Saturday, September 19, 2009

သုတမယဉာဏ်, စိန္တာမယဉာဏ်, ဘာဝနာမယဉာဏ်

သုတမယဉာဏ်, စိန္တာမယဉာဏ်, ဘာဝနာမယဉာဏ်တို့ကို အသီးသီးသိအပ်၏။
သုတမယဉာဏ် ဟူသည်ကား-ကိုယ်တွေ့ဒိဋ္ဌ သိသည်မဟုတ်။ သူတပါးပြောသောကြောင့်၎င်း၊ စာတွေ့အားဖြင့်၎င်း၊ သိသောဉာဏ်တည်း။
စိန္တာမယဉာဏ်သည်လည်း-ကိုယ်တွေ့ဒိဋ္ဌ မဟုတ်သေး၊ သူတပါး ပြောဟောသော အဓိပ္ပါယ်၊ စာတွေ့အားဖြင့် သိသောအဓိပ္ပါယ်တို့ကို အကြောင်းအကျိုးဆက်စပ်၍ ယုတ္တိယုတ္တာ ဆောင်ပြီးလျှင် အမှန်ကို အတွေးနှင့် သိခြင်းပေတည်း။
ဘာဝနာမယဉာဏ် ဟူသည်ကား-ကိုယ်တွေ့ဒိဋ္ဌ မိမိရရ သိသောအသိမျိုးတည်း။

( ဖရဲသီးဥပမာ ဉာဏ်သုံးဖြာ )
ထိုသုံးပါးတို့တွင် သုတမယဉာဏ်ကား ထင်ရှားသိသာပြီး စိန္တာမယဉာဏ် ဘာဝနာမယဉာဏ် ၂-ပါးတို့၏ အထူးကို ဥပမာအားဖြင့် သိအပ်၏။ အခါတပါး၌ လူသုံးယောက်တို့သည် လွန်စွာမှန်ကန်အောင် တွေးတောဆင်ခြင်တတ်သည်ဟု ကျော်ကြားသတတ်။ ထိုစကားကို စာရေးတယောက် ကြားသော် မယုံကြည်သဖြင့် ဖရဲသီတလုံးကို အုပ်တခု၌ ထည့်ပြီးလျှင် အလောင်းအစားပြု၍ အမှန်ကို တွေးစေ၏။ ထိုအခါ လူသုံးယောက်တို့တွင် တယောက်သောသူက အကျိုးအကြောင်း မြော်ထောက် ဆင်ခြင်ပြီးလျှင် ဤအုပ်ထဲ၌ ရှိသောအသီးသည် မြေနွယ်သီး ဖြစ်ရမည်ဟု ဆို၏။
ဒုတိယလူကလည်း ထို့အတူ အကျိုးအကြောင်း မြော်ထောက်၍ မြေနွယ်သီး ဖြစ်ခဲ့သော် အခွံစိမ်း အခွံကြား ဖြစ်ရမည်ဟု ဆို၏။
တဖန် တတိယလူက မြေနွယ်သီး အခွံစိမ်း အခွံကြား ဖြစ်လျှင် အစေ့အနက်၊ အစေ့အနီ ဖြစ်ရမည်ဟု ဆင်ခြင်၍ ပြောပြန်၏။ ထို့ကြောင့် လူသုံးယောက်တို့၏စကားကို ပေါင်း၍ ဤအုပ်ထဲ၌ ဖရဲသီး မဟုတ်လော-ဟု ဆိုပြီးလျှင် အုပ်ကို ဖွင့်သောအခါ ဖရဲသီးအမှန်ပင် ဖြစ်နေသောကြောင့် စာရေးသည် အရှုံးပေးရသောဟူ၏။

ဤဥပမာ၌ လူသုံးယောက်တို့သည် ဖရဲသီးကို အတွေးနှင့် သိကြသကဲ့သို့ စိန္တာမယဉာဏ်ကို မှတ်အပ်၏။
အုပ်ကိုဖွင့်သောအခါ ဖရဲသီးဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ သိရသကဲ့သို့ ဘာဝနာမယဉာဏ်ကို မှတ်အပ်၏။

အချို့သောသူတို့ကား အစစ်အမှန်မဟုတ်ဘဲ အစစ်အမှန်ကဲ့သို့ တွေးတောနေခြင်းကို စိန္တာမယဉာဏ်ဟု ထင်ကြ၏။ မသင့်။ ထိုသို့တွေးတောနေခြင်းကို ၀ိတက်ဟူ၍ သာမညအားဖြင့် ခေါ်ဆိုရ၏။ ၀ိတက်နှင့် စိန္တာမယဉာဏ်သည် အလွန်ခြားနားသည်ဟု မှတ်ပါလေ။
ဤ၀ိပဿနာအရာ၌ ဘာဝနာမယဉာဏ်သာလျှင် လိုရင်းဖြစ်သတည်း။

( တိမ်ယောင်နှင့် နက်၊ လွယ်ယောင်ခက် )
သို့ရာတွင် ရုပ်နာမ်တို့၌ ကြံစည်စိတ်ကူးရာ၌ကား ကောင်းပါ၏။ အချည်းနှီးတော့ မဖြစ်ပါ။ နာမရူပ ပရိစ္ဆေဒ၊ ပစ္စယ ပရိဂ္ဂဟဉာဏ်တော့ ဖြစ်ပါ၏။ ကောင်းပါ၏။ ပါရမီဖြစ်ပါ၏။ ဤမျှလောက် စိတ်ကူးဖြင့် ဤဘ၀၌ စိန္တာမယဉာဏ် ရသွားလျှင်လည်း နောက်တပါးပါးသောဘ၀၌ ကျကျနန တရားနာရကာ အကျွတ်တရား ရတတ်ကြပါ၏။ စူဠပန် အရှင်မြတ်စသည်တို့ကို ထောက်မြော်ပါလေ။ အားတက်စရာပါပဲ။ ယခုဘ၀၌လည်း စိတ်ကူးကြံစည်ပါများလျှင် သမာဓိက ကောင်းလာပြီးသကာလ ခန္ဓာငါးပါးတို့၏ ဖောက်ပြန် ဖြစ်ပျက်မှုတို့ကို အတပ်ဒိဋ္ဌ သာမညလောက်တော့ကာ တွေ့ရတတ်ပါ၏။ တွေ့ပေမယ့် တွေ့သောအခါ ဘာမှန်းမသိတတ်ကြ၍ မရှုတတ်တာနဲ့ ပျောက်သွားတတ်ကြ၏။

ဘာဝနာမယဉာဏ်ဖြင့် အတပ်ဒိဋ္ဌ စ၍တွေ့သောအခါ အထူးဂရုစိုက်၍ မလျော့သော လုံ့လဖြင့် ဆက်၍ အပျောက်မခံဘဲ ရှုတတ်မှ တီရဏပရိညာ ကင်္ခါဝိတရဏ၀ိသုဒ္ဓိသို့ ရောက်တတ်ကြပါသည်။ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိသို့ ရောက်ပြီးမှ သဘောပေါက်ပြီး မပျောက်ပျက်ရအောင် ဆက်လက်ရှုမြင်၍ သွားတတ်ကြပါတော့သည်။ ဒါကြောင့်မို့လို့ ( ဆရာမရှိ ငါးပိဖုတ်တောင်မှ နည်းမကျ ) ဟု ဆို၏။ ဘာဝနာမယဉာဏ်ဆိုတာ စိတ်မကူးဘဲနဲ့ ပြခဲ့ပြီးခဲ့သော နည်းတို့အတိုင်း နေရာမှန်ကို စိတ်ထားမှန်မှန်နှင့် ရှုနေရင်း တကယ်ရှိတဲ့တရားတွေကို တကယ်ပင် အလိုလို တွေ့ရတော့တြဲဖစ်ပါသည်။ ရေးသားထားသလို တကယ်တွေ့တဲ့ တရားတွေကို ဘာဝနာမယဉာဏ်ဟု ခေါ်ပါသည်။

ဤကဲ့သို့ သိရသော ဘာဝနာမယဉာဏ်တို့တွင်လည်း အဇ္ဈတ္တ တွေ့ထိပျက်သည် ဆရာကောင်းမတွေ့လျှင် အသိရခက်ဆုံး။ ဆရာကောင်းတွေ့လျှင် အလွယ်ဆုံး။ လူပြိန်းသက်သက် အားမထုတ်ဖူးသေးသော တကယ်လိုချင်သောသူကို ပြတတ်သောဆရာက ပြပေးမည်ဆိုလျှင် ပါရမီအလျောက် လျင်လျင်မြန်မြန်ကြီး ထင်မြင်ပေါက်ရောက်လွယ်တတ်၏။ သဘောကို မပိုင်၍ မနိုင်သောဆရာက ပြသမည်ဆိုပါမူကား မိမိ၏ နားရွက်ကို မိမိ၏မျက်စိဖြင့် လှည့်၍ ကြည့်ဘိသကဲ့သို့ အနီးသားနဲ့ နီးကပ်စွာ ရှိနေပါလျက် ကြည့်လေ မမြင်လေ၊ လိုက်လေ ဝေးလေ ဖြစ်နေတတ်၏။ လယ်တီဆရာတော်ဘုရားကြီးကလည်း ၀ိပဿနာတရားဆိုတာ ပဉ္စလက်နည်းနှင့် တူ၏။ ပဉ္စလက်ဆိုတာ နည်းမသိလျှင် အခက်ကြီးခက်သတဲ့။ နည်း သိတော့လည်း အလွယ်သားပဲတဲ့။ ဒါကြောင့်မို့လို့-

တိမ်လျက် နက်တယ်၊ ကျဉ်းလျက် ကျယ်၊ တကယ် ကျမ်းမှာရှိ။

လွယ်လျက် ခက်တယ်၊ သိနိုင်ဖွယ်၊ တကယ် ဆရာရှိ-ဟူ၍ စပ်ဆိုပါသည်။

( တင်ကူးတွေးတော ကြိုမပြောရ )

စိန္တာမယဉာဏ်ဆိုတာ သင်ကြားနာယူဖူးသော ဗဟုသုတရှိမှ ဗဟုသုတအလိုက် ရုပ်နာမ်တို့၏ ဖြစ်တတ်၊ ပျက်တတ်သော သဘောတို့ကို ဉာဏ်ရှိသလောက် ဝေဖန်ပိုင်းခြား စဉ်းစားတွေးတော ကြံစည်မှုတို့ပေတည်း။

ဘာဝနာမယဉာဏ်ဆိုတာ ရှေးက သင်ကြားနာယူခဲ့ဖူးသော ဗဟုသုတကို မလို၊ ဆရာက ဒီနေရာမှာ စိတ်ထားပြီး ရှုနေ-ဟု ဆိုသည့်အတိုင်း ဘာကိုမျှ စိတ်မကူးဘဲ ဆရာခိုင်းသလို စိတ်ကို တနေရာတည်းမှာ ထားရသည်။ စိတ်ငြိမ်၍ သမာဓိကောင်းလာပြီး သကာလ ပါရမီအလျောက် တရားအချက်တို့ကို မြင်၍လာတတ်ပါတော့၏။ မြင်လာသော သဘောတို့ကို ဆရာက ဘာပဲညာပဲဟူ၍ အကျယ်တ၀င့် မပြောသေးဘဲ မြင်တဲ့အတိုင်းပင် ထပ်၍ရှုခိုင်း၊ ကြာလေ အမြင်တွေများလေ ဖြစ်လာတော့၏။ တကိုယ် တကောင်လုံး မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော၊ အစိုးမရတဲ့သဘောတည်းဟူသော တရားအချက်တို့ကို မြင်လာပြီဆိုမှဖြင့် ယောဂီပုဂ္ဂိုလ်၏ အပြောအဆို အနေအထိုင် အမူအရာတို့သည် နူးညံ့သိမ်မွေ့ပြီး ငြီးငွေ့၍လာတော့၏။ ရတနာသုံးပါးကိုလည်း အရိုအသေ ပို၍ လေးစားလာတတ်တော့၏။

ဤအခါကျတော့မှ ဤသဘောသည်ကား ရုပ်၊ ဤသဘောသည်ကား နာမ်၊ ဤသဘောသည်ကား အနိစ္စ၊ ဤသဘောသည်ကား ဒုက္ခ၊ ဤသဘောသည်ကား အနတ္တ-စသည်ဖြင့် ယောဂီပုဂ္ဂိုလ် နားလည်ရုံလောက်ပင် တိုတို ပြောပြရသည်။ နောက်ဆုံး၌ ယောဂီပုဂ္ဂိုလ် သဘောကျ၍ အာလယပြေသဖြင့် မိမိနေအိမ်သို့ ပြန်တော့မည်ဆိုမှ ဆရာက ဤနေရာတွင် တရားသဘောတို့ကို အကျယ်တ၀င့် ယောဂီပုဂ္ဂိုလ် သဘောကျ ကျေနပ်လောက်အောင် ပြောပြရတော့သည်။

အဘယ်ကြောင့် တရားအားမထုတ်မီက တရားသဘောတို့ကို မပြောပြဘဲ အားထုတ်ပြီးမှ ပြောပြရပါသလဲဟူမူ အားမထုတ်ခင်က ပြောထားလျှင် ပြောပြထားတဲ့ တရားသဘောတွေကို လျှောက်ပြီး တွေးတောနေလျှင် ဘာဝနာမယဉာဏ် မထင်နိုင် မမြင်နိုင်ပါ။

တရားအားထုတ်သောသူသည် တရားအချက်တို့ကို ယထာဘူတကျနစွာ မြင်ဖို့သာလျှင် လိုရင်းဖြစ်သဖြင့် မမြင်မြင်အောင်လည်း ကြည့်မှသာလျှင် လိုရင်းဖြစ်သောကြောင့် စိတ်ဖြင့်ကြည့်ရုံသာ ကြည့်နေရမည် ဖြစ်ပါသည်။ ကြည့်ပြီး၍ မြင်ပြီးတော့မှ မြင်သောသဘောတို့ကို ကျမ်းဂန်နှင့် ကိုက်၍ ကြည့်ရပါသည်။ ကျမ်းဂန်နှင့်ကိုက်၍ ကြည့်ခြင်းသည် စာတတ်သောပုဂ္ဂိုလ်များအတွက် ကျေနပ်ရအောင် လုပ်သောအလုပ်သာ ဖြစ်ပါသည်။ လိုရင်းမှာမူ တရားကို ထင်မြင်ပေါက်ရောက်လျှင် ပြီးပါတော့သည်။ စိန္တာမယဉာဏ်၌ ကျမ်းဂန် ဗဟုသုတရှိလေ ကောင်းလေဖြစ်၏။ ဘာဝနာမယဉာဏ်အဖို့မူကား ကျမ်းဂန်ဗဟုသုတတို့ကို မလို။ တကယ့်တရားအချက်တို့ကို တကယ်အတပ်မြင်လျှင် ပြီးတော့သည်သာတည်း။


( စာမတတ်သော ကာဠီ )

သို့ဖြစ်၍ ကျမ်းဂန်ဗဟုသုတ အလျင်း ဘာမျှ မရှိဖူးသေးသော ကာဠီအမည်ရှိ ဒကာမသည် သာတာဂီရိနတ်မင်းနှင့် ဟေမ၀တနတ်မင်းတို့၏ ဘုရားသခင်အကြောင်း မေးမြန်းဖြေဆိုနေရာတွင် အလွန်ကြည်ညိုသောစိတ် ဖြစ်လာ၏။ ထိုအခါ စိတ်သည် နူးညံ့သိမ်မွေ့၍လာ၏။ ကြာလေ နူးညံ့သိမ်မွေ့တဲ့ စိတ်တွေ အဆင့်ဆင့်တိုးတက်၍ တိုးတက်၍ ဖြစ်လာလေလေ ဖြစ်၏။ ဖြစ်လာသောအခါ နူးညံ့သိမ်မွေ့တဲ့ စိတ်ကြောင့်ဖြစ်သော ရုပ်တို့သည်လည်း အဆင့်ဆင့် နူးညံ့၍ နူးညံ့၍ သွားလေတော့၏။ ထိုအခါ၌ အဆင့်ဆင့် တိုးတက်၍ တိုးတက်၍ နူးညံ့သိမ်မွေ့သွားသောစိတ်နှင့် ရုပ်ဓာတ်တို့၏ အဆင့်ဆင့်သဘောအားဖြင့် ပြောင်းပြောင်းသွားတာကို မြင်ပြီးလျှင် ပါရမီအလျောက် လက္ခဏာရေး အလိုလိုထင်ပြီးသကာလ တရားရ၍ သောတာပန် ဖြစ်သွားလေ၏။ ကာဠီအမည်ရှိသော ဒကာမကဲ့သို့သော ၀တ္ထုသက်သေများလည်း အများပင် ရှိပါသေးသည်။

( အနာနှင့်ဆေး တည့်အောင်ပေး )

တရားအားထုတ်သော ယောဂီသည် လူမမာနှင့် တူပါသည်။ လူမမာသည် ဆရာပေးသော ဆေးဝါးဓာတ်စာတို့၏ အကြောင်းကို သိနားလည်ရန် မလိုပါ။ ဆေးဝါးဓာတ်စာတို့၏ အတက်၊ အသက်၊ အပူ၊ အအေး အကြောင်းတို့ကို ဝေဖန် ပိုင်းခြားနေခြင်းသည် အချိန်ကုန်ခြင်းသာလျှင် ဖြစ်သည်။ လူမမာ၏ တာဝန်မှာ ဆရာပေးသမျှကို စား၊ စားသမျှ ၀မ်းထဲရောက်၍ ရောဂါပျောက်လျှင် ပြီးပါတော့သည်။

ဤဥပမာ၌ ယောဂီပုဂ္ဂိုလ်သည် လူမမာနှင့် တူ၏။ ဆေးဆရာသည် ကမ္မဋ္ဌာန်းပြသော လူဆရာ၊ ရဟန်းဆရာ၊ စာအုပ်ဆရာနှင့် တူ၏။ ဆေးဝါးဓာတ်စာသည် တရားအားထုတ်ရန် နည်းလမ်းစည်းကမ်းနှင့်တူ၏။ ဆေးဆရာက ပေးသလို စားခြင်းသည် ကမ္မဋ္ဌာန်းဆရာက ခိုင်းသလို ကျင့်ခြင်းနှင့် တူ၏။ စားတိုင်းစားတိုင်း ၀မ်းထဲရောက်၍ စားသမျှသော ဆေးဝါးဓာတ်စာတို့က ရောဂါဝေဒနာကို နှိမ်နှင်းပျောက်ပျက်စေခြင်းသည် ကျင့်တိုင်းကျင့်တိုင်း တရားသဘောတို့သည် ဉာဏ်ထဲရောက်၍ ဉာဏ်ထဲရောက်သမျှသော တရားအချက် တရားသဘောတို့က သက္ကာယဒိဋ္ဌိကို နှိမ်နှင်းပျောက်ပျက်စေခြင်းနှင့် တူ၏။ ရောဂါဝေဒနာသည် စက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာနှင့် တူ၏။

ဤအချက်တို့ကို ထောက်သဖြင့်-စာမတတ်သောသူများ တရားကို အားထုတ်၍ မဖြစ်နိုင်-ဟူသော အယူ မရှိကြစေလိုပါ။ ဓမ္မပဒပါဠိတော်၌လည်း စာမတတ်ပေမယ့် နည်းမှန်လမ်းမှန်အတိုင်း ကျင့်လျှင် မဂ်ဖိုလ်နိဗ္ဗာန် ရောက်နိုင်ကြောင်း ဟောပါသည်။

( အလွယ်ဆုံး အခက်ဆုံး )

မြင်ပျက်၊ ကြားပျက် ဖြစ်သော ယခုအခါ လူတိုင်းလိုလို သိနေကြသော နည်းမျိုးမှာကား မှန်ပါ၏။ ကျမ်းဂန်အတိုင်းပင် ဖြစ်၏။ သို့ရာတွင် နှေးလွန်းသောနည်း, ကြာလွန်းသောနည်း ဖြစ်၏။ ကျင့်ရတာလည်း လွယ်ကူ၏။ ပြောပြလျှင်လည်း နားလည်လွယ်၏။ သို့ပေမယ့် ယခု တချို့ ကျင့်နေကြသည့်အတိုင်းဆိုလျှင် များသောအားဖြင့် ဘာဝနာမယဉာဏ် တကယ်ရောက်အောင်မူကား အလွန်ပင် ခဲယဉ်းတတ်၏။ ဆရာနှင့်ပြပါသော်လည်း ရက်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ ကြာပေမယ့် အဆင်မတည့်နိုင်ကြဘူး။ ထင်သလိုလို ရှိပြန်ပါလည်း ကြာကြာမထင်၊ ခဏသာ ထင်တတ်၏။ မစွဲမြဲတတ်ကြပေ။

တောထဲမှာ နှစ်ပေါင်းများစွာ ကြာတာတောင် တရားမတွေ့ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေသည် ယခုခေတ် တချို့လူများသိတဲ့ မြင်ပျက် ကြားပျက်မျိုးဖြင့်နေ၍ မြင်မှု ကြားမှု စသည်တို့၌ ဘာဝနာမယဉာဏ် မပေါက်တည့်နိုင်။ ဘာဝနာမယဉာဏ်အနေ ထင်ပြန်တော့လည်း ကြာကြာမစွဲမြဲ။ အလှုပ်မခံ၊ စွဲမြဲအောင် မလုပ်တတ်၍ ပျက်ပြယ်လွယ်တတ်၏။ ထိုအခါကျတော့ တရားကို မတွေ့ပေါင်ကွယ်၊ တရားဆိုတာ တယ်ခက်တာကလား-ဟု ဆို၍ စိတ်ပျက်ပြီး တချို့ ပြန်လာတတ်ကြ၏။

ယခု ဤကျမ်းတွင်ပါသည့်အတိုင်းသာ အဇ္ဈတ္တတွေ့ထိပျက်တို့ကို ပိုင်နိုင်အောင် အားထုတ်ပြီးလျှင်မူကား ခန္ဓာငါးပါး၊ အာယတန တဆယ့်နှစ်ပါး၊ ဓာတ်တဆယ့်ရှစ်ပါးစလုံးကိုလည်း ရှုတတ်လွယ်တော့၏။ ခပ်သိမ်းသောတရားသဘောတို့ကိုလည်း ပိုင်နိုင်လွယ်တော့၏။ ထို့ကြောင့် တရားအားထုတ်ရာ အဇ္ဈတ္တသက်သက်ဖြစ်သော ကာယဓာတ်၊ ဖောဋ္ဌဗ္ဗဓာတ်၊ ကာယ၀ိညာဏ်ဓာတ် သုံးပါးသည် အလွယ်ဆုံး၊ အခက်ဆုံး ဖြစ်၏။ အတိမ်ဆုံး၊ အနက်ဆုံး ဖြစ်၏။ ဒါကြောင့်-

ရဟန်းပုဂ္ဂိုလ်၊ လူထိုထို၊ စာကို ကျင့်သုံး၏။

စကားမှန်၏၊ ဉာဏ်မမိ၊ ထိအောင် သူမသိ။

ယထာဘူတာ၊ ကျဖို့ရာ၊ ဆရာ ရှာလေဘိ။

တိမ်လျက် နက်တယ်၊ ကျဉ်းလျက် ကျယ်၊ တကယ် ကျမ်းမှာရှိ။

လွယ်လျက် ခက်တယ်၊ သိနိုင်ဖွယ်၊ တကယ် ဆရာရှိ။ ဟူ၍ ပညာရှိတို့ စပ်ဆိုပေသည်။

( ၁၃-နှစ် ရှာယူရသော တရား )

ဤအတွင်း အဇ္ဈတ္တသက်သက်ဖြစ်သော တရားသည် ဘာပြုလို့ ခက်သလဲဆိုတော့ အာရုံကလည်း အတွင်းပဲ၊ အာရမ္မဏိက အတွင်းပဲ၊ ဒါကြောင့်မို့လို့ ပညာရှိပုဂ္ဂိုလ်များ မြင်းကောင်း ခွါလိပ်-ဆိုသလို ဖြစ်နေကြပါသည်။ ဘာကြောင့် မြင်းကောင်းခွါလိပ် ဖြစ်နေသည်ဟု ဆိုနိုင်ပါသနည်းဟူမူ ဤကျမ်းပြုသူ၏ ပထမ လက်ထပ်ပြသောဆရာ၊ ရန်ကုန်မြို့ ဒလဘက် ပျော်ဘွယ်ကြီးရွာ ကျေးဇူးရှင် ကမ္မဋ္ဌာန်းဆရာကြီး ဆရာသက်သည် ဤတရားကို ရဖို့ရာ ဆရာ့ဆရာ သာထက်သာတို့ထံ လိုက်လံရှာဖွေရာ ၁၃-နှစ်လောက်ကြာပြီးမှ စိတ်လျှော့ပြီးပြန်အလာ အိမ်ကျသကာလ တန်ဆောင်းထဲ၌ နေ့ရောညပါ ၇-ရက်လုံးလုံး မည်သူ့ကိုမျှ စကားမပြော၊ အတွေ့မခံဘဲ မရမနေ သေပေစေဆိုပြီး ကျင့်တော့မှ ယခုပြနေသောနည်းမှာ နိဿယကိုပါ ရ၍ သဘောကျနှစ်သက်ပြီး လယ်တီဆရာတော်ဘုရား၊ သေက္ချတောင် ဦးတိလောက ဆရာတော်ဘုရား အစရှိသော ဆရာတော်ဘုရားများအား လျှောက်ထားရာ၊ ယထာဘူတကျကြောင်း ပြောပြ၍ သာဓုခေါ်ပြီးလျှင် ရဲရဲဝံ့ဝံ့ ပြသရန် တိုက်တွန်းအားပေးသောကြောင့် ပြသလာရာ၊ ယခုအခါ ဆရာကြီးနှင့်တကွ ဆရာကြီး၏ထံမှ နည်းနာယူပြီးသော ရဟန်းဆရာ၊ လူဆရာများ ပြသနေကြရာ တရားကို ယထာဘူတကျနစွာ ထင်မြင်သောပုဂ္ဂိုလ်ပေါင်း ၄၀၀၀-ကျော် ၅၀၀၀ နီးပါးခန့် ရှိလောက်နေပါပြီ။

( ချက်သိရင် အလွယ်ကလေး )

ဆရာကြီးနည်းအတိုင်း ယခုပြေနေကြသည်မှာ ၇-ရက်အတွင်း ၀ိပဿနာဉာဏ် အလင်းပေါက်သည်သာ များကြပါသည်။ ဤဆရာကြီးသည် ဆရာလုပ်ရန် ပါရမီကောင်း၍ ဤနည်းကို ရခြင်းဖြစ်ပါသည်။ ဒါတောင်မှ သူရှာတုန်းက ၁၄-နှစ်ကြာနေရသည်။ ဘာပြုလို့ ဒါလောက်တောင် ကြာနေရသနည်းဟူမူ တရားအစစ်ကို အတပ် မသိတတ်သေးသောကြောင့် တကြောင်း၊ ဤကဲ့သို့ လျင်မြန်သော ရှာနည်းရှာပုံကို မသိရသေးသောကြောင့်တကြောင်း ဖြစ်ပါသည်။ တရားအစစ်ကို အတပ်သိတတ်၍ ရှာနည်းရှာပုံကို သိတတ်တော့လည်း ခပ်လွယ်လွယ်ပင် ဖြစ်ပါသည်။ အမြဲတွေ့နေရသော သဘောမျိုး၌ အကျုံးဝင်လျက်ပင် ရှိပါသည်။ သို့ဖြစ်သောကြောင့် ပညာရှိပုဂ္ဂိုလ်များ မြင်းကောင်း ခွါလိပ် ဖြစ်နေကြသည်ဟု ဆိုလိုပါသည်။

( ဒိဋ္ဌဓမ္မ ၀ိပဿနာကျမ်းမှ )

အယ်ဒီတာ-မြတ်မင်္ဂလာ

( မြတ်မင်္ဂလာ ၁၉၉၉-ခု ဇွန်လ )

No comments: