ရသော အ၀တ်စုတ်နွမ်းတထည်ကို ဘယ်ခြေဖြင့် နင်း၍ ညာခြေဖြင့် ဖြန့်ကြည့်ပြီးလျှင် အနှစ်အသား ကောင်သေးသော အသုံးပြု၍ရသေးသော နေရာလေးကို ဖြတ်ယူသွားသကဲ့သို့ အထက်ဖော်ပြပါ ပုဂ္ဂိုလ်၌ မကောင်းသော ကာယကံကို လျစ်လျူရှုပြီးလျှင် ကောင်းသော ၀စီကံလေးကိုသာ ကြည့်၍ အကောင်းမြင်ဝါဒ ကျင့်သုံးရမည်။

၂။ ပုဂ္ဂိုလ်တဦးတယောက်သည် အပြောအဆိုမတတ်၊ စကားပြောသော် ဆဲသကဲ့သို့ဖြစ်နေ၏။ အပြောမချိုသာ ၀စီကံမကောင်း၊ သို့သော် ကာယကံမြောက် လုပ်ဆောင်ရာတို့၌ ကျွမ်းကျင်လိမ္မာ၏။ သေသပ်လှပ ဘ၀င်ကျစရာများ ဖြစ်အောင် လုပ်ဆောင်နိုင်၏။ မှော် ရေညှိစသော မစင်ကြယ်သောအရာတို့ဖြင့် ရောပြွမ်းနေသော ရေကန်တခုသို့ ရောက်လာသော နေပူဒဏ်ကြောင့် ရေဆာနေသော ယောက်ျားတယောက်သည် ဘာကိုမျှ ဂရုမစိုက်အားဘဲ ရေကန်ထဲဆင်းကာ လက်နှစ်ဖက်ဖြင့် မသန့်ရှင်းသောအရာများကို ဖယ်ရှားလျက် သောက်၍ရလောက်ရုံမျှ အနည်းငယ်သောရေကောင်းကို လက်ခုပ်ဖြင့် ယူ၍သောက်ခါ သွားလေသကဲ့သို့ အထက်ပါပုဂ္ဂိုလ်အပေါ်၌ မကောင်းသောဝစီကံကို လျစ်လျူရှုပြီးလျှင် ကောင်းသောကာယကံလေးကိုသာ ကြည့်၍ အကောင်းမြင်ဝါဒ ကျင့်သုံးရမည်။

၃။ ပုဂ္ဂိုလ်တဦးတယောက်သည် ကာယကံလည်း မကောင်းမွန်၊ ၀စီကံအမှု၌လည်း ထို့အတူ မလိမ်မာ၊ သို့သော်-အခါအားလျော်စွာ (သူ့အချိန်အခါရောက်လျှင်) သမထ-စိတ်အပူအခိုးငွေ့ ကိလေသာတို့ကို စွန့်လွှတ်၍ စိတ်ကို ထိန်းသိမ်းခြင်း၊ ၀ိပဿနာ-လွဲမှားသော အထင်အမြင်တို့ကို စွန့်လွှတ်၍ အမြင်မှန်ကို ရအောင်ကြည့်ခြင်းဟူသော တရားနှစ်မျိုး ဖြစ်ခွင့်ရှိသေး၏။ အကြောင်းအားလျော်စွာ စိတ်ကြည်လင်ခွင့် ရနိုင်သေး၏။ ခရီးပင်ပန်းနွမ်းနယ်၍ ရေငတ်နေသော ယောက်ျားတယောက်သည် နွားခြေရာခွက်၌ရှိသော အနည်းငယ်သော ရေကိုမြင်လိုက်ရသော် အကယ်၍ ငါသည် ဤအနည်းငယ်သောရေကို လက်ခုပ်နှင့်ဖြစ်စေ ခွက်တခုခုနှင့်ဖြစ်စေ ခပ်ယူလိုက်ပါက နောက်သော်လည်း နောက်ရာ၏။ သို့မဟုတ် လုံးဝသောက်မရသည်မူလည်း ဖြစ်ရာ၏။ ဤကဲ့သို့ နှလုံးသွင်း၍ လေးဘက်ထောက်ပြီးလျှင် နွားသောက်ခြင်းဖြင့် သောက်၍ ခရီးဆက်သွားလေသကဲ့သို့ အထက်ပါပုဂ္ဂိုလ်၌ မကောင်းသောကာယကံ ၀စီကံတို့၏ အပြစ်ကို မသုံးသပ်တော့ဘဲ အကြောင်းအားလျော်စွာ ထိုပုဂ္ဂိုလ်သန္တာန်၌ ဖြစ်ပေလာနိုင်သေးသော သမထ ၀ိပဿာတရားများ ဖြစ်စရာအခွင့်အလမ်းကိုသာ ကြည့်ရှုသုံးသပ်၍ အကောင်းမြင်ဝါဒကျင့်သုံးရမည်။

၎။ ပုဂ္ဂိုလ်တဦးတယောက်သည် ကာယကံ ၀စီကံ မကောင်း၊ အလုပ်အကိုင်လည်း မလုပ်တတ် မကိုင်တတ်၊ အပြောအဆိုလည်း မလိမ္မာ မကျွမ်းကျင်၊ အခါအားလျော်စွာ ဖြစ်ပေါ်လာနိုင်သော သမထ ၀ိပဿနာ အခွင့်အလမ်းနှင့် စိတ်ကြည်လင်ငြိမ်းအေးမှုလည်း မရှိ၊ ပြင်းစွာဖျားနာနေသော ဒုက္ခိတလူနာ ရောဂါသည်တယောက်သည် နေမကောင်းပါဘဲလျက် ခရီးသွား၏။ ရှေ့သွားလိုသည့်ရွာကိုလည်း မရောက်သေး၊ ကျန်ရစ်သောရွာသို့လည်း ပြန်မရောက်နိုင်တော့။ သင့်တင့်မျှတအောင် ပြုစုလုပ်ကျွေး ဆေးပေးမီးယူ ကူဖော်လောင်ဖက်လည်း မပါ။ ထိုအခြေအနေတွင် အခြားခရီးသွားတယောက် တွေ့မြင်သော်-ဤဒုက္ခိတလူနာအား သင့်တင့်မျှတအောင် ပြုစုစောင့်ရှောက်၍ ရွာသို့ရောက်အောင် ပို့ဆောင်ပေးမည့်သူ ပေါ်ပေါက်လာသော် ကောင်းလေစွ-ဟုတွေး၍ သနားခြင်းကရုဏာ ဖြစ်ပေါ်လာ၏။ ထိုသို့ဖြစ်ခြင်းသည် အခြားကြောင့်မဟုတ် ထိုလူနာ လမ်းခရီးကြား၌ပင် အကျိုးမဲ့မပျက်စီးစေလိုသောကြောင့် ဖြစ်၏။ ဤအတူပင် အထက်ပါပုဂ္ဂိုလ်၌လည်း ဤပုဂ္ဂိုလ်သည် ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက်တို့ကို ပယ်စွန့်၍ ကာယသုစရိုက် ၀စီသုစရိုက် မနောသုစရိုက်များကို ပြုကျင့်ပြောဆို ကြံစည်နေလျှင် ကောင်းလေစွဟု သနားခြင်းကရုဏာဖြစ်ပေါ်လာ၏။ ထိုသို့ဖြစ်ခြင်းသည် အခြားကြောင့်မဟုတ် အပါယ်ငရဲသို့ မကျရောက်စေလိုသောကြောင့် ဖြစ်၏။ ဤသို့ ထိုသူ့အပေါ်၌ မကောင်းသော အရာများကို လျစ်လျူရှု၍ သနားမှု ကရုဏာ တရား ပွားများခြင်းဖြင့် အကောင်းမြင်ဝါဒ ကျင့်သုံးရမည်။

၅။ ပုဂ္ဂိုလ်တဦးတယောက်ကမူ ကာယကံမြောက်လုပ်ဆောင်သမျှ အားလုံးကျွမ်းကျင်၍ စိတ်တိုင်းကျလုပ်ဆောင်ပေးနိုင်၏။ စကားပြောလည်း ပြေပြစ်ချောမော၏။ စကားအရာ အပြစ်ပြောစရာမရှိ၊ အခါအားလျော်စွာ ဖြစ်ပေါ်လာနိုင်သော သမထ ၀ိပဿနာ အခွင့်အလမ်းလည်း ရှိနေသေး၏။ ထိုသို့ ဘက်ပေါင်းစုံတော်သော ပုဂ္ဂိုလ်အပေါ်၌လည်း အာဃာတတရားရှိနေသေးလျှင် ကြည်လင်အေးမြ သန့်ရှင်းချိုမြိန်၍ ပန်းမာလ်သစ်ပင် အထူးထူးတို့ဖြင့် တန်ဆာဆင်ထားသော ရေကန်သို့ရောက်လာသော ခရီးပင်ပန်းနွမ်းနယ်နေသူ ယောက်ျားတယောက်သည် ထိုရေကန်အရိပ်၌ပင် ထိုင်ခြင်း အိပ်ခြင်းတို့ကို ပြုသကဲ့သို့ အထက်ပါပုဂ္ဂိုလ်၌ အလုံးစုံကောင်းမွန်သော ကာယကံ ၀စီကံနှင့် အခါအားလျော်စွာ သမထ ၀ိပဿနာတရား ပွားများနိုင်ခွင့်တို့ကို ကြည့်ရှုသုံးသပ်ဆင်ခြင်၍ အကောင်းမြင်ဝါဒကို ကျင့်သုံးရမည်ဟူ၍ ဖြစ်၏။

ဘုရား၏တရားတော်ကား ရိုးရှင်း၍ မြင်လွယ် ထင်လွယ်ရှိ၏။ ဘုရားရှင်သည် သက်ရှိအားလုံးတို့အတွက် အကောင်းမြင်ဝါဒကို ကျင့်သုံးတတ်စေရန် ဥပမာ ဥပမေယျတို့ဖြင့် တန်ဆာဆင်လျက် ကျင့်ကြံလွယ်အောင် လမ်းညွန်တော်မူခဲ့ပေပြီ။ ဘုရားရှင်ပေးသော လမ်းညွန်ချက်ကို မှီဝဲကျင့်သုံးခြင်းဖြင့် ပုထုဇဉ်တို့ပီပီ ပယ်ဖျောက်နိုင်ခဲသော အာဃာတတရားများကို ပယ်စွန့်လာနိုင်ပေလိမ့်မည်။ တဦးမေတ္တာ တဦးမှာ ဆိုသကဲ့သို့ တဦးဟာကွက်ကို တဦးဖာ၍ တဦးကောင်းကွက် တဦးချောင်းလျက် နှစ်သက်ပျော်ရွှင်နိုင်ကြလျှင်ဖြင့် အမုန်တရားတို့ ဆုံးပါး၍ အချစ်တရားတို့ အဖြစ်များလာပေလိမ့်မည်။

ထို့ကြောင့်-လူသာမန်တို့ဘာဝ ပယ်ဖျောက်နိုင်ခဲလှသော လောဘ စသော ကိလေသာတရားတို့၏ မှိုင်းတိုက်မှုကြောင့် ဖြစ်ပေါ်လာသော ဆန္ဒ ဒေါသ မောဟ ဘယာ လေးဖြာသောအဂတိတရားတို့ဖြင့် ရောနှောကြေမွ အာဃာတတရားတို့ကို ဗုဒ္ဓဟောလှစ် ဒေသနာစနစ်သစ်ဖြင့် အစားထိုးလျက် အကောင်းမြင်ဝါဒကျင့်သုံးနိုင်ကြစေရန် သုတ္တန်ပိဋကတ်လာ ဒုတိယအာဃာတ ပဋိဝိနယသုတ် ဒေသနာ အမွန်ဖြင့် စေတနာသွန်၍ လမ်းညွန်လိုက်ရပါသည်။

( အရှင်ဝိမလာလင်္ကာရ-သဒ္ဓမ္မမဏ္ဍိုင် )

No comments: