Saturday, September 12, 2009

ဆင်ခြင်၍ လုပ်၊ ပြော၊ ကြံ

ဗုဒ္ဓဘုရားရှင်သည် ပုဂ္ဂိုလ်အမျိုးမျိုးတို့အား တရားဟော၍ ဆိုဆုံးမတော်မူခဲ့၏။ ဘုရားရှင် ဆိုဆုံးမတော်မူခဲ့သော ပုဂ္ဂိုလ်တို့တွင် သားတော်ရာဟုလာလည်း ပါဝင်သည်။ ဘုရားရှင်သည် သားတော်ရာဟုလာ ရှင်သာမဏေ ဖြစ်စဉ်တွင်လည်း ဆိုဆုံးတော်မူခဲ့သည်။ ရဟန်းဘ၀သို့ ရောက်ရှိစဉ်တွင်လည်း ဆိုဆုံးမတော်မူခဲ့သည်။ ယင်းသို့ ဆိုဆုံးမရာ၌ အောက်ပါအဆုံးအမလည်း ပါဝင်သည်။

ရာဟုလာ-ဆင်ခြင်၍ ဆင်ခြင်၍ ကိုယ်ဖြင့် အလုပ်ကို လုပ်ရမည်။
ဆင်ခြင်၍ ဆင်ခြင်၍ နှုတ်ဖြင့် ပြောဆိုရမည်။
ဆင်ခြင်၍ ဆင်ခြင်၍ စိတ်ဖြင့် ကြံစည်ရမည်။
ရာဟုလာ သင်သည် ကိုယ်ဖြင့် အလုပ်တခုကို ပြုလုပ်မည်ရှိသောအခါ ငါပြုလုပ်မည့်အမှုသည် မိမိဆင်းရဲခြင်းငှါ ဖြစ်မည်လော။ သူတပါးဆင်းရဲခြင်းငှါ ဖြစ်မည်လော။ မိမိနှင့်သူတပါး နှစ်ဦးလုံး ဆင်းရဲခြင်းငှါ ဖြစ်မည်လော။ ဤအမှုသည် အကုသိုလ်လော၊ ဆင်းရဲဒုက္ခကို ပွားစေတတ်သလော။ ဆင်းရဲခြင်းအကျိုး ရှိသလော ဟု ဆင်ခြင်ရမည်။

ယင်းသို့ဆင်ခြင်၍ ငါပြုလုပ်မည့်အလုပ်သည် မိမိဆင်းရဲခြင်းငှါ ဖြစ်၏။ သူတပ်း ဆင်းရဲခြင်းငှါဖြစ်၏။ မိမိသူတပါး နှစ်ဦးလုံး ဆင်းရဲခြင်းငှါဖြစ်၏။ ဤအမှုသည် အကုသိုလ်တည်း။ ဆင်းရဲဒုက္ခကို ပွားစေတတ်၏။ ဆင်းရဲခြင်းအကျိုးရှိ၏။ ဟုသိလျှင် ထိုအမှုကို စင်စစ်မပြုအပ်ချေ။

ငါပြုလုပ်မည့်အမှုသည် မိမိဆင်းရဲခြင်းငှါ မဖြစ်။ သူတပါး ဆင်းရဲခြင်းငှါ မဖြစ်။ မိမိနှင့်သူတပါး နှစ်ဦးလုံး ဆင်းရဲခြင်းငှါလည်း မဖြစ်။ ဤအမှုသည် ကုသိုလ်တည်း။ ချမ်းသာသုခကို ပွားစေတတ်၏။ ချမ်းသာခြင်းအကျိုးရှိ၏-ဟု သိလျှင် ထိုအမှုကို ပြုလုပ်အပ်၏။

ဤအဆုံးအမသည် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌ ဘုရားသီတင်းသုံးတော်မူစဉ် သားတော်ရာဟုလာအား တရားဟောတော်မူရင်း ထည့်သွင်းဟောကြားသော အဆုံးအမဖြစ်သည်။ မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ ပါဠိတော်၊ ၂-ဘိက္ခုဝဂ်၊ ၃-အမ္ဗလဋ္ဌိက ရာဟုလောဝါဒသုတ်၌ အထင်အရှား ပါရှိသည်။

ဤအဆုံးအမသည် ဗုဒ္ဓခေတ် တခေတ်တည်းနှင့်သာ သက်ဆိုင်သည်မဟုတ်။
ရာဟုလာတပါးတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်၊
ဗုဒ္ဓဘာသာဝင်များနှင့်သာ သက်ဆိုင်သည်မဟုတ်၊
ခေတ်အဆက်ဆက် လူအမျိုးမျိုး၊ ဘာသာအဖုံဖုံ အားလုံးနှင့် သက်ဆိုင်သည်ဟု ယူဆမိသည်။ ဤအဆုံးအမကို လိုက်နာ ကျင့်ကြံသူတိုင်း လောကီ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုးကို ဖြစ်စေသည့် အဖိုးမဖြတ်နိုင်သော အကျိုးကျေးဇူးကို ရရှိလိမ့်မည်ဟု ယူဆမိပါသည်။

No comments: