Sunday, September 6, 2009

နိဗ္ဗာန်ချမ်းသာ

ယောဂီတို့သည် နိဗ္ဗာန်ချမ်းသာဟူသည် မည်ကဲ့သို့ ချမ်းသာသည်ဟူ၍ သိရှိကြလျှင် နိဗ္ဗာန်ချမ်းသာကို အလိုရှိကြပေလိမ့်မည်ဖြစ်၍ နိဗ္ဗာန်ချမ်းသာကို ခပ်ကျဉ်းကျဉ်းဖြင့် ကျမ်းဂန်မလွတ်စေဘဲ ရေးပါဦးအံ့။

နိဗ္ဗာန်ချမ်းသာသည်-
၁။ ခန္ဓာကြွင်းရှိသေးသော သ-ဥပါဒိသေသ ချမ်းသာ။
၂။ ခန္ဓာကြွင်း မရှိသော အနုပါဒိသေသ ချမ်းသာ-
ဟူ၍ ၂-မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင် ခန္ဓာကြွင်း ရှိသေးလျက် အာသဝေါကုန်ခန်းပြီးသော ရဟန္တာတို့သည် ပရိနိဗ္ဗာန် မပြုမီ ယခုမျက်မှောက်ဘ၀၌ ရရှိသော ချမ်းသာအနည်းငယ်ကို ယောဂီတို့ သိရှိကြရလျှင် ခန္ဓာကြွင်းမရှိသော အနုပါဒိသေသေ နိဗ္ဗာန်ချမ်းသာကိုလည်း မှန်းဆနိုင်ကြမည် ဖြစ်၏။ ထို့ပြင် ၀ိပဿနာလုပ်ငန်းကို ကြိုးပမ်းအားထုတ်ကြရာ၌ ထက်သန်သောဆန္ဒနှင့်ယှဉ်သော စိတ်ဓာတ်ဖြစ်ပေါ်ကြောင်းလည်း ဖြစ်ပေလိမ့်မည်ဟု ယုံကြည်ခြင်းဖြင့် အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ရဟန္တာအရှင်တို့၏ မျက်မှောက်ဘ၀၌ ပရိနိဗ္ဗာန်မပြုမီ နိဗ္ဗာန်ချမ်းသာကို ရရှိခံစားတော်မူကြရသည်ကို ထုတ်ဆောင်ကာ ပြမည်ဖြစ်သည်။

မင်္ဂလာတရားတော်အရ အရဟတ္တဖိုလ်တည်းဟူသော နိဗ္ဗာန်ကို ရရှိပြီးသော ရဟန္တာပုဂ္ဂိုလ်သည်-
၁။ တုန်လှုပ်ချောက်ချားခြင်းမရှိ၊ တုန်လှုပ်ချောက်ချားခြင်းမှ ကင်း၏။
၂။ စိုးရိမ်ကြောင့်ကြမှု မရှိ၊ စိုးရိမ်ကြောင့်ကြခြင်းမှ ကင်း၏။
၃။ ကိလေသာမြူတည်းဟူသော အညစ်အကြေးမရှိ၊ ကိလေသာ မြူ အညစ်အကြေးမှ ကင်း၏။
၎။ ဘေးရန် မရှိ၊ ဘေးရန်မှ ကင်း၏။
ဤအကျိုးလေးပါး တည်းဟူသော ချမ်းသာလေးပါးတို့ကို မျက်မှောက်ဘ၀၌ပင် ရရှိတော်မူကြသည်။

ဤစကားရပ်အတွင်း၌ အရဟတ္တဖိုလ်ကို နိဗ္ဗာန်ဟု ဆိုခြင်းသည် အဘယ့်ကြောင့်နည်းဟု သိလိုသော ယောဂီတို့မေးမြန်းဖွယ် ရှိသောကြောင့် ရှင်းလင်းခဲ့ဦးမည်။ ပါဠိကျမ်းဂန်တတ်ပုဂ္ဂိုလ်တို့၌မူကား ခဲယဉ်းသောအရာ မဟုတ်ပေ။

နိဗ္ဗာန် ဟူသောပုဒ်သည် ပါဠိမှ ဆင်းသက်လာသော မြန်မာစကား ဖြစ်၏။ ပါဠိအားဖြင့် နိ+၀ါန=ဟူ၍ နှစ်ပုဒ်ဖြစ်၏။ နိ=မရှိ။ ၀ါန=တဏှာ။
တဏှာမရှိ၊ တဏှာ ကင်းသောတရားဟုဆိုသည်။ သဒ္ဒါနည်းအရ ၀-ကို ဗ ပြု၊ ဗ တလုံးကို ဗ္ဗ နှစ်လုံးပြု၍ နိဗ္ဗာန ဖြစ်သည်။ ၄င်းနိဗ္ဗာန ပုဒ်ကို နငယ်၌ အသတ်တံခွန်ပြ၍ မြန်မာတို့က နိဗ္ဗာန်-ဟူ၍ ပြောဆိုသုံးစွဲကြသည်။ အရဟတ္တဖိုလ်၌လည်း ၀ါန တည်းဟူသော တဏှာ မရှိ၊ တဏှာမှ ကင်းသောကြောင့် အရဟတ္တဖိုလ်ကိုလည်း နိဝါန-နိဗ္ဗာန်-ဟူ၍ ဆိုခြင်း ဖြစ်သည်။

ခီဏာသ၀ ဖြစ်သော ရဟန္တာပုဂ္ဂိုလ်တို့၏ မျက်မှောက်ဘ၀၌ပင်လျှင် ရနိုင်သော အကျိုးလေးပါးတည်းဟူသော ချမ်းသာလေးမျိုးတို့တွင်-
၁။ တုန်လှုပ်ခြင်း မရှိ၊ တုန်လှုပ်ချောက်ချားခြင်းမှ ကင်းသည်မှာ-တုန်လှုပ်ချောက်ချားခြင်းဟူသည် လောဘ၊ ဒေါသ အစရှိသော ကိလေသာ အာသဝေါတို့၏ သဘောတည်း။ လောဘရှိသော၊ လောဘမကင်းသော ပုဂ္ဂိုလ်၌ လိုချင်နှစ်သက်ဖွယ် ဣဋ္ဌာရုံဖြစ်သော ရုပါရုံဖြစ်စေ၊ သဒ္ဒါရုံစသည်တို့ပင် ဖြစ်စေ၊ နှစ်သက်ဖွယ်၊ လိုချင်တပ်မက်ဖွယ် အာရုံတမျိုးမျိုးကြုံတွေ့လျှင်၊ အာရုံပြုမိလျှင် ပထမက တည်ငြိမ်နေသော စိတ်သည် လောဘတည်းဟူသော ကိလေသာ ပူးကပ်ခြင်းကြောင့် အာရုံကို လိုချငိတပ်မက်ကာ လှုပ်ရှားလာတတ်၏။ ပွဲဝါသနာ ရှိသောသူသည် ပွဲမှ ဆိုင်းသံ၊ ဗုံသံ ကြားလျှင်ပင် ထမင်းကို ဖြောင့်ဖြောင့်မစားနိုင်။ ပွဲသို့ သွားလိုသောစိတ်သည် လှုပ်ရှားလာသောသူကဲ့သို့ အာရုံတခုခုနှင့်တွေ့လျှင် လောဘ စသော ကိလေသာ မကင်းသော ပုဂ္ဂိုလ်သန္တာန်၌ လှုပ်ရှားလာတတ်၏။

လောဘ ဒေါသ စသော ကိသောတို့မှ အမြစ်ပြတ် ကင်းလွတ် ကုန်ခန်းပြီးသော ရဟန္တာတို့၌မူကား လောက၌ နှစ်သက်ဖွယ် ကောင်းသည်ဆိုသော အာရုံနှင့် တွေ့ကြုံသည်ဖြစ်စေ တုန်လှုပ်ချောက်ချားခြင်း မရှိကြကုန်။ ဥပမာအားဖြင့်-တခဲနက် ကျောက်အတိပြီးသော ကျောက်တောင်ကြီးသည် အရပ်လေးမျက်နှာတို့မှ တိုက်ခတ်သောလေတို့ကြောင့် ယိမ်းယိုင် တုန်လှုပ်ခြင်း မရှိသကဲ့သို့ ထို့အတူ ရဟန္တာတို့သည် မည်သည့်အာရုံမျိုးနှင့် ကြုံတွေ့သည်ဖြစ်စေ တုန်လှုပ်ခြင်းမရှိသည်ဖြစ်၍ တုန်လှုပ်ချောက်ချားခြင်းမှ ကင်းသော ချမ်းသာကို ရရှိတော်မူကြသည်။

ရှေးအခါက တယောက်သော ပြည့်ရှင်မင်းကြီးသည် ပစ္စေကဗုဒ္ဓတို့ကို တွေ့မြင်လျှင် အရှင်တို့သည် ဘယ်သူများလဲ-ဟုမေးရာ
မင်းကြီး-ငါ၏တို့သည် အန၀ဇ္ဇ ဘောဇီ-အမည်ရှိသူတို့ပေတည်း။ ဟု ပြန်ကြား၏။
အရှင်တို့-အန၀ဇ္ဇ ဘောဇီ ဟူသည် အဓိပ္ပါယ် အဘယ်သို့ပါနည်း-ဟု မေးပြန်ရာ
မင်းကြီး-ကောင်းသည်ဖြစ်ေ၊ မကောင်းသည်ဖြစ်စေ ရသမျှကို စိတ်ဖာက်ပြန် တုန်လှုပ်ခြင်းမရှိဘဲ သုံးဆောင်လေ့ရှိသည်ကို အန၀ဇ္ဇ ဘောဇီ ဆိုသည်။-ဟုဖြေကြားကြကုန်၏။
မင်းကြီးသည် ဤပုဂ္ဂိုလ်တွေ အပြောနှင့်အလုပ် ညီ-မညီ စုံစမ်းအံ့-ဟု ကြံ၍ ဆွမ်းစားပင့်ပြီးလျှင် ဆန်ကွဲဆွမ်းကို ပုန်းရည်ဟင်းနှင့် ကပ်၏။ ပစ္စေကဗုဒ္ဓါတို့သည် နတ်သုဓာဘုတ်ကို စားသုံးတော်မူကြသကဲ့သို့ ဖောက်ပြန်တုန်လှုပ်ခြင်းမရှိဘဲ သုံးဆောင်တော်မူကြကုန်၏။

ပြည့်ရှင်မင်းသည် နှစ်သက်သော်လည်း ထပ်မံစုံစမ်းဦးအံ့ဟု နောက်နေ့၌လည်း ယခင်နေ့နည်းတူပင် ကပ်ပြန်၏။ ပစ္စေကဗုဒ္ဓါတို့သည် ယခင်နေ့က ကဲ့သို့ပင် ဘုဉ်းပေးတော်မူကြကုန်၏။ ပြည့်ရှင်မင်းသည် အကောင်းဖြင့် စုံစမ်းဦးအံ့ ဟု မွန်မြတ်သော အဆင်း အနံ့ အရသာတို့နှင့် ပြည့်စုံသော ခဲဖွယ်ဘောဇဉ်တို့ဖြင့် တတိယနေ့ စတုတ္ထနေ့တို့၌ ပစ္စေကဗုဒ္ဓါတို့အား ကပ်လှူပြန်၏။ ပစ္စေကဗုဒ္ဓါတို့သည် ဖောက်ပြန်သော အမူအရာ မရှိကြကုန်မူ၍ ဘုဉ်းပေးတော်မူကြီ့ပီးလျှင် အနုမောဒနာပြု၍ ကြွသွားတော်မူကြကုန်၏။ ပြည့်ရှင်မင်းသည် ဤအရှင်တို့ကား အန၀ဇ္ဇ ဘောဇီ အစစ်ဖြစ်တော်မူကြပါပေသည်ဟု ကြည်ညိုအားကျကာ ကိုယ်တိုင် ရဟန်းပြုရာ ပစ္စေကဗုဒ္ဓအဖြစ်သို့ ရောက်သွားလေသည်။

ပစ္စေကဗုဒ္ဓါတို့သည် ဆွမ်းညံ့ ဟင်းညံ့ ဆွမ်းကောင်း ဟင်းကောင်း တည်းဟူသော ကောင်းသော အာရုံ မကောင်းသော အာရုံတိုနှင့် တွေ့ကြုံသော်လည်း ဖောက်ပြန်ခြင်း၊ တုန်လှုပ်ချောက်ချားခြင်း မရှိခြင်းသည် တုန်လှုပ်ချောက်ချားကြောင်း ဖြစ်သော လောဘ ဒေါသ စသော ကိလေသာအာသဝေါ ကင်းတော်မူသောကြောင့် ရရှိသော ပစ္စက္ခ မျက်မှောက်ချမ်းသာပင် ဖြစ်ပေသည်။

ဒေါသဖြစ်စရာ အာရုံပေါ်သော်လည်း ရဟန္တာတို့သန္တာန်၌ ဒေါသကင်းပြတ်ပြီးဖြစ်၍ ဒေါသ မဖြစ်၊ ဒေါသမဖြစ်လျှင် ဒေါသ ဖြစ်သော်မှသာ တုန်လှုပ်မည့်စိတ်သည် တုန်လှုပ်မှု မဖြစ်တော့ချေ။ ထို့အတူ ကိလေသာ အာသဝေါဟူသမျှ အကြွင်းအကျန်မရှိ၊ တွန်းလှန်ကာ မဂ်အဆင့်ဆင့် ပယ်သတ်ပြီးသော ရဟန္တာသန္တာန်၌ ဘယ်အာရုံမျိုးနှင့် မဆို တွေ့ကြုံသော်လည်း တုန်လှုပ်ချောက်ချားမှု မရှိသဖြင့် ချမ်းသာခြင်းအကျိုးကို ရရှိပေသည်။

ဥပမာတနည်းမှတ်ရန်မှာ-
လေတိုက်လျှင် လှုပ်ရှားမည့် အကိုင်း၊ အခက်၊ အရွက်များရှိသော်မှသာလျှင် သစ်ပင် လှုပ်ရှားပေမည်။ အကိုင်း အခက် အရွက် မရှိသော သစ်ငုတ်သည် လေတိုက်သော်လည်း လှုပ်ရှားမှု မရှိနိုင်သကဲ့သို့ ထို့အတူ အကိုင်း အခက် အရွက်တို့နှင့်တူသော လောဘ၊ ဒေါသ အစရှိသော ကိလေသာ၊ အာသဝေါတို့ အမြစ်ပြတ် ကုန်ခန်းနေပြီ ဖြစ်သောကြောင့် ရဟန္တာတို့၌ တုန်လှုပ်ခြင်းမရှိသော ချမ်းသာကို ရရှိတော်မူကြသည်ဟု သိမှတ်သင့်ကြသည်။

( ၂ ) စိုးရိမ်ခြင်း မရှိ၊ စိုးရိမ်ကြောင့်ကြခြင်းမှ ကင်းသည်မှာ-
သောစတိ ပုတ္တေဟိ ပုတ္တိမာ၊ ဂေါပိမော တထေ၀ ဂေါဟိ သောစတိ-ဟု ဟောတော်မူသည့်အတိုင်း သားသမီးရှိသော သူတို့သည် သားသမီးတို့ကြောင့် စိုးရိမ်ကြောင့်ကြရလေ၏။ ပူပန်ကြရလေ၏။ နွားရှိသောသူသည်လည်း နွားကြောင့် ပူပန်ကြရ၏။ ကြောင့်ကြရ၏။ အခြားအခြားသော ကာမဂုဏ်တည်းဟူသော ပစ္စည်းရှိသောသူတို့သည် ထိုပစ္စည်းတို့ကြောင့် ပူပန်ကြရ၏။ စိုးရိမ်ကြရ၏။

ဥပမာ-သားသမီးများ ပွဲလမ်းသဘင်သို့ သွားကြလျှင် မိဘတို့သည် သားသမီးတွေ ဘာများဖြစ်လာကြမလဲ၊ ဘာသံများ ကြားရမလဲ စသည်ဖြင့် ပူပန်ကြောင့်ကြလျက် စောင့်မျှော်နေကြရ၏။ သားသမီးများ ကောင်းမွန်စွာ ပြန်ရောက်လာကာမှ စိတ်ချ၍ အိပ်နိုင်ကြ၏။ သားသမီးများ နေထိုင်မကောင်းလျှင်လည်း ပူပန်ကြရပြန်၏။ မတော်တဆ ဆုံးရှုံးသွားမူကား မိဘတို့သည် ထောက်တည်ရာ မရအောင် သောက ပရိဒေ၀ ဖြစ်ကြရ၏။

ရဟန္တာတို့သည်ကား သားလည်းမရှိ၊ နွားလည်းမရှိကြသောကြောင့် သားကြောင့်လည်း စိုးရိမ်ကြောင့်ကြမှု မဖြစ်ကြရ၊ နွားမရှိသောကြောင့် နွားကြောင့်လည်း စိုးရိမ်ကြောင့်ကြမှု မဖြစ်ကြရ။ ထိုထိုကာမဂုဏ်အာရုံတို့၌ နှစ်သက်တွယ်တာ တပ်မက်ခြင်း တဏှာလောဘ ကင်းတော်မူကြပြီးဖြစ်သောကြာင့်လည်းကောင်း၊ သောကတည်းဟူသော ဒေါမနဿ၊ ဒေါသ တည်းဟူသော ပရိဒေ၀တို့မှ ကင်းပြတ်တော်မူပြီး ဖြစ်သောကြောင့်လည်းကောင်း၊ စိုးရိမ်ကြောင့်ကြမှု မရှိသော ချမ်းသာကို ရရှိတော်မူကြသည်။

( ၃ ) ကိလေသာမြူ အညစ်အကြေး မရှိ၊ ကိလေသာ မြူ အညစ်အကြေးမှ ကင်းစင်ခြင်းသည် လောဘ အစရှိသော ကိလေသာတို့သည် ဖြူစင်သန့်ရှင်း ကောင်းမွန်သော သဘောတရားတို့ မဟုတ်ကုန်။ မည်းညစ်ယုတ်ညံ့သော သဘောတရားတို့သာ ဖြစ်ကြသည်။ ထိုကိလေသာ အယုတ်အညစ် တရားတို့ကို မဂ်အဆင့်ဆင့်ဖြင့် အကြွင်းမဲ့ ပယ်သတ်ခဲ့ပြီးဖြစ်သောကြောင့် မြူအညစ်အကြေးနှင့်တူသော ကိလေသာတို့မှ ကင်းစင်၍ ဖြူစင်သန့်ရှင်းသော စိတ်ရှိခြင်းကိုပင်လျှင် ကိလေသာမြူ အညစ်အကြေးကင်းသည်ဟု ဆိုသည်။ ကိလေသာအပူ ကင်းသဖြင့် ကိလေသာအပူမှ လွတ်မြောက်ကာ ငြိမ်းအေးချမ်းသာခြင်းကို ရဟန္တာများ ရရှိတော်မူကြသည်။

( ၄ ) ဘေးရန်မရှိ ဘေးရန်ကင်းသည်ဟု ဆိုသည်မှာ-
အဋ္ဌကထာဖွင့်သည်ကား ယောဂလေးပါးတည်းဟူသော ဘေးမှ လွတ်၏။ ယောဂလေးပါးတည်းဟူသော ဘေးမရှိ ဟု ဖွင့်၏။
၁။ ကာမယောဂ
၂။ ဘ၀ယောဂ
၃။ ဒိဋ္ဌိယောဂ
၎။ အ၀ိဇ္ဇာယောဂ-တို့ ဖြစ်၏။
ဘ၀တည်းဟူသောစက်၌ သတ္တ၀ါတို့ကို လည်စေတတ်သောကြောင့်လည်းကောင်း၊ သတ္တ၀ါတို့ကို ဒုက္ခနှင့် ယှဉ်စေတတ်သောကြောင့်လည်းကောင်း၊ ယောဂမည်၏။-ဟု ဆိုသဖြင့် ရဟန္တာပုဂ္ဂိုလ်တို့သည် ဘ၀တည်းဟူသော စက်မှလည်းကောင်း၊ ဒုက္ခတို့မှလည်းကောင်း၊ လွတ်မြောက်တော်မူကြသောကြောင့် ဘေးရန်မရှိ၊ ဘေးရန်တို့မှ ကင်းသည်ဟု ဆိုသည်။

တနည်းမူကား-
သီလရှိသော ပုဂ္ဂိုလ်တို့သည်
၁။ အတ္တာနုဝါဒဘေး
၂။ ပရာနုဝါဒဘေး
၃။ ဒဏ္ဍဘေး
၎။ ဒုဂ္ဂတိဘေး-ဟုဆိုအပ်သော ဘေးလေးမျိုးတို့မှ လွတ်ကင်းကြသည်ဖြစ်ရာ ကိလေသာတို့မှ အလွန်စင်ကြယ်သဖြင့် ဖြူစင်သန့်ရှင်းသော သီလရှိတော်မူကြသော ရဟန္တာတို့သည် ပုထုဇဉ် သေက္ခပုဂ္ဂိုလ်တို့ထက် ဤဘေး ၄-မျိုးတို့မှ အထူးသဖြင့် ကင်းလွတ်တော်မူကြသောကြောင့် ၄င်းဘေး ၄-မျိုးတို့မှ လွတ်ကင်းသော ချမ်းသာကို ရတော်မူကြပေသည်ဟူ၍လည်း ဆိုရပေမည်။

ဘေး ၄-မျိုးတို့တွင်-
၁။ အတ္တာနုဝါဒဘေး ဟူသည်မှာ ငါ့၌ သီလမရှိ စသည်ဖြင့် မိမိကိုယ်ကို မိမိ ကဲ့ရဲ့ရှုတ်ချ စွပ်စွဲသောဘေးတို့သည် အတ္တာနုဝါဒဘေး မည်၏။
၂။ အခြားသူတို့က မိမိအား ကဲ့ရဲ့ရှုတ်ချ စွပ်စွဲသော ဘေးသည် ပရာနုဝါဒဘေး မည်၏။
၃။ မင်းပြစ်စိုးဒဏ် ခံရသောဘေးသည် ဒဏ္ဍဘေး မည်၏။
၎။ အပါယ်သို့ ကျရောက်သောဘေးသည် ဒုဂ္ဂတိဘေး မည်၏။

ရဟန္တာပုဂ္ဂိုလ်တို့သည် ဤဘေး ၄-မျိုးတို့မှ လွတ်ကင်းသောကြောင့်လည်း ချမ်းသာ ၄-မျိုးကို ရရှိတော်မူကြပြန်သည်။

ရဟန္တာပုဂ္ဂိုလ်တို့သည် ၀ါန-တည်းဟူသော တဏှာမှ လွတ်မြောက်တော်မူကြသောကြောင့် ယခုမျက်မှောက်ဘ၀၌ပင် ပြဆိုအပ်ခဲ့ပြီးသော အကျိုးတရားတည်းဟူသော ချမ်းသာတို့ကို ရရှိတော်မူကြသည်။ ပစ္စက္ခဘ၀၌ပင် နိဗ္ဗာန်ချမ်းသာကို ရရှိခံစားတော်မူကြရသည်ဟု ဆိုလိုသည်။ ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသော အချိန်၌ကား ခန္ဓာကြွင်း လုံးဝမရှိတော့သည်ဖြစ်၍ ခန္ဓာနှင့်စပ်၍ ဖြစ်ရမည့် ဒုက္ခဟူသမျှ အစတုံး ကင်းစင်သော ချမ်းသာကို ရရှိတော်မူကြပေသည်။

ဤသို့အားဖြင့် နိဗ္ဗာန်ချမ်းသာကို အလိုရှိသော ယောဂီတို့သည် ခန္ဓာကြွင်းရှိသေးသော သဥပါဒိသေသ နိဗ္ဗာန်ချမ်းသာနှင့်တကွ ခန္ဓာကြွင်း မရှိသော အနုပါဒိသေသ နိဗ္ဗာန် ချမ်းသာဟူသည် ဤသို့သဘောရှိသည်ဟု ရိပ်စားမျှော်မှန်းမိကာ ယင်းနိဗ္ဗာန်ကို ရရာ,ရကြောင်း ရောက်ရာ,ရောက်ကြောင်းဖြစ်သော အမတဂါမိနီ ၀ိပဿနာ တရားတော်ကို ပွားများအားထုတ်ကြစေကုန်သတည်း။

( စစ်ကိုင်း ရွှေဟင်္သာ ဆရာတော် )

No comments: