Tuesday, September 15, 2009

သားထူး သားမြတ်

မောင်ကြွေသည် မွေးချင်းမောင်နှမ သုံးယောက်တွင် အငယ်ဆုံးဖြစ်၏။ သူတို့ မွေးချင်းသုံးယောက်မှာ မစောညွန့်က အကြီးဆုံး၊ မောင်ဘသောင်းက အလတ်၊ မောင်ကြွေက အငယ်ဆုံးဖြစ်သည်။ သူတို့မိခင် ဒေါ်မြိုင်သင်းမှာ မောင်ကြွေတို့ မောင်နှမသုံးယောက် အရွယ်မရောက်ခင် အိမ်ထောင်ပျက်၏။ မုဆိုးမဘ၀ဖြင့် သားသမီး ၃-ယောက်ကို ဈေးတောင်းခေါင်းရွက်ပြီး ကျွေးမွေးပညာသင်ပေးခဲ့သည်။

ထိုစဉ်က ဒေါ်မြိုင်သင်း၏ အသက်မှာ ၃၀-မျှသာရှိသေး၏။ နောက်အိမ်ထောင်ပြုမည်ဆိုက ပြုနိုင်၏။ သင့်လည်းသင့်တော်၏။ သို့သော် သားသမီးများမျက်နှာကိုထောက်၍ နောက်ထပ်အိမ်ထောင်မပြုဘဲ ဇာတိမင်းတုန်းမြို့တွင် နေထိုင်ခဲ့ကြ၏။ ကြီးပြင်းလာသောအခါ သမီး ဒေါ်စောညွန့်နှင့် သား-မောင်ဘသောင်းတို့သည် အိမ်ထောင်ပြုပြီး တရပ်တ၇ွာ ပြောင်းသွားကြသည်။

မောင်ကြွေလေးသည် မိခင်မုဆိုးမကြီး ဈေးတောင်းခေါင်းရွက်ပြီး ကျွေးမွေးပညာသင်ကြားခဲ့မှုကြောင့် သတ္တမတန်းကို အောင်သည်အထိ ကျောင်းနေခဲ့သည်။ ကျောင်းကထွက်ပြီး ပန်းတိမ်ပညာနှင့် ဆံပင်ညှပ်ခြင်း အတတ်ကို တပြိုင်တည်း သင်ယူခဲ့သည်။
ပညာနှစ်ရပ်စလုံးကို အသက်မွေးဝမ်းကျောင်းနိုင်လောက်အောင် တတ်မြောက်သောအခါ အမေ-အေးအေးဆေးဆေး နေပါ၊ ကျွန်တော် လုပ်ကျွေးပါ့မယ်။ ပန်းတိမ်လုပ်ကျွေးရမလား၊ ဆံပင်ညှပ်ကျွေးရမလား-ဟုမေး၏။ သူ့မိခင် သဘောကျရာအလုပ်နှင့် လုပ်ကျွေးမည်ပေါ့။

ထိုစဉ် မောင်ကြွေ၏အသက်မှာ ၁၅-နှစ်သာရှိသေးသည်။ အိမ်မှာလည်း သူနှင့် သူ့မိခင်ကြီး နှစ်ယောက်တည်းသာ ရှိ၏။ မိခင်ကြီးက ပန်းတိမ်လုပ်လျှင် မီးပူမည်၊ ညောင်းမည်၊ ရောဂါရမည်ဆိုကာ ဆံပင်ညှပ်ပေါ့မောင်ရယ်-လို့ပြောသည်။ သို့ဖြင့် ဆံပင်ညှပ်၍ မိခင်ကို ကျွေးမွေးစောင့်ရှောက်သည်။ သူ့အမ ဒေါ်စောညွန့်ကား စာရေးသူ၏အမေ။ သူက စားရေးသူ၏ ဦးလေး။

မောင်ကြွေလေးမှာ လူငယ်တို့ဘာသာဘာဝ ချစ်သူရှိခဲ့ပါ၏။ သို့သော် မိခင်မုဆိုးမကြီးနှင့် မတည့်မှာစိုး၍ အိမ်ထောင်မပြုခဲ့။ မိခင်တိမ်းပါးမှ အိမ်ထောင်ပြုမည်ဟု ဆုံးဖြတ်ခဲ့၏။
မောင်ကြွေအသက် ၃၀-ခန့်တွင် မိခင်ကြီး မျက်စိရောဂါရကာ မျက်စိကွယ်ခဲ့သည်။ မောင်ကြွေသည် မိခင်အား ဆံပင်ညှပ်ကျွေးရသည့်အပြင် ထမင်း၊ ဟင်းများ ချက်ပြုတ်ကျွေးရသေး၏။ မိခင်ကြီး ရေချိုးရန် ရေကိုလည်း ဝေးလံသော ချောင်းထဲမှ ခပ်ပေးရသေး၏။ ဤအလုပ်သည် မောင်ကြွေ၏ နေ့စဉ်နိစ္စဓူဝ မညည်းမညူ လုပ်ရသည့် အလုပ်ပင်။

ထိုမျှမကသေး မိခင်ကြီး၏ အင်္ကျီ လုံချည် (ထဘီ) များကို ပခုံးပေါ်တင်ယူ၍ ချောင်းထဲမှာ သွားလျှော်ပေး၏။ သူများက အမြင်မတော်၍ ကူလျှော်ပေး၏။ သူများက အမြင်မတော်၍ ကူလျှော်ပေးလျှင် မကြိုက်။ ကိုယ်အမေ့လုံချည် လျှော်ပေးတာ ကုသိုလ်ရပါတယ်-ဟု ပြန်ပြောတတ်၏။
သူ့မိခင်ကြီးအနားတွင် ဘာမှ လိုလေသေးမရှိအောင် အားလုံး အဆင်သင့် စီမံထား၏။ မိုးလင်းအိပ်ရာထလျှင် မျက်နှာသစ်၊ သွားတိုက်ရန် ရေ၊ ဆား၊ မျက်နှာသုပ်ပုဝါ အဆင်သင့်၊ စားစရာ သောက်စရာ အဆင်သင့်။ ထို့ပြင် မိခင်လက်ဖြင့် ကိုင်၍ လမ်းလျှောက်နိုင်ရန် အိမ်ခြံထဲတွင် ၀ါးတန်းများ လုပ်ပေးထား၏။ အခင်းကြီး အခင်းငယ်သွားရန် အိမ်နားတွင် သီးခြား လုပ်ပေးထား၏။

မိခင်ကြီး ဘုရားဝတ်ပြုရန်၎င်း၊ ဘုရားစင်မှာ အရုဏ်ဆွမ်းကပ်ရန်၎င်း၊ နေ့စဉ် ဆွမ်းစောစောထချက်ပေး၏။ ပန်း ရေချမ်း ကပ်နိုင်ရေးအတွက်လည်း မိခင်ကြီး၏ လက်တကမ်းတွင် စီမံချထားပေးသေးသည်။ ဆီမီးပူဇော်နိုင်ရန်လည်း အထူးစီမံပေးထားသည်။ မိခင်ကြီး ကုသိုလ်ဒါနပြုရေးအတွက်လည်း မလစ်ဟင်းစေရပါ။
တခါတရံ မိခင်ကြီးက မောင်ကြွေ၊ မောင်ကြွေ -ဟု အော်ခေါ်၍ ပြန်မထူးမိလျှင် အနားကိုလာစမ်း၊ ထိုအခါ မောင်ကြွေက အနားသွားပြီး မိခင်၏လက်ကို ကိုင်ပြီး ပါးကို ပေးရ၏။ မိခင်ကြီးက စိတ်ဆိုး၍ ပါးကိုရိုက်လျှင် ပြုံရယ်ပြီး ခံ၏။

မောင်ကြွေသည် ကိုယ့်မိခင်ကိုသာမဟုတ်၊ အခြားသက်ကြီးရွယ်အိုများကိုလည်း ပြုစုစောင့်ရှောက်၏။ လိုအပ်သည်များကို ကူညီသည်။ ပတ်ဝန်းကျင်က လမ်းများ မကောင်းလျှင်လည်း တယောက်တည်း ပြုပြင်၏။ ကျောက်စရစ်ခဲများ ခင်းသည်။ သစ်ပင်၊ ပန်းပင်များ စိုက်သည်။ ထို့ကြောင့် အချို့က သူ့အိမ်ရှေ့က လမ်းမကြီးကို ဦးကြွေလမ်း-ဟု ခေါ်ကြသည်။

သူသည် လက်သမားအလုပ်လည်း တတ်သဖြင့် ဘုရား ဓမ္မာရုံ ၀တ်ကျောင်းများတွင် လိုအပ်သည်များကို သွားရောက်ပြုပြင်လုပ်ကိုင်ပေး၏။ ပန်း ရေချမ်း ကပ်မည့်နေရာများ၊ ၀တ်တက် ၀တ်ဆင်းတီးရန် စည်ကြီးကိုလည်း ကိုယ်တိုင်ထွင်းလုပ်လှူဒါန်းသည်။ ဘုရား ကျေင်းဆောင်ကို လှပစွာ ပန်းဆွဲ ပန်းခက်များ တတ်နိုင်သလောက် ကြည့်ကောင်းအောင် ပြုလုပ်ပေးသည်။

ဝါတွင်းကာလတွင် မိခင်ကြီး၏ကောင်းမှုအတွက် သီတင်းဥပုသ်နေ့တိုင်း ဥပုသ်ဇရပ်များ၌ သံဃာတော်များအတွက် တတ်စွမ်းသမျှ ဆွမ်းများလှူဒါန်း၏။ မိခင်ကြီးသည် အသက် ၈၃-နှစ်တွင် သူ၏လက်ပေါ်မှာပင် ကွယ်လွန်ခဲ့သည်။ မိခင်ကြီး ကွယ်လွန်သည်အထိ ဆံပင်ညှပ်အလုပ်ဖြင့် လုပ်ကိုင်ကျွေးမွေး ကျေးဇူးဆပ်ခဲ့သည်။

မိခင်ကြီး ကွယ်လွန်သည့်အချိန်တွင် သူ၏အသက်သည် ၆၀-ပင်ရှိခဲ့ပေပြီ။ အိမ်ထောင်လည်း မပြုတော့၊ သူ့ချစ်သူမှာလည်း သူ့လိုပင် အိမ်ထောင်မပြုဘဲ အပျိုးကြီးဘ၀နှင့်ပင် အရိုးထုတ်ခဲ့၏။ သစ္စာကြီးမားကြသော ချစ်သူများပါပေ။ ချီးကျူးမှတ်တမ်းတင်လောက်ပါပေသည်။

မောင်ကြွေလေး ဘ၀မှ ကိုကြွေ၊ ကိုကြွေဘ၀မှ ဦးကြွေဘ၀အထိ သူ့မိခင်ကြီးအား တသက်လုံး စိတ်ချမ်းသာစွာဖြင့် အလှူဒါနပြု၊ တရားဘာဝနာ ပွားများနိုင်အောင် အနီးကပ်စောင့်ရှောက်ပြုစုခဲ့သည်။ ရှာမှရှားသော သားထူးသားမြတ်ပါပေ။ မိခင်ကြီး ကွယ်လွန်ပြီးနောက် ကျွန်တော်တို့အိမ်တွင် ဦးလေးဦးကြွေအား ခေါ်ထားသဖြင့် မြေးများ၊ တူများနှင့် ပျော်ရွှင် စိတ်ချမ်းသာစွာ အတူနေထိုင်ပြီး အသက် ၇၀-ခန့်တွင် ကွယ်လွန်ခဲ့ပါသည်။

သူသည် သူ့မိခင်ကြီးအတွက် မည်မျှတာဝန်ကျေပါသနည်း၊ လိမ္မာသိတတ်သော သား ဖြစ်ပါသနည်း ဆိုသော် မိခင်ကြီး မကွယ်လွန်မီ ကျန်းမာစွာ ရှိစဉ်ကပင် မိခင်ကြီး ကွယ်လွန်ခဲ့သော် ဈာပနအတွက် အခေါင်းစပ်ရန် ကျွန်းသားပေပျဉ်များ၊ ခြင်ထောင်ချုပ်ရန် ဇာစများ၊ အလောင်းပတ်ရန် ပိတ်စများ၊ အငှားရလွတ်အောင် သူကိုယ်တိုင် လုပ်သော လှပသော ခုတင်နှင့် သင်္ဂြိုဟ်စရိတ် ၅၀၀-ကို သီးခြားစုဆောင်းထားသည်။ မိခင်ကြီး အိပ်ရာခေါင်းအုံးအောက်တွင် အမြဲတမ်း ထားပေးသည်။

မိခင်ကြီးကလည်း သူ့သား၏ အမြော်အမြင်ကြီးမားစွာ စီမံထားသည်ကို အမြဲတမ်း သာဓုခေါ်နေခဲ့၏။ ကွယ်လွန်သောအခါ မည်သူ့ကိုမှ ဒုက္ခမရှာ၊ အကူအညီ မတောင်း၊ အားလုံးအဆင်သင့်၊ ကူငွေမခံဘဲ ရက်လည်ဆွမ်းသွတ်သည်အထိ လှလှပပ ဒါနပြုပြီး ရေစက်ချအမျှပေးဝေနိုင်ခဲ့သည်။

ဤမျှ မိခင်ကြီးအပေါ် တာဝန်ကျေစွာ ကျေးဇူးဆပ်ခဲ့သော အတုယူ ချီးကျူးစရာကောင်းသည့် သားထူးသားမြတ် ဦးကြွေသည် ကျွန်တော်တို့အိမ်မှာပင် နေထိုင်ခဲ့သည်။ သူ့ကို တမြို့လုံးက ကလေး လူကြီး ယောက်ျား မိန်းမ မကျန် ချစ်ခင်လေးစားကြသည်။ ကျွန်တော်တို့ မိသားစုခေါ်သလို မောင်-ဟု ခေါ်ခြင်းကို ခံယူလျက် သေပန်းပွင့်သွားရှာပါသည်။

( မင်းတုန်း ဘသီ-သရက် )
( မြတ်မင်္ဂလာ ၁၉၉၈-ခု နိုဝင်ဘာလ )

No comments: