Monday, September 21, 2009

ဥစ္စာ ကံစောင့်

( စကားပုံ အဓိပ္ပါယ် )
ဤ ဥစ္စာ ကံစောင့်-ဟူသော စကားပုံသည် အသက် ဉာဏ်စောင့်-ဟူသော စကားပုံနှင့် တွဲဖက်သည်။ အသက်ဉာဏ်စောင့် စကားအကြောင်းကို ရှေ့က တင်ပြခဲ့ပြီးဖြစ်သည်။ အသက်ရှည်ရှည် နေနိုင်ရန် ဉာဏ်ဖြင့် စောင့်ရှောက်ပြုပြင်ပေးရသကဲ့သို့ ဥစ္စာပစ္စည်း မဆုတ်ယုတ်ရန် (၀ါ) တိုးတက်ရန် ကံတရားက စောင့်ရှောက်ပေးသည်ဟု အကျဉ်းချုပ် အဓိပ္ပါယ် ရပါသည်။

( ဥစ္စာ ဆိုသည်မှာ )
ဥစ္စာ ကံစောင့်-စကားပုံ၌ ဥစ္စာဆိုသည်မှာ လူသားတို့ စားရေး၊ ၀တ်ရေး၊ နေထိုင်ရေးတို့၌ အသုံးပြုကြရသည့် ပစ္စည်းများဖြစ်သည်။ ထိုပစ္စည်းများကို ရွှေ၊ ငွေ၊ စိန်၊ ကျောက်၊ ပတ္တမြား-စသော အတွင်းအသုံးအဆောင် ပစ္စည်းဥစ္စာများ (ဥပဘောဂ) နှင့် အိုးခွက်၊ ပန်းကန်၊ စားပွဲ၊ ကုလားထိုင်၊ ခုတင်-စသော ပြင်ပ အသုံးအဆောင်ပစ္စည်း (ပရိဘောဂ) များဟူ၍ နှစ်မျိုးပြဆိုထားသည်ကို ကျမ်းဂန်များ၌ တွေ့ရသည်။
သုတ်ပါထေယျ ပါဠိတော်၊ ဒသုတ္တရသုတ်၌ သတ္တ၀ါတို့အား လွန်စွာအကျိုးများသည့် (အရိယဓနင်္ဂ) သူတော်ကောင်း ဥစ္စာ ၇-ပါးမှာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပ-ဆိုသည့် တရားခုနစ်မျိုး ဖြစ်ပါသည်။
ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကပါဌ ပါဠိတော်၊ နိဓိကဏ္ဍသုတ်၌မူ သာဝတ္ထိပြည်သား သူဌေးကြီးတဦးကို အကြောင်းပြုပြီး-
၁။ ထာဝရဥစ္စာ
၂။ ဇင်္ဂမဥစ္စာ။
၃။ အင်္ဂသမဥစ္စာ
၎။ အနုဂါမိကဥစ္စာ-ဟူသော ဥစ္စာလေးမျိုးရှိကြောင်း မြတ်စွာဘုရား ဟောကြားထားပါသည်။

ထိုတွင် ထာဝရဥစ္စာဆိုသည်မှာ ထားသည့်နေရာမှာပဲ မရွေ့မရှား တည်နေတတ်သည့် လယ်ယာ မိုးမြေ၊ တိုက်တာနေအိမ်၊ ရွှေငွေများနှင့် အိမ်ထောင်ပရိဘောဂ အသုံးအဆောင်စသော သက်မဲ့အသုံးအဆောင် ၀တ္ထုပစ္စည်းများ ဖြစ်ကြသည်။ (ထာဝရ-ထားသည့်နေရာတွင် မရွေ့မရှား အမြဲတည်နေသော ဥစ္စာ)။
ရွေ့လျားသွားလာတတ်သည့် ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊ အခိုင်းအစေ-ယောက်ျား၊ အခိုင်းအစေ-မိန်းမ စသော သက်ရှိဥစ္စာပစ္စည်းများကိုမူ ဇင်္ဂမဥစ္စာ-ဟု ခေါ်သည်။ (ဇင်္ဂမ-လှုပ်ရှားသွားလာတတ်သော ဥစ္စာ)။
အင်္ဂသမဥစ္စာကား-မိမိ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများနှင့်တူသော ဥစ္စာမျိုး ဖြစ်သည်။ မိမိ၏ ဦးခေါင်း ခြေ လက်-စသော အင်္ဂါများသည် မိမိ အရှေ့သွားလျှင် အရှေ့ပါ၊ အနောက်သွားလျှင် အနောက်ပါ၊ တောင်သွားလျှင် တောင်ပါ၊ မြောက်သွားလျှင် မြောက်ပါသကဲ့သို့ မိမိတတ်သိထားသော နှုတ်မှုပညာ၊ လက်မှုပညာ၊ စက်မှုပညာ-စသော ပညာရပ်များသည်လည်း မိမိသွားရာ အရှေ့၊ အနောက်၊ တောင်၊ မြောက်-တို့သို့ ထက်ကြပ်မကွာ လိုက်ပါတတ်သည့်အတွက် ထိုအတတ်ပညာ အရပ်ရပ်တို့ကို အင်္ဂသမဥစ္စာ-ဟုခေါ်သည်။ (အင်္ဂသမ-ဦးခေါင်း၊ ခြေ၊ လက်၊ စသည့် ကိုယ်အင်္ဂါများနှင့် တူသည့် ဥစ္စာ)။

ဖော်ပြခဲ့ပြီးသော ရွှေ-ငွေ စသော သက်မဲ့ထာဝရဥစ္စာများ၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ စသော သက်ရှိ ဇင်္ဂမဥစ္စာများနှင့် မိမိတို့ တတ်သိထားကြသည့် အတတ်ပညာ အရပ်ရပ်ဟူသော အင်္ဂသမဥစ္စာတို့သည် အလွန်ဆုံး မိမိတို့ သေဆုံးခါနီးအချိန်အထိသာ မိမိတို့နှင့် အတူရှိနိုင်ကြသည်။ မိမိတို့ သေဆုံးသွားကြသည့်အခါ၌မူ ဤဥစ္စာပစ္စည်း အားလုံးကို စွန့်ပစ်ထားခဲ့ကြရသည်။ အမှန်အားဖြင့် ကုသိုလ်ကောင်းမှုတို့သည် တမလွန်လောက၌ သတ္တ၀ါတို့၏ မှီခိုအားထားရာ၊ တည်ရာ၊ မှီရာတို့ ဖြစ်ကြကုန်၏။ (ပုညာနိ ပရလောကသ္မိံ ပတိဋ္ဌာ ဟောန္တိ ပါဏီနံ) ဟူသော ဘုရားဟော ဒေသနာတော်နှင့်အညီ မိမိတို့ ပြုလုပ်ခဲ့ကြသည့် ဒါနကုသိုလ်ကောင်းမှု၊ သီလကုသိုလ်ကောင်းမှု၊ သမာဓိကုသိုလ်ကောင်းမှု၊ ပညာကုသိုလ်ကောင်းမှု ဆိုသော ကောင်းမှုလေးမျိုးတို့သာ တမလွန်လောကသို့ လိုက်ပါတတ်ကြသည်။

ထိုကောင်းမှုတို့သည် တဘ၀သာ လိုက်ပါနိုင်ကြသည် မဟုတ်။ တတော နံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ-ဟူသော ဘုရားဟောအတိုင်း အနာဂတ် သံသရာတလျှောက် နိဗ္ဗာန်ရောက်သည်အထိ မိမိနောက်က အရိပ်ပမာ တကောက်ကောက် လိုက်ပါနိုင်ကြသည်။ ထို့ကြောင့် ထိုဒါန-စသော ကောင်းမှုလေးမျိုးတို့ကို အနုဂါမိကဥစ္စာ-ဟု ခေါ်ပါသည်။ (အနုဂါမိက-သံသရာတလျှောက် မိမိနောက်သို့ တကောက်ကောက် လိုက်ပါနေသော ဥစ္စာ)။
ဤဥစ္စာ အမျိုးမျိုးတို့တွင် သူတော်ကောင်း ဥစ္စာ ၇-မျိုးနှင့် အနုဂါမိကဥစ္စာတို့ကို ချန်ထား၍ ရွှေ၊ ငွေ၊ စသော ထာဝရဥစ္စာ၊ ကျွဲ နွား-စသောာ ဇင်္ဂမဥစ္စာ၊ အတတ်ပညာဟူသော အင်္ဂသမဥစ္စာ တို့ကိုသာ ဥစ္စာ ကံစောင့်-စကားပုံ၌ ဥစ္စာအရ ယူရမည် ဖြစ်ပါသည်။

( ကံဆိုသည်မှာ )
ကံစောင့်ဆိုသောစကား၌ ကံ-မှာ ကုသိုလ်ကံ အကုသိုလ်ကံ-ဟု နှစ်မျိုးရှိသော်လည်း ဤနေရာ၌ ဥစ္စာပစ္စည်းကို စောင့်ရှောက်သည်ဟုဆိုသောကြောင့် ကုသိုလ်ကံကိုသာ ယူရပါမည်။ ထိုကုသိုလ်ကံမှာလည်း လွန်လေးပြီးသော ဘ၀များစွာက ဆည်းပူးပြုလုပ်ခဲ့သည့် အတိတ်ကုသိုလ်ကံများနှင့် ယခုဘ၀၌ ပြုလုပ်သော ပစ္စုပ္ပန် ကုသိုလ်ကံများဟူ၍ နှစ်မျိုးရှိပြန်ရာ ဤနှစ်မျိုးစလုံးကိုပင် ယူရပါမည်။
မှန်ပါသည်။ အချို့ပုဂ္ဂိုလ်များမှာ အတိတ်ကုသိုလ်ကံ အလွန်ကြီးမားကြသူများ ဖြစ်ကြသည်။ ပစ္စုပ္ပန် ကုသိုလ်ကံ၏ ထောက်ပံ့ကူညီမှု (ဥပထမ္ဘကသတ္တိ) မလိုဘဲ အတိတ်ကုသိုလ်ကံချည်း သက်သက်ဖြင့်ပင် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာကြသည်။ အချို့မှာ ယခု လက်ရှိဘ၀တွင် ပြုလုပ်သည့် ပစ္စုပ္ပန်ကုသိုလ်ကံ၏ အကူအညီ အထောက်အပံ့ကိုရမှ ပစ္စည်းဥစ္စာများ ဖြစ်ပွား တိုးတက်ကြသည်။ မဟာဒုက်၊ ကာက၀ဠိယနှင့် ပုဏ္ဏဆင်းရဲသား ဇနီးမောင်နှံတို့ ကဲ့သို့ လက်ရှိဘ၀၌ပင် ချက်ချင်းအကျိုးပေးနိုင်စွမ်းသော ပစ္စုပ္ပန် (ဒိဋ္ဌဓမ္မ ဝေဒနီယ) ကံဖြင့်လည်း တခဏချင်း ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသွားသူများလည်း ရှိကြပါသည်။
ဤသို့ အတိတ်ကုသိုလ်ကံ၊ ပစ္စုပ္ပန်ကုသိုလ်ကံနှစ်မျိုးလုံးပင် ဥစ္စာပစ္စည်းများကို စောင့်ရှောက်နိုင်သောကြောင့် ဤနေရာ၌ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ နှစ်မျိုးလုံးကို ယူရခြင်း ဖြစ်ပါသည်။ အတိတ်ကံ ပစ္စုပ္ပန်ကံ နှစ်မျိုးလုံးကို ယူရမည်ဆိုသော်လည်း ထိုကံများမှာ ဒါနကုသိုလ်ကံ သီလကုသိုလ်ကံ ဘာဝနာကုသိုလ်ကံ-ဟူ၍ အမျိုးမျိုးရှိရာ အလှူဒါနက ပေးလှူပါလျှင် ဖြစ်လေရာရာ အရပ်ဒေသ အမျိုးအနွယ်တို့၌ ကြွယ်ဝချမ်းသာခြင်း၊ များသော ဥစ္စာပစ္စည်း ရှိခြင်း၊ များသောစည်းစိမ်ရှိခြင်း အကျိုးရှိ၏။ ( ဒါနံ ဒတွာ ယတ္ထ ယတ္ထ တဿ ဒါနဿ ၀ိပါကော ဟောတိ၊ အဍ္ဎော စ ဟောတိ မဟဒ္ဓနော၊ မဟာဘောဂေါ )-ဟု အင်္ဂုတ္တိုရ် ပါဠိတော် သပ္ပုရိသဒါနသုတ်၌ ဘုရားရှင်ဟောတော်မူထားချက်အရ ဥစ္စာပစ္စည်း တည်တံ့ပြန့်ပွားရေးတွင် အခြားသော ကုသိုလ်ကံများထက် ဒါနကုသိုလ်ကံက ပို၍ ပဓာနကျသဖြင့် ကံစောင့်-ဟူသော စကား၌ ကံဆိုသည်မှာ များသောအားဖြင့် အတိတ်၊ ပစ္စုပ္ပန်-ဒါနကုသိုလ်ကံများ-ပင် ဖြစ်ပါသည်။

( ဥစ္စာကံစောင့် )
ကံကြောင့် လောကကြီးပေါ်လာရ၏။ ကံကြောင့် သတ္တ၀ါများ ဖြစ်ပေါ်လာရ၏။ ကမ္မုနာ ၀တ္တတေ လောကော၊ ကမ္မုနာ ၀တ္တတေ ပဇာ-ဟူသော ဒေသနာတော်နှင့်အညီ သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောက ဟူသော လောကကြီးသုံးပါးတို့မှာ ကံကြောင့်သာ ဖြစ်ပေါ်လာကြရသောကြောင့် ကံ၏အကြောင်းကား အလွန်ကျယ်ဝန်းလှပါသည်။ ကျယ်ဝန်းသလောက် အကျိုးပေးလည်း ဆန်းကြယ်လှသည်။ ဆန်းကြယ်သည့်အရာတွင် ဘုရားရှင်မှတပါး အခြားသူတို့ မကြံစည်နိုင်၊ မသိနိုင်သည့်အတွက် ကမ္မ၀ိပါကော အစိန္တိယော-ဟု ဘုရားဟောတော်မူခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌ ကံအမျိုးမျိုးရှိရာတွင် ဥစ္စာပစ္စည်းနှင့် ပတ်သက်သည့် ကံအကြောင်းကိုသာ တင်ပြပါမည်။
ဖော်ပြခဲ့ပြီးသော ဘုရားဟော ဒေသနာတော်များအရ လောကလူသားများမှာ ရှိကြသော ထာဝရဥစ္စာ၊ ဇင်္ဂမဥစ္စာ၊ အင်္ဂသမဥစ္စာ ဟူသော အတွင်းအပ အသုံးအဆောင်ပစ္စည်းများမှာ အတိတ် ပစ္စုပ္ပန် ဒါန ကုသိုလ်ကံများကြောင့် ဖြစ်ပေါ်လာရကြောင်းမှာ ထင်ရှားသိသာပါသည်။ ထို့အတူ လက်ရှိဥစ္စာပစ္စည်းများ မပျက်စီးဘဲ တည်မြဲနေခြင်း၊ တိုးပွားလာခြင်း၊ ရန်သူမျိုးငါးပါးတို့ မဖျက်ဆီးနိုင်ခြင်း စသည့်အကျိုးတရားတို့မှာလည်း ကံကြောင့်သာ ဖြစ်ပေါ်လာကြရပါသည်။ ထို့ကြောင့် ရှေးပညာရှင်ကြီးများက ဥစ္စာကံစောင့်-ဟု ဆိုထုံးပြုခဲ့ကြခြင်း ဖြစ်ပါသည်။

( ကံချွန်မှ လူမွန်ဖြစ်သည် )
ကံတရားက ဥစ္စာစီးပွားများကို စောင့်ရှောက်တတ်သည့် သဘောကို အကျယ်ဆက်လက် ရှင်းပြပါဦးမည်။ ဘုရားရှင်လက်ထက်တော်က အတိတ်ဒါနကုသိုလ်ကံ အလွန်ကြီးမားကြသဖြင့် မွေးမွေးချင်း သူဌေးမျိုး၌ ဖြစ်ကြသူများ ရှိကြသည်။ ထိုအတိတ်ကံ ချွန်သူများမှာ ဇောတိက၊ မေဏ္ဍက၊ ဇဋိလ-စသော ဒါနရှင်ကြီးများဖြစ်ကြသည်။ ထိုတွင် ဇောတိက သူဌေးသားမှာ အရွယ်ရောက်လာချိန်တွင် ရှေးအတိတ် ဒါနကုသိုလ်ကံအစွမ်းကြောင့် နေထိုင်ရန်အတွက် ရတနာ ၇-ပါးဖြင့်ပြီးသော ဘုံခုနစ်ဆင့် (ခုနစ်ထပ်) ရှိ ပြာသာဒ်ကြီး မြေမှပေါ်ထွက်ခဲ့သည်။ ထိုပြာသာဒ်ကြီးကို ၀န်းရံပြီး ရတနာ တံတိုင်းကြီး ခုနစ်ထပ်နှင့် ထိုတံတိုင်းတို့ အကြားအကြား၌ ပဒေသာပင် ၆၄-ပင် ပေါ်လာသည်။ ထို့အတူ ရွှေအိုးကြီး လေးလုံးနှင့် ထန်းလုံးခန့်ရှိ ရွှေကြံပင်ကြီး လေးပင်တို့သည် ထိုရတနာပြာသာဒ်ကြီး၏ ထောင့်လေးထောင့်တို့မှ တလုံးစီ တပင်စီ ပေါ်လာကြ၏။ ရွှေကြံပင်ကြီး၏ ပင်စည်မှာ ရွှေချည်းဖြစ်၍ အရွက်တို့မှာ မြအတိ ဖြစ်ကြသည်။

မေဏ္ဍကသူဌေးကား ၀ိပဿီဘုရားရှင် လက်ထက်မှာ ရွှေဆိတ်ရုပ်ကြီး ပြုလုပ်ပူဇော်ခဲ့သည့် ဒါနကုသိုလ်ကြောင့် အိမ်နောက်ရှိ ရှစ်ပယ်မျှကျယ်ဝန်းသော မြေနေရာတွင် ဆင်အရွယ်၊ မြင်းအရွယ်၊ နွားလားဥသဘအရွယ်ရှိ ရွှေဆိတ်ရုပ်ကြီးများသည် မြေမှပေါ်ထွက်လာကြ၍ ကျောက်ကုန်းချင်း ထိစပ်ကာ ရပ်တည်နေကြ၏။ ထိုရွှေဆိတ်ရုပ်ကြီးတို့၏ ခံတွင်းအသီးသီးထဲ၌ အဆင်းငါးမျိုးရှိ ချည်ဂေါ်လီကြီးများ ပါလာကြ၏။ အ၀တ်အထည်၊ ရွှေ၊ ငွေ၊ စသည်တို့ကို ဖြစ်စေ၊ ထောပတ်၊ ဆီ၊ ပျား၊ တင်လဲ စသော စားသောက်ဖွယ်ရာများကို ဖြစ်စေ အလိုရှိသည့်အခါ ထိုဂေါ်လီလုံးကြီးများကို ဖယ်ရှားလိုက်ရ၏။ ရွှေဆိတ်ရုပ်တရုပ်တည်း၏ ခံတွင်းမှ ထွက်လာသည့် အ၀တ်အထည် ရွှေ ငွေ စသော ပစ္စည်းတို့မှာ ဇမ္ဗူဒိပ်တကျွန်းလုံး ရှိသူတို့အတွက် လုံလောက်သည်ဟု ဆိုပေသည်။ မေဏ္ဍကသူဌေးကြီး ခေါင်းလျှော်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည့်အခါ စပါးကျီပေါင်း ၁၂၅၀၀-ပြည့်သည်အထိ သလေးနီစပါးများ ကောင်းကင်မှ ကျလာလေ့ရှိသည်။

ထို့အတူ မေဏ္ဍကသူဌေးကတော်ကြီး စန္ဒပဒုမသီရိ သည်လည်း တစလယ်ချက်မျှသော ထမင်းကို သူ့လက်ဖြင့် ကိုင်၍ လာသမျှလူတို့ကို ပေးကမ်းသော်လည်း ကုန်မသွားသကဲ့သို့ သားဖြစ်သူ ဓနဉ္စယကလည်း ငွေတထောင်ကိုင်ပြီး လာတိုင်း လာတိုင်းသော လူတို့ကို ပေးသော်လည်း ငွေမှာ ကုန်မသွားပေ။ ထို့အတူ ချွေးမဖြစ်သူ သုမနဒေ၀ီကလည်း စပါးတပြည်ကိုကိုင်ပြီး ဇမ္ဗူဒိပ်တကျွန်းလုံး နေသူတို့အား ဝေငှသော်လည်း လျော့ပါးသွားခြင်း မရှိ-ဟု ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ ဓမ္မပဒအဋ္ဌကထာတို့၌ မိန့်ဆိုထားပေသည်။

ဤကဲ့သို့ ဇောတိက၊ မေဏ္ဍက၊ ဇဋိလ၊ စသော သူဌေးတို့ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသည့်အရာ၌ နှိုင်းယှဉ်စရာ ပြိုင်ဖက်မမြင် သုံးမကုန်၊ စွဲမကုန် ဥစ္စာစည်းစိမ်ရှင် အမိတဘောဂ သူဌေးကြီးများ ဖြစ်လာရခြင်းမှာ ရှေးရှေးဘ၀များက ပြုခဲ့ကြသော စွမ်းအင်ကြီးမားသည့် အတိတ်ဒါနကုသိုလ်ကံများကြောင့် ဖြစ်ပါသည်။ ဤသို့ဖြစ်ခြင်းမှာ ဣဒ္ဓိဆယ်မျိုးတို့တွင် ပုည၀တော ဣဒ္ဓိ-ဟု ၀ိသုဒ္ဓိမဂ်၌ မိန့်ဆိုထားပေသည်။ အတိတ်ကုသိုလ်ကံ ထူးခြားကြီးမားသည့် ကောင်းမှုရှင်တို့၏ ပြီးမြောက်ပြည့်စုံခြင်းတန်ခိုး-ဟု အဓိပ္ပါယ်ရပါသည်။ လူတဦးတယောက်သည် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသည့် မိဘတို့ထံမှာ ပဋိသန္ဓေနေပြီး မိဘတို့ပိုင်ဆိုင်သော လယ်ယာမြေ၊ ရွှေ၊ ငွေ စသော ဥစ္စာပစ္စည်းတို့ကို အမွေစားအမွေခံ အဖြစ် ရရှိခြင်းသည်လည်း အတိတ်ကုသိုလ်ကံက ဥစ္စာကို စောင့်ခြင်းပင် ဖြစ်ပါသည်။
( ရှေ့လ ဆက်ရန် )

ဓမ္မာစရိယ ဦးအေးနိုင်-ဘီအေ

( မြတ်မင်္ဂလာ ၁၉၉၉-ခု စက်တင်ဘာလ )

No comments: