( မှတ်ချက် )
ပထမ, ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမ ၀ိပါက်တော်-ပါ စာအုပ် မရှိသေးပါသဖြင့် မတင်ပြနိုင်သေးတာကို သည်းခံခွင့်လွတ်ပါရန် မေတ္တာရပ်ခံပါသည်။
တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ဗုဒ္ဓအဖြစ်သို့ ရောက်သည်အထိ ဒေ၀ဒတ်၏ ကျောက်တုံးကြီးဖြင့် ကြိတ်ချေသတ်ဖြတ်ရန် ကြိုးစားမှုကို ခံတော်မူရသေးသည်။ အကြောင်းမှာ
တခုသောဘ၀က ညီဖြစ်သူအား အမွေခွဲဝေမပေးလိုသော လောဘကြောင့် ကျောက်ခဲနှင့် မသေမချင်း ထုသတ်ခဲ့သော အကျိုးဆက် ဖြစ်လေသည်။
ထိုမျှ ကြမ်းကြုတ်ရက်စက်စွာ ပြုမှုကြောင့် နောက်ဆုံးဘ၀ထိ အပြစ်ခံရခြင်း ဖြစ်သည်။ ထိုမျှမက ခြေမကို ကျောက်လွှာထိ၍ နာကျင်သော ဝေဒနာလည်း ခံရသေးသည်။ သံသရာတလျှောက် မတော်တဆ ထိမှန်ခြင်းခံရသည်လည်း အကြိမ်များစွာ ရှိသည်။ ထိုခံရမှုတို့မှာ အမှတ်မထင် မြူးတူးပျော်ပါး ကစားရင်းဖြင့် ရရှိသောအပြစ် ဖြစ်ခဲ့လေသည်။
ရှေးလွန်လေပြီးသော ဘ၀တခုတွင် ဘုရားအလောင်းတော်သည် မထင်ရှားသောအမျိုးမှာ ဖြစ်တော်မူခဲ့သည်။ အရပ်ထဲတွင် သူငယ်ဘာဝ အခြားသော အရွယ်တူကလေးများနှင့် လမ်းပေါ်မှာ ပြေးလွှားခုန်ပေါက် ပျော်ရွှင်မြူးတူးစွာ ကစားနေကြသည်။ ကလေးများနှင့် ရွှင်ပျော်မြူးတူးနေစဉ် ခပ်လှမ်းလှမ်းတွင် ဣနြေ္ဒသိက္ခာနှင့် ဖြည်းညင်းစွာဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါကို တွေ့မြင်လေသည်။
ထိုအခါ လက်တည့်စမ်းလိုသည့် သဘောနှင့် ကျောက်ခဲလေးတလုံးကို ကောက်ယူကာ ရှင်ပစ္စေကဗုဒ္ဓါဆီသို့ မှန်းပြီး ပေါက်လိုက်လေသည်။ ကျောက်ခဲသည် ရှင်ပစ္စေကဗုဒ္ဓါ၏ ခြေမတော်ကို မှန်လေသည်။ အတွင်းကြေ ကြေကာ သွေးများ ယိုစီးသွားသည်။ ဤသို့ အမှတ်မထင်ပြုမိသော အကုသိုလ်ကံကြောင့် ငရဲတွင်ခံရပြီးနောက် လူ့ဘ၀ပြန်ရောက်သောအခါ မတော်တဆ ထိခိုက်မှုများ မကြာခဏ ခံရ၊ ကြုံရလေသည်။
ဘုရားရှင်ဘ၀တွင်လည်း ဒေ၀ဒတ်၏ ကျောက်တုံးကြီးဒဏ်က လွတ်ခဲ့ရသော်လည်း ခြေမတော် သွေးစိမ်းတည်ခြင်းကို ဆရာဇီဝက၏ ကုသမှုခံရပြီးမှ ပျောက်ကင်းလေသည်။ အမှတ်မထင် မြူးတူးပျော်ပါး ကစားလိုသည့်စိတ်ပင် ဖြစ်လင့်ကစား သူတော်ကောင်းကို ပြစ်မှားမိက အကုသိုလ်အပြစ်မှ မလွတ်ကင်းပေ။ ထို့ကြောင့် သတိထားဖွယ် ဖြစ်သည်ကို အထူးသိရန် လိုအပ်လှပေသည်။ ဤ၀ဋ်တော်နှင့် ပတ်သက်၍ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ အမေးအဖြေ လင်္ကာမှာ-
ကျောက်လွှာထိပါး၊ မြတ်ဖျားထွတ်တင်၊
တည်နေ၀ပ်ကိန်း၊ သွေးစိမ်းအရှင်၊
ခြေမတော်ထဲ၊ ကိုက်ခဲနာကျင်၊
ဝိပါက်ရင်း၊ အလင်းပြစေချင်။
သူငယ်ဖြစ်ခိုက်၊ လမ်း၌ပျော်ရွှင်၊
ရှင်ပစ္စေက၊ ဝေးမှအမြင်၊
ခဲနှင့်ပစ်လိုက်၊ ထိခိုက်ခြေတွင်၊
သွေးယိုဆင်း၊ ရှေးရင်းဝိပါက်ပင်။
မောင်အဂ္ဂ
( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment