Monday, September 14, 2009

ကုသိုလ် တပဲ - ငရဲ တပိဿာ

ဤစကားပုံသည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ကုသိုလ်ကောင်းမှု ပြုကြသည့်အခါ ဉာဏ်နှင့်ဆင်ဆင်ခြင်ခြင် ပြုနိုင်ရန် အထူးသတိပေးထားသည့် စကားပုံဖြစ်ပါသည်။ ရှေးဘာသာရေး ပညာရှင်ကြီးများက ဗုဒ္ဓဘာသာဝင်များ ကုသိုလ်ကောင်းမှုပြုသည့်အခါ ကုသိုလ်ကို အနည်းငယ်လောက်သာ ရကြပြီး အကုသိုလ်တွေသာ တပုံတခေါင်းကြီး ဖြစ်လေ့ရှိသည့် သဘောကို တွေ့ရှိခဲ့ကြသည့်အတွက် ဤကဲ့သို့ မဖြစ်ကြရန် ဤစကားပုံဖြင့် ထုတ်ဖော်လမ်းညွှန်ခဲ့ကြခြင်း ဖြစ်သည်။

အထူးသဖြင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ကုသိုလ်ကောင်းမှု ပြုကြသည့်အခါ ကုသိုလ်ပြုချိန်၏ ရှေ့ပိုင်း နောက်ပိုင်းတို့မှာ မကောင်းမှုအကုသိုလ်အပြစ်များ မခြံရံဘဲ ဉာဏ်ဦးဆောင်သည့် အထက်တန်းစား ကုသိုလ်များ ဖြစ်အောင် ဉာဏ်၊ သတိ တို့ဖြင့် ဆင်ခြင်သတိထားပြီး ပြုတတ်ကြရန် ဆုံးမထားခဲ့သည့် ဘာသာရေးစကားပုံတခု ဖြစ်သည်။

စကားပုံ၏ တိုက်ရိုက်အဓိပ္ပါယ် အကျဉ်းချုပ်မှာ- ကောင်းမှု ပြုလုပ်ကြသည့်အခါ၌ ကုသိုလ်မှာ တပဲသားမျှလောက်သာ ရလေ့ရှိကြပြီး ငရဲကသာ သို့မဟုတ်-အကုသိုလ်ကသာ အလေးချိန် တပိဿာလောက် ဖြစ်ပွားတတ်ကြသည်-ဟု ဆိုလိုပါသည်။ စကားပုံသည် ချိန်တွယ်၍ မရနိုင်သည့် ကုသိုလ်တရားနှင့် ငရဲကို ရောက်စေတတ်သည့် အကုသိုလ်တရားတို့ကို ချိန်တွယ်ရနိုင်သည့် ပစ္စည်းများကဲ့သို့ တပဲ၊ တပိဿာ စသည်ဖြင့် သုံးစွဲထားသောကြောင့် သမာဓိဂုဏ်မြောက်သည့် စကားပုံ ဖြစ်ပါသည်။

( ကုသိုလ်တပဲ )
ကုသိုလ်တပဲဟူသော ပုဒ်စု၌ ကုသိုလ်ဟူသော ဝေါဟာရသည် ကုသလ-ဆိုသည့်ပါဠိပုဒ်မှ ဖြစ်လာသော မြန်မာဝေါဟာရ ဖြစ်သည်။ ကောင်းသော (၀ါ) ကောင်းမှုဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် မြန်မာစာပေနယ်၌ ကုသိုလ်ကောင်းမှု-ဟု ကုသိုလ်နှင့် ကောင်းမှုကို အနက်အဓိပ္ပါယ် ဖော်သည့်သဘောဖြင့် တွဲဖက်သုံးနှုန်းထားခြင်း ဖြစ်ပါသည်။

ကုသိုလ်၏ အဓိပ္ပါယ်ဖြစ်သည့် ကောင်းမှုဆိုသည့်စကား၌ မည်သည့်အမှုမျိုးကို ကောင်းမှု-ဟု ခေါ်မည်နည်း။ ကိုယ့်သဘောအတိုင်း ကိုယ်ထင်သလို ဆုံးဖြတ်၍ မရချေ။ ကုသိုလ်၌ ကောင်းသည်-ဟု ဆိုရသည့် အမှတ်အသား လက္ခဏာ နှစ်မျိုးရှိသည်။ ယင်း-အမှတ်အသားများမှာ အပြစ်မရှိခြင်းနှင့် ကောင်းကျိုးတရားတို့ကို ဖြစ်ပွားပေါ်ပေါက်လာစေခြင်းဆိုသည့် (အန၀ဇ္ဇ သုခ၀ိပါက လက္ခဏာ) အမှတ်အသားတို့ ဖြစ်ပါသည်။

ထိုထို အမှုလုပ်ငန်းများတွင် ဤလက္ခဏာနှစ်မျိုးတို့ကို တွေ့ရသည့် အမှုလုပ်ငန်းသည်သာ ကုသိုလ်ကောင်းမှုဖြစ်သည်-ဟု ဆိုရပါမည်။ ဥပမာ-သူတပါးတို့အား ပေးကမ်းလှူဒါန်းခြင်း ဒါနမှုမျိုး ကဲ့သို့ ဖြစ်သည်။ ဒါနမှုသည် လောက-သံသရာ နှစ်ဖြာလုံး၌ အပြစ်မရှိသည့်အပြင် အများချစ်ခင်ခြင်း၊ ကောင်းသတင်းကျော်စောခြင်း၊ နတ်ရွာသုဂတိသို့ရောက်ခြင်း စသည့် လောကီကျိုး လောကုတ္တရာကျိုးများရှိသော အမှုဖြစ်၍ ကောင်းမှုဟု ခေါ်ရသည်။

( ကုသိုလ်ကို ထောင့်စုံမှ ရှုမြင်ပုံ )
တစုံတယောက်သော ပုဂ္ဂိုလ်သန္တာန်၌ ထိုကုသိုလ်ကောင်းမှုတရား ဖြစ်ပွားနေသည့်အခါ ဆန့်ကျင်ဘက် မကောင်းမှု အကုသိုလ်တရားများ ပျောက်ကွယ်နေသောကြောင့် ကုသိုလ်ကောင်းမှုသည် မကောင်းမှု အကုသိုလ်တရားတို့ကို ပယ်ရှားဖျက်ဆီးခြင်းကိစ္စ (အကုသလ၀ိဒ္ဓံသနရသ) ကို ရွက်ဆောင်တတ်သည့် သဘောရှိသည်ဟု ဆိုရသည်။ ကုသိုလ်စိတ်ဖြစ်လာသည့်အခါ လိုချင်တပ်မက်ခြင်း လောဘ၊ မုန်းတီးခြင်း၊ ရန်ငြိုးထားခြင်း၊ ပြစ်မှားခြင်း ဒေါသ၊ တွေဝေခြင်း မသိမြင်ခြင်း မောဟ-စသည့် ကိလေသာအညစ်အကြေးများ ကင်းစင်နေသဖြင့် ယင်းစိတ်ကို ဉာဏ်ဖြင့် ဆင်ခြင်ကြည့်လိုက်သည့်အခါ ညစ်ကြေးမတင်၊ ဖြူစင်သန့်ရှင်းသောစိတ်ဟု ဉာဏ်တွင် ထင်မြင်လာ၏။( ဝေါဒါနပစ္စုပဋ္ဌာန )။

အာရုံတခုခုနှင့် တွေ့ကြုံသည့်အခါ ဒေါသဖြစ်စရာ အနိဋ္ဌာရုံပင် ဖြစ်စေကာမူ အသင့်အလျော် နှလုံးသွင်းတော်ခဲ့လျှင် ၀ါ-နှလုံးသွင်း လိမ္မာခဲ့လျှင် ကုသိုလ်စိတ် ဖြစ်ပေါ်လာနိုင်ပါသည်။ ကုသိုလ်ဖြစ်ပေါ်လာရာ၌ အနီးကပ်ဆုံး အကြောင်းတရား(ပဋ္ဌာန်)မှာ အသင့်အလျော် နှလုံးသွင်း တော်မှု (ယောနိသောမနသိကာရ)ပင် ဖြစ်သည်။ ဥပမာ-ထမင်းပျော့ပျော့ မစားတတ်သူများအဖို့ တခါတရံ ထမင်းပျော့ပျော့ စားရသည့်အခါ ငါကလဲ ထမင်းပျော့ပျော့ စားတတ်တဲ့အကောင်မဟုတ်ဘူး ထမင်းကလဲ ပျော့လိုက်တာ ခွေးအန်ဖန်ကျနေတာပဲ-ဟု မသင့်မလျော်နှလုံးသွင်းချော် (အယောနိသောမနသိကာရ) ဖြစ်ခဲ့လျှင် ဒေါသဦးစီးတဲ့ အကုသိုလ်စိတ်များသာ ဆက်တိုက်ဖြစ်ပေါ်လာမည်။ ထိုသို့မဟုတ်ဘဲ အို-တခါတလေ အဆင်မသင့်လို့ ပျော့သွားတာပဲ၊ ကိစ္စမရှိပါဘူး၊ ပျော့သွားတော့လဲ အ၀ါးရသက်သာတာပေါ့ အစာလဲ ကြေလွယ်တာပေါ့-ဟု နှလုံးသွင်း လိမ္မာခဲ့လျှင်သော်လည်းကောင်း ဒီလိုအနိဋ္ဌာရုံနှင့် တွေ့ကြုံရတာ အတိတ်ကံကြောင့်ပဲ-ဟု အမှန်အတိုင်း နှလုံးသွင်းနိုင်ခဲ့လျှင်သော်လည်းကောင်း ကုသိုလ်စိတ်သာ ဖြစ်ပေါ်လာနိုင်ပါသည်။

မည်သည့်အရာမျိုးကို ကုသိုလ်ခေါ်သည်-ဟူသောသဘောကို ပို၍သိသာထင်ရှားသွားရန်အတွက် ဤကဲ့သို့ ကုသိုလ်သဘော လက္ခဏာ အမှတ်အသားဖြင့်၎င်း၊ ရွက်ဆောင်သည့် ကိစ္စအားဖြင့်၎င်း၊ အသိဉာဏ်တွင် ထင်မြင်လာသည့် အခြင်းအရာအားဖြင့်၎င်း လေးဘက်လေးတန်မှ ထောင့်စုံ ရှုမြင်သုံးသပ်ဝေဖန်တင်ပြခြင်း ဖြစ်ပါသည်။

( ကုသိုလ်အမျိုးမျိုး )
ထိုကုသိုလ်သည် လောကုတ္တရာကုသိုလ်၊ မဟဂ္ဂုတ်ကုသိုလ်၊ ကာမကုသိုလ်ဟု သုံးမျိုးသုံးစား ရှိသည်။ ထိုတွင် လောကုတ္တရာကုသိုလ်မှာ သောတာပတ္တိမဂ်စိတ် စသော မဂ်စိတ်လေးပါးဖြစ်သည်။ ပုဂ္ဂိုလ်တဦးဦး သန္တာန်၌ မဂ်စိတ်တပါးပါး ဖြစ်ပေါ်လာလျှင် သက်ဆိုင်ရာ လောကသုံးပါးမှ လွန်မြောက်တတ်သောကြောင့် ထိုမဂ်ကုသိုလ်များကို လောကုတ္တရာကုသိုလ်-ဟု ခေါ်သည်။ (လောက-လောကသုံးပါးမှ၊ ဥတ္တရ-လွန်မြောက်သောစိတ်)။ ဥပမာ-မဂ်လေးပါးတွင် အောက်ဆုံးဖြစ်သည့် သောတာပတ္တိမဂ်စိတ် ဖြစ်ပေါ်လာလျှင် ထိုသူသည် ပုထုဇဉ်သတ္တ၀ါအပေါင်းဟူသော သတ္တလောကမှ လွန်မြောက်၍ သောတာပန်ပုဂ္ဂိုလ်အဖြစ်သို့ ရောက်၏။
မည်သည့်အခါမှ အပါယ်လေးပါးသို့ ကျရောက်ခြင်း မရှိတော့သဖြင့် အပါယ်လေးဘုံဟူသော သြကာသလောကတစိတ်မှ လွန်မြောက်၏။
ဒိဋ္ဌိ ၀ိစိကိစ္ဆာ စသော အကုသိုလ်တရား မဖြစ်တော့သဖြင့် သင်္ခါရလောက တစိတ်မှ လွန်မြောက်၏။ ဤသို့ မဂ်စိတ်များသည် လောကသုံးပါးမှ အသီးသီး လွန်မြောက်သည့်ကုသိုလ်များ ဖြစ်သောကြောင့် လောကုတ္တရာကုသိုလ်ဟု ခေါ်သည်။

ရူပဈာန် အရူပဈာန် ကုသိုလ်များကို မဟဂ္ဂုတ်ကုသိုလ်ဟုခေါ်သည်။ ထိုဈာန်ကုသိုလ်များသည် နှစ်ပေါင်း ကမ္ဘာနှင့်ချီ၍ ကိလေသာတို့ကို ပယ်ခွါထားနိုင်စွမ်းလည်းရှိ၏။ ဗြဟ္မာဘုံများသို့ ရောက်နိုင်၍ ကြီးကျယ်သော အကျိုးပေးမှုလည်း ရှိ၏။ ဈာန်သမာပတ်ဝင်စားသည့်အခါ ရှည်လျားသော စိတ်အစဉ်လည်းရှိ၏။ ထို့ကြောင့်-မဟဂ္ဂုတ်ကုသိုလ်ဟု ခေါ်သည်။ ကြီးမြတ်ခြင်းသို့ ရောက်သောတရားဟု အဓိပ္ပါယ်ရသည်။ ရူပကုသိုလ်ဈာန် ၅-ပါး၊ အရူပကုသိုလ်ဈာန် ၄-ပါး ရှိသည်။ ပထ၀ီကသိုဏ်း စသော အာရုံတို့ကို စူးစူးစိုက်စိုက် ရှုတတ်သောကြောင့်၎င်း၊ ကာမစ္ဆန္ဒနီဝရဏ စသော တရားတို့ကို လောင်မြိုက်တတ်သောကြောင့်၎င်း ဈာန်ဟုခေါ်သည်။

ကာမကုသိုလ်ကား ရှစ်မျိုးရှိ၍ အရာကျယ်၏။ မဟဂ္ဂုတ်ကုသိုလ်၊ မဂ်ကုသိုလ်တို့မှာ မနောကံမျှသာ ဖြစ်၍ ကာမကုသိုလ်မှာ ကာယကံကုသိုလ်၊ ၀စီကံကုသိုလ်၊ မနောကံကုသိုလ် ဟု သုံးမျိုးရှိသည်။ သူ့အသက်သတ်ခြင်း စသော အကုသိုလ်ကာယကံ သုံးပါးမှ ရှောင်ကြဉ်သော ကာယကံကုသိုလ်သုံးပါး၊ အကုသိုလ်ဝစီကံ လေးပါးမှ ရှောင်ကြဉ်သော ၀စီကံကုသိုလ် လေးပါး၊ အကုသိုလ် မနောကံသုံးပါးမှ ရှောင်ကြဉ်သော မနောကံကုသိုလ် သုံးပါး ပေါင်း ကုသိုလ်ကမ္မပထတရား ဆယ်ပါးရှိ၏။ သုစရိုက်တရား ဆယ်ပါးဟူ၍လည်းခေါ်၏။ တနည်းအားဖြင့်-ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်ဟု သုံးမျိုးရှိသည်။ ကုသိုလ်သုံးမျိုးကို အကျယ်ချဲ့၍ ပုညကိရိယာဝတ္ထု အမည်ဖြင့် ကုသိုလ်ဆယ်ပါး ရှိပေ၏။

ဤကာမကုသိုလ်သည် ရူပကုသိုလ်စသော အခြားကုသိုလ်များထက် အရေအတွက်လည်းများသည်။ ကုသိုလ်ဖြစ်ရာဌာနအားဖြင့်လည်း ကျယ်ဝန်းသည်။ လောက၌ သူသူငါငါ ပြုလုပ်နေကြသည့် အမျိုးမျိုးသော လှူဒါန်းမှု၊ ငါးပါး၊ ဆယ်ပါးသော သီလအမျိုးမျိုး ဆောက်တည်မှု၊ ဈာန်ရအောင် သမထဘာဝနာ ပွားများအားထုတ်မှု၊ မဂ်ဖိုလ်နိဗ္ဗာန်ရအောင် ၀ိပဿနာဘာဝနာ အားထုတ်မှုများသည် အားလုံး ကာမကုသိုလ်များပင် ဖြစ်သည်။ အယုတ်ဆုံး ဈာန်ရခါစ၌ ဈာန်ကိုပြင်ဆင်သောအရာ (ပစ္စဝေက္ခဏာဝီထိ)၊ ဈာန်သမာပတ် ၀င်စားခါနီးသော အရာတို့နှင့် မဂ် ဖိုလ်တရားတို့ကို ရစ၌ ရပြီးမဂ်ဖိုလ်ကို ပြန်ဆင်ခြင်သောအရာ (ပစ္စဝေက္ခဏာဝီထိ)၊ ဖလသမာပတ် ၀င်စားရာတို့၌ပင်သော်လည်း ကာမကုသိုလ် ဉာဏသမ္ပယုတ်စိတ်တို့ ပါရသည်ချည်းပင်ဖြစ်သည်။ ဤသို့ အရာကျယ်လှသဖြင့် မဟာ-ပုဒ်ဖြင့် အထူးပြုကာ ကာမကုသိုလ်ကို မဟာကုသိုလ်ဟု ခေါ်ခြင်းဖြစ်သည်။

ဤကုသိုလ်တပဲ ဟူသော စကားသည် ဆိုခဲ့ပြီးသော ကုသိုလ်သုံးမျိုးတွင် ကာမကုသိုလ်ကို ရည်ရွယ်၍ ဆိုသောစကား ဖြစ်သည်။ ကာမကုသိုလ်တွင်လည်း သီလကုသိုလ်၊ ဘာဝနာကုသိုလ်တို့ထက် လှူဒါန်းမှု ဒါနကုသိုလ်ကို အထူးရည်ရွယ်ဟန် ရှိပေသည်။ အဓိပ္ပါယ်မှာ-ဒါနကုသိုလ်ပြုရာ၌ ဒါနပြုနည်း မမှန်လျှင်(၀ါ) ဗုဒ္ဓနည်းကျ မလှူဒါန်းတတ်လျှင် ကုသိုလ်မှာ အနည်းငယ်သာ ရတတ်သည်ဟု ပြောလိုရင်း ဖြစ်သည်။

( ငရဲတပိဿာ )
ငရဲတပိဿာ-ဟူသော ပုဒ်စု၌ ငရဲဟူသောဝေါဟာရသည် နိရယ-ဟူသော ပါဠိမှဖြစ်လာသော မြန်မာဝေါဟာရ ဖြစ်သည်။ အဓိပ္ပါယ်မှာ ချမ်းသာကင်းသောဘုံဌာန(၀ါ) အလွန်ဆင်းရဲသော ဘုံဌာနများဟု ဆိုလိုပေသည်။ (နိရ-မရှိ၊ အယ-ချမ်းသာ)။ ထိုဘုံဌာနများသို့ ကျရောက်လာသူများသည် ကောင်းမှုကုသိုလ်တို့ကို လုံးဝပြုခွင့်မရတော့ဘဲ ဆင်းရဲဒုက္ခမျိုးစုံတို့ကိုသာ နည်းပေါင်းစုံတို့ဖြင့် အမျိုးမျိုးခံစားနေကြရသည်။ ချမ်းသာခြင်း လုံးဝ ကင်းလျက်ရှိကြ၏။ ထို့ကြောင့် ဘုံဌာနများကို ပါဠိလို နိရယ-ဟုခေါ်သည်။ ထိုနိရယပုဒ်မှ ဝေါဟာရအဆင့်ဆင့် ပြောင်းလဲကာ နောက်ဆုံး ငရဲ-ဟု မြန်မာဝေါဟာရ ဖြစ်လာသည်။ (နိရယ-နိရယ်-နိရဲ-ငရဲ )။

ဤနေရာ၌ ငရဲ-ဟူသော အသုံးအနှုန်းမှာ ငရဲဘုံတို့ကို တိုက်ရိုက်ခေါ်ဝေါ် သုံးစွဲထားသည့် မုချဝေါဟာရမဟုတ်၊ ငရဲဘုံများသို့ ရောက်ကြောင်း မကောင်းမှု အကုသိုလ်ကိုတင်စားခေါ်ဝေါ်ထားသည့် ဥပစာဝေါဟာရ ဖြစ်သည်။ ငရဲဘုံသို့ ရောက်စေတတ်သည့် မကောင်းမှု အကုသိုလ်တရားဟု အဓိပ္ပါယ်ရသည်။

ဤငရဲဘုံသို့ ရောက်စေတတ်သည့် အကုသိုလ်တရားဆိုသည်မှာ ဖော်ပြခဲ့ပြီး ကုသိုလ်တရားနှင့် ဆန့်ကျင်ဘက်တရား ဖြစ်သည်။ အကုသိုလ်တရား၌ အပြစ်ရှိခြင်းနှင့် မကောင်းကျိုးတို့ကို ဖြစ်ပွားပေါ်ပေါက်စေခြင်း ဆိုသည့် အမှတ်အသားလက္ခဏာနှစ်ပါး ရှိသည်။ ထိုအကုသိုလ်မှာ မူလအခြေခံအားဖြင့် လိုချင်တပ်မက်ခြင်း လောဘ၊ ပြစ်မှားခြင်း အမျက်ထွက်ခြင်း ဒေါသ၊ တွေဝေခြင်း မသိခြင်း မောဟ-ဟု သုံးမျိုးရှိသည်။

စိတ်အမျိုးအစားအားဖြင့် အကုသိုလ်စိတ် ဆယ့်နှစ်ပါး ရှိသည်။ ကံအားဖြင့် သူ့အသက်သတ်ခြင်းစသော အကုသိုလ် ကာယကံသုံးပါး၊ လိမ်လည်လှည့်ဖြား ညာဝါးပြောဆိုခြင်း စသော အကုသိုလ် ၀စီကံလေးပါး၊ သူတပါးဥစ္စာကို မိမိဥစ္စာဖြစ်ဖို့ ကြံစည်ခြင်း-စသော အကုသိုလ် မနောကံ သုံးပါး အားဖြင့် ဆယ်ပါးရှိသည်။ ယင်းတို့ကို အကုသလကမ္မပထတရား ဆယ်ပါး ဟူ၍လည်းကောင်း၊ ဒုစရိုက် ဆယ်ပါးဟူ၍လည်းကောင်း ခေါ်သည်။

ဤ ငရဲ တပိဿာ-ဟူသော စကားသည် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ဒါနစသော ကုသိုလ်ကောင်းမှုများကို ပြုကြရာတွင် ဗုဒ္ဓနည်းကျကျ မလှူဒါန်းတတ်ကြသဖြင့် အကုသိုလ်သာ အများကြီး ဖြစ်ပွားတတ်ပုံကို ဖော်ညွှန်း ဆုံးမထားသောစကား ဖြစ်သည်။
( ရှေ့လ ဆက်ရန် )

( ဓမ္မာစရိယ ဦးအေးနိုင်-ဘီအေ)

( မြတ်မင်္ဂလာ ၁၉၉၈-ခု နိုဝင်ဘာလ )

မှတ်ချက်။ ၁၉၉၈-ခု ဒီဇင်ဘာလ ထုတ် မြတ်မင်္ဂလာ စာစောင် မရှိသေးပါသဖြင့် ကုသိုလ်တပဲ ငရဲတပိဿာ ဒုတိယပိုင်းကို မဖော်ပြနိုင်သေးပါ။

No comments: