Friday, September 18, 2009

အတုံ့အလှည့်

ကျွန်မသည် အစိုးရ၀န်ထမ်းတဦး ဖြစ်ပါသည်။ အစိုးရ၀န်ထမ်းတဦးပီပီ မကြာခဏ ပြောင်းရွှေ့ရပါသည်။ ၂-နှစ်လျှင် တကြိမ်ကျ ပြောင်းရွှေ့ရပါသည်။ ရွာ၊ မြို့၊ ခရိုင်၊ တိုင်းများသို့ မဆိုင်းမတွ ပြောင်းရွှေ့လေ့ရှိသော ကျွန်မသည် အသစ်အသစ် ရောက်ရှိသော နေရာများတွင် အဆင်ပြေအောင် ကြိုးစားနေလေ့ရှိပါသည်။ မိမိရွာမှာ ကြက်ဖ၊ အခြားရွာမှာ ကြက်မအလား ကျင့်ကြံနေခဲ့ပါသည်။

သို့ပါသော်လည်း တခုသောဆေးရုံတွင် လက်ထောက်ဆရာဝန်ဘ၀ဖြင့် ပြောင်းရွှေ့ရောက်ရှိစဉ်က ဖြစ်ပါသည်။ ကျွန်မသည် အိမ်မှ ၇-နာရီထွက်ပြီး ဆေးရုံသို့ နံနက် ၈-နာရီ ရေဒီယိုသတင်းကြေညာသံ ဆိုင်းသံနှင့်အတူ ရောက်တတ်သလို၊ ည ၇-နာရီ ဂျူတီဆိုလျှင် အိမ်မှ ညနေ ၅း၃၀ထွက်မှ ၇-နာရီအတိ ရောက်ပါသည်။ ထိုသို့ အသစ်ရောက်လာသောသူကို ကျွန်မထက် မရှေးမနှောင်း ရောက်နှင့်နေသူများက ပညာပြတတ်ကြသည်ကို အတွေ့အကြုံအရ သိရှိလာပါသည်။ ထိုစဉ်ကမူ မသိမမြင်တတ်သေးပါ။ အရွယ်အားဖြင့် ငယ်သလို၊ လုပ်သက်အားဖြင့်လည်း နုသေးသည်။

ကလေးဆောင်တွင် တလလုံး ညဂျူတီဝင်ရသည်။ ကျွန်မက ဇွန်လမှ ညဂျူတီအလှည့်ရောက်မည် ဖြစ်သည်။ သင်္ကြန်ကျသော လ၊ ဧပြီလတွင် အလှည့်ကျမည့် ဆရာဝန်မက ဆေးရုံအုပ် (ယခုမရှိတော့၊ဆုံးသွားပြီ) ထံ မည်သို့ဝင်ပြောသည်မသိ။ ကျော်လွှားကာ သင်္ကြန်ကျသည့်လတွင် ကျွန်မ ညဂျူတီ တညလုံး ကျသည်ဟု အော်ဒါ ထွက်လာပါတော့သည်။

ရိုးစင်းအေးဆေးသောကျွန်မက အတွန့်မတက်တတ်ပါ။ သို့သော် ရေပက်သောသင်္ကြန်ရက်များတွင် ညဥ့်ဂျူတီအလာနှင့် အထွက်တွင် ဆေးရုံကားကြိုပို့ပေးရန်မူ တောင်းဆိုခဲ့ပါသည်။ သို့သော် ခွင့်မပြုခဲ့ပါ။ သို့နှင့် အိမ်မှ ဘတ်စ်ကားဂိတ်သို့ ညနေ ၅-နာရီတွင် ပတ်စီးမှ ည ၇-နာရီ ဆေးရုံရှေ့ရောက်ပါသည်။ ရေများပက်၍ စိုရွှဲနေသော လုံချည်၊ အင်္ကျီများကို အပိုယူဆောင်လာသော လုံချည်၊ အင်္ကျီများနှင့် ဆေးရုံကျမှ လှဲလယ်ရပါသည်။ အဆင်မပြေပါ။

ထိုစဉ်က အသက်ငယ်၍လည်းကောင်း၊ ကျန်းမာ၍လည်းကောင်း ဘာမှမဖြစ်ခဲ့ပါ။ ညဂျူတီ တညလုံး ကောင်းမွန်စွာ ဂျူတီဆင်းနိုင်ခဲ့သည်။ ထိုဖြစ်ရပ်မှာ ၁၉၇၉-၈၀ ပြည့်နှစ်ဆီက ဖြစ်သည်။၁၉၉၈-ခုနှစ်က ဆေးတက္ကသိုလ် (၁)တွင် ထိုစဉ်က ညဂျူတီ လဲလှယ်သွားသော ဆရာဝန်မနှင့် မမျှော်လင့်ဘဲ ပြန်လည်ဆုံတွေ့ခဲ့ပါသည်။ သူမသည် နွေရာသီ ပူအိုက်လွန်းသည့် လများတွင်ပင် အနွေးထည် မချွတ်တမ်းဝတ်ဆင်ထားနေရသည်။ အအေး မခံနိုင်သူအဖြစ် ပြည်လည်တွေ့ရှိခဲ့ရသည်။ တိုက်ဆိုင်သည်လား ၀ဋ်လိုက်သည်လားဟု ပြောရမည်လားတော့ မဆိုနိုင်ပါ။ ဟိုလွန်ခဲ့သည့် အနှစ် ၂၀-ဆီက ကျွန်မမှာ ဘတ်စ်ကားပေါ်တွင် သင်္ကြန်ရေများဖြင့် ခိုက်ခိုက်တုန်ချမ်းကာ ဆေးရုံရောက်မှ အ၀တ်လဲ၍ ဂျူတီဆင်းရသည်ကို ပြန်ပြောင်း သတိရမိသည်။

နောက်ဖြစ်ရပ်တခုကို တင်ပြလိုပါသည်။ --- ဌာနတွင် တာဝန်ထမ်းဆောင်စဉ်က ဖြစ်ပါသည်။ ထုံးစံအတိုင်း ကျွန်မက နောက်မှပြောင်းရွှေ့လာသူ လူသစ်ဖြစ်၍ လူဟောင်းများနှင့် တွဲကာ အလုပ်လုပ်ရပါသည်။ ဤအဖြစ်အပျက်သည်လည်း သင်္ကြန်နှင့် ဆက်စပ်ပါသည်။ သင်္ကြန်ဖြစ်မြောက်ရေး၊ မဏ္ဍပ် တည်ဆောက်ရေး၊ အကျွေးအမွေး ဧည့်ခံရေး၊ ဆုပေးရေးကိစ္စတို့နှင့် ပတ်သက်၍ အလှူငွေကောက်ခံရန် ကျွန်မသည် တာဝန်ပေးအပ်ခြင်း ခံရပါသည်။

ကျွန်မ အလှူငွေကောက်ခံသည့်အခါ မြို့နယ် ၂-မြို့နယ်ရှိ ကျွန်မနှင့် သိကျွမ်းခင်မင်သောသူများထံ အလှူငွေ ကောက်ခံရပါသည်။ ရောက်တာမကြာသေးသော်လည်း ကျွန်မကို ခင်မင်လေးစား၍ အလှူငွေများ ထည့်ကြပါသည်။ ကျွန်မ ကောက်ခံသောမြို့နယ်များက အလှူငွေ တသောင်းငါးထောင် ရပါသည်။

ထိုအလှူငွေများ ထည့်ဝင်သူ အလှူရှင်များကို ကျေးဇူးတင်လွှာများ ပေးအပ်ကာ အကျွေးအမွေးဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်။ ကျွန်မကလည်း ထိုအလှူငွေ ထည့်ဝင်သူများကို ထိုရက်တွင် မပျက်မကွက် လာရောက်ကြပါရန် ပြောကြားခဲ့သည်။ သို့သော် ဂုဏ်ပြုလွှာပေးအပ်ပွဲတွင် ကျွန်မမတက်ရပါ။ အလှူငွေအများဆုံး ရှာပေးခဲ့သူ ကျွန်မကို မလိမ့်တပတ် ထားရစ်ခဲ့ပါသည်။ အလှူငွေအနည်းအကျဉ်းမျှ ရှာပေးသူတို့ကိုသာ တက်ရောက်စေခဲ့ပါသည်။

အရေအတွက် ဦးရေအကန့်အသတ်ဖြင့် တက်ရောက်ရသောပွဲဖြစ်၍ ကျွန်မ လုံးဝတက်ခွင့်မရခဲ့ပါ။ မတက်ရ၍ အောင့်သက်သက်ဖြစ်ရုံသာ ရှိသည်။ လူတွေ၏ မျက်ခုံးပေါ် စင်္ကြိလျှောက်တတ်သည့် စိတ်ထားမဖြောင့်သူတို့သဘောကို သိရှိခဲ့၍ အသိပညာတိုးခဲ့ပါသည်။

ဤသို့ဖြစ်ပြီးနောက် ၁၉၉၇-၉၈ ခုနှစ်များတွင် ထိုသူတို့နှင့် ကျွန်မ ပြန်လည်ဆံတွေ့ခဲ့ရသည်။ တဦးကား ရန်ကုန်ပြည်သူ့ဆေးရုံကြီးပေါ်တွင် လူနာတဦးအဖြစ် ပြန်လည်တွေ့ရှိခဲ့သည်။ ကျွေးမွေးဧည့်ခံပွဲသို့ ကျွန်မကို တက်ခွင့်မပေးခဲ့သူ ဖြစ်သည်။ ထိုသူမှာ အစားအစာကို အဖတ်မစားနိုင်ဘဲ အရည်မျှသာ သောက်နေရသည်။ ရက်ရှည်လများ ခံစားနေရ၍ အာဟာရချို့တဲ့ကာ မျက်တွင်းများကျလျက် ပိန်လှီနေသည်ကို တွေ့ရသည်။

ကျန်လူတဦးမှာမူ ၄င်းယောက်ျားသည် ဌာနတခုတွင် လာဘ်စားမှုဖြင့် အလုပ်ပြုတ်သွားခဲ့သည်။ မိသားစု စားဝတ်နေရေး ခက်ခဲမှု ရှိနေသည်ဟု သိရပါသည်။ တိုက်ဆိုင်မှုပင် ဖြစ်စေ၊ လက်တွေ့အကျိုးပေးသည်ပင်ဖြစ်စေ မည်သို့ပင်ဖြစ်စေ မည်သည့်လုပ်ရပ်မဆို စိတ်ကောင်း နှလုံးကောင်း ထားရှိဖို့နှင့် သူတပါးအပေါ် မတရားမပြုမိဖို့အရေးကြီးပါသည်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော သစ္စလေးပါးတရားးတော်တွင် မလုပ်မဖြစ်တဲ့ အလုပ်ဟာ ကိုယ့်ကိုယ်ကို ကယ်တင်မယ့်အလုပ်ပဲ။ အားကိုးစရာ တခြား မရှာကြနဲ့။ ၀ိပဿနာပဲ အားကိုးရှာရမယ်-ဆိုသကဲ့သို့ ၀ိပဿနာတရားကို ကြိုးစားအားထုတ်လျက် မိမိနေ့စဉ်လုပ်ကိုင်ဆောင်ရွက်နေသည်များကို တရားနှင့်ယှဉ် ဆောင်ရွက်ရပါမည်။ အထူးသဖြင့် သူတပါးအပေါ် မတရားမလုပ်မိဖို့ အထူးသတိပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။

ဒေါက်တာ ကြည်ကြည်သန်း

( မြတ်မင်္ဂ်လာ ၁၉၉၉-ခု မေလ )

No comments: