Tuesday, September 22, 2009

ဘုရားစေတီပုထိုးတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်တု

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘာသာတရားကို လွန်စွာယုံကြည် ကိုးစားကာ ရိုသေကိုင်းရှိုင်းကြပေသည်။ မြန်မာပြည်တ၀န်း အရပ်ရပ်တွင် ဘုရားစေတီ ပုထိုးတို့ကို တွေ့မြင်နိုင်ပါသည်။ ယင်းစေတီပုထိုးတို့၏ မုခ်ဦးတွင် ခြင်္သေ့ရုပ်တု နှစ်ခုကို တွေ့မြင်ရသည်မှာ အထင်အရှားပင်။ ထိုကဲ့သို့ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့မြင်ရခြင်း အကြောင်းရင်းမှာ အောက်ပါ ပုံဝတ္ထုအရတို့ ဖြစ်ပါသည်။

ရှေးအခါက ၀င်္ဂတိုင်းကို အစိုးရသော ၀င်္ဂရာဇ်မင်းသည် ကာလိင်္ဂမင်း၏ သမီးတော်ကို မိဖုရားတင်မြှောက်၏။ ထိုမိဖုရားမှ သမီးတော်တပါး ဖွားမြင်၏။ သမီးတော်လေး၏ ဇာတာ စန်းလဂ်တို့ကို နိမိတ်ဖတ်ပညာရှိများက တွက်ချက်ကြည့်ရာ ဤမင်းသမီးသည် ကေသရာဇာခြင်္သေ့မင်း၏ မြောက်သား ဖြစ်လိမ့်မည်-ဟု နိမိတ်ဖတ်ကြသည်။ ထို့ကြောင့် မင်းသမီးကို ကေသရီ-ဟု အမည်မှည့်ကြ၏။ ကေသရီသည် လွန်စွာလှပ ချောမောလှသော်လည်း ကာမဂုဏ်တို့၌ ခုံမင်မက်မောအားကြီး၏။ ခမည်းတော်၊ မယ်တော်တို့ ဆိုဆုံးမခြင်းကို နာခံခြင်း မရှိသောကြောင့် ပြည်မှ နှင်ထုတ်လိုက်၏။

မင်းသမီးလည်း ဆင်းရဲသူမ အသွင်ဖြင့် လှည်းကုန်သည်တို့နှင့် လိုက်သွားလေသည်။ လာဠတိုင်းဖြစ်သော တောအုပ်သို့ ရောက်သည့်အခါ ကျောက်ဂူ၌ နေသော ကေသရာဇာခြင်္သေ့မင်းသည် လှည်းအပေါင်းကို လိုက်လေသည်။ လှည်းသားများ ကြောက်ရွံ့၍ ထွက်ပြေးပုးန်းရှောင်ကြ၏။ မင်းသမီးမှာမူ နိမိတ်ဖတ်ပညာရှိတို့ စကားကို သိထားလေရာ ခြင်္သေ့မင်းရှိရာသို့ ပြေးသွားတော့၏။ ခြင်္သေ့မင်းလည်း မင်းသမီးကို မြင်တွေ့လေသော် တပ်မက်သောစိတ်ရှိသဖြင့် ခါးအမြီးတို့ကို လှုပ်လျက် နားနှစ်ဖက်ကို ချပြီးလျှင် စောင့်နေ၏။ မင်းသမီး၌ တပ်စွန်းခြင်းရှိသောကြောင့် မိမိကျောကုန်းထက်၌ တင်ပြီးလျှင် ကျောက်ဂူသို့ ခေါ်ဆောင်သွား၏။

မင်းသမီးသည် ခြင်္သေ့မင်းဖြင့် သားတယောက်၊ သမီးတယောက် အမြွှာမွေးဖွား၏။ သားကို သီဟဗာဟု နှင့် သမီးကို သီဟသီဝလိ-ဟု အမည်မှည့်၏။ သားနှင့်သမီးတို့ တဆယ့်ခြောက်နှစ်အရွယ်သို့ ရောက်သော် မိခင်အား ၄င်းတို့သည် မိခင်နှင့်သာ အသွင်တူ၍ ဖခင်နှင့် မည်သို့သောကြောင့် အသွင်မတူသနည်းဟု မေး၏။ ထိုအခါ မိခင်က ယင်းသည် ခြင်္သေ့မင်းနှင့် ပေါင်းဖက်ရသည့်အကြောင်းကို ပြောပြလေသည်။ သားဖြစ်သူက မိခင်နှင့် နှမကိုခေါ်၍ မိမိအဘိုးရှိရာ ၀င်္ဂတိုင်းသို့ ထွက်ပြေး၏။ ၀င်္ဂတိုင်း၏ နယ်စွန်ဖြစ်သော ပစ္စန္တရာဇ်သို့ ရောက်လေရာ မင်းသမီးဦးရီးတော်၏ သားဖြစ်သူ အနုနမည်သော စစ်သူကြီးနှင့် တွေ့ဆုံကြလေသည်။ အနုနစစ်သူကြီးက အကျိုးအကြောင်းကို မေးမြန်းရာ ၀င်္ဂမင်း၏ သမီးတော်ဖြစ်ကြောင်း သိသွားသဖြင့် ၀င်္ဂမြို့သို့ ခေါ်ဆောင်သွားကာ ပေါင်းသင်းနေလေသည်။

ခြင်္သေ့မင်းလည်း အစာရှာရာမှ ပြန်လာသော် ဇနီးနှင့်သားသမီးတို့ကို မတွေ့သဖြင့် ပူပင်သောကရောက်ကာ လိုက်လံရှာဖွေရာ တိုင်းစွန်ပြည်နားသို့ပင် ရောက်ရှိခဲ့၏။ ခြင်္သေ့ဝင်သဖြင့် ရွာအများပျက်စီးကြရလေသည်။ ထို့ကြောင့် ပြည်သူအများက ၀င်္ဂမင်းကြီးအား ခြင်္သေ့ကို နှိမ်နင်းပေးပါရန် လျှောက်ထားကြသည်။ မင်းကြီးလည်း ဆင်ကုန်းထက်တွင် ဆုငွေထောင်ထုပ်ကို တင်လျက် ခြင်္သေ့ရန် နှိမ်နင်းနိုင်သူကို ရှာဖွေစေ၏။ သီဟဗာဟု သတို့သားလည်း ဤခြင်္သေ့သည် ငါတို့ကို မတွေ့သမျှ ရှာဖွေမည်သာ။ သို့ဖြစ်၍ ဤခြင်္သေ့ကို သတ်မှ ငြိမ်းအေးမည်-ဟု မယ်တော်ကို တိုင်ပင်၏။

မယ်တော်က နှစ်ကြိမ်တိုင်တိုင် တားမြစ်သည်။ သုံးကြိမ်မြောက်၌မူ မယ်တော်ကိုမပန်ကြားဘဲ အသပြာထောင်ထုပ်ကို ယူပြီးလျှင် ဓား၊ လှံ၊ လေးမြားတို့ကိုယူ၍ ခြင်္သေ့ရှိရာ ကျောက်ဂူသို့ သွားလေ၏။ ခြင်္သေ့မင်းလည်း အဝေးမှ လာနေသောသားကို မြင်ရသော် ချစ်ခြင်းမေတ္တာစိတ်ဖြင့် စောင့်လင့်ကာ နေတော့သည်။ မင်းသားလည်း မြားရောက်နိုင်သည့် နေရာမှရပ်၍ မြားဖြင့်ပစ်လွှတ်၏။ သားအား ချစ်ခြင်းမေတ္တာအဟုန်ကြောင့် မြားသည် ခြင်္သေ့မင်း၏ နဖူးကို ထိမှန်သော်လည်း စူရှခြင်းမရှိဘဲ ပြန်လည်၍ မင်းသား၏ခြေရင်း၌ ကျ၏။ ဤသို့ သုံးကြိမ်မြောက် ပစ်ပါသော်လည်း ရှေးနည်းတူပင် ပြန်လည်၍ မင်းသား၏ခြေရင်း၌ကျ၏။ ပစ်ဖန်များသော် ခြင်္သေ့မင်းလည်း အမျက်ထွက်လာသဖြင့် လိုက်၍ နှိပ်စက်ခြင်းငှါ ကိုယ်ကို လှုပ်ရှား၏။ ထိုအခါမှ ပစ်လွတ်သောမြားသည် နဖူးမှဝင်၍ ရင်သားကို ထွင်းဖောက်ကာ ကျောကုန်းမှ ထွက်ပြီးလျှင် မြေသို့ဝင်လေ၏။ ခြင်္သေ့မင်းလည်း သေဆုံးလေရာ မင်းသားသည် ခြင်္သေ့ဦးခေါင်းကို ဖြတ်၍ မင်းအား ဆက်သရန် ယူဆောင်လာခဲ့သည်။

ဝင်္ဂမင်းကြီးသည် ခြင်္သေ့ရန်ကို နှိမ်နင်းရန် သီဟဗာဟုအား စေလွှတ်ပြီးနောက် ကိုယ်တွင်းရောဂါဖြင့် ကံတော်ကုန်လေသည်။ အလောင်းကို သင်္ဂြိုဟ်ပြီး ခုနစ်ရက်မြောက်နေ့တွင် မင်းသားပြန်ရောက်လာခဲ့၏။ သီဟဗာဟုသည် ၀င်္ဂမင်း၏ မြေးတော် အရင်းလည်း ဖြစ်သဖြင့်လည်းကောင်း၊ ခြင်္သေ့ရန်ကို နှိမ်နင်းအောင်နိုင်ခဲ့သဖြင့်လည်းကောင်း၊ မှူးမတ်အပေါင်းတို့က ထီးနန်းကို အပ်နှင်းကြလေသည်။ သီဟဗာဟုလည်း မယ်တော်နှင့် ခင်ပွန်းအနုရက္ခ စစ်သူကြီးတို့အား ထီးနန်းကို အပ်နှင်းကာ မင်းပြုစေ၏။ မိမိမူကား နှမတော် သီဝလိကို မိဖုရားပြုကာ လိုက်လိုသူများကို ခေါ်ဆောင်လျက် မိမိအား မွေးဖွားရာ လာဠတောအုပ်ကို ရှင်းလင်းသုတ်သင်ပြီးလျှင် ခြင်္သေ့ဂူကို အဦးထား၍ မြို့တည်နေလေသည်။ ထိုမြို့ကို သီဟပုရမြို့-ဟု အမည်သမုတ်၏။

သီဟဗာဟုမင်းသည် မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအပြစ်ကို နောင်တတရား ရရှိကာ ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်လေသည်။ ထိုအခါမှစ၍ ဘုရားစေတီပုထိုးတို့၏ မုခ်ဝတွင်လည်းကောင်း၊ ပစ္စယံ ၀န်းကျင်တွင်လည်းကောင်း၊ ခြင်္သေ့ရုပ်တုတို့ကို တွေ့မြင်နိုင်ပါသည်။ အသောကမင်းကြီး၏ စိုက်ထူသော ဆန်ချီနှင့်ဘာရု (Sanchi and Bharut) တွင်ရှိသည့် တိုင်ထိပ်၌ ခြင်္သေ့သုံးစီ၏ ရုပ်တုကို တွေ့မြင်ရပါသည်။

အထက်ပါ ပုံဝတ္ထုအရ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့ရသည်ဟု ယူဆမိပါသည်။

( တက္ကသိုလ်-ခေမာ။ ကျိုက်လတ် )

( မြတ်မင်္ဂလာ ၂၀၀၁-ခု ဇန်န၀ါရီလ )

5 comments:

sankooo said...

အထက်ပါ အကြောင်းအရာမှာ မမှန်ပါ..ခြသေ့င်္သင်္ကတအကြောင်းကို ကျွန်တော့် ဘလော့ဘ်မှာ sankooo.iblogger.org မှာ ၇ှင်းထားပါတယ်..
တဆိတ်လောက်ဝင်ဖတ်ကြည့်ပါဦး...

တိမ်တိုက်ပြာ said...

sankooo.iblogger.org မှ

စေတီတို့တွင် တွေ့ရသော ခြသေ့င်္ရုပ်ထု၏ အဓိပ္ပါယ်အမှန်
Sunday, December 13th, 2009 | Author: admin

finished
စေတီများ၏ မုဒ်ဝမှာ ရှိတဲ့ ခြသေ့င်္ရုပ်ကြီးများနဲ့ပက်သက်လို့ ရေးချင်ပါတယ်။ အဲ့ဒီ့ ခြသေ့င်္ရုပ်ကြီးများနဲ့ပက်သက်ပြီး မဟုတ်မမှန်ဇာတ်လမ်းတွေဖတ်မိလိုက်ရလို့ ရေးချင်လာမိတယ်..ဒီအတွက်အမှန်ကို..ကိုဖော်ပြချင်ပါတယ်။ မင်္ဂလာသတင်းစဉ် blog site (http://mawluu.blogspot.com/2009_09_01_archive.html) မှာ “ဘုရားစေတီပုထိုးတို့တွင် တွေ့ရသော ခြင်္သေ့ရုပ်တု” ဆိုပြီး ပိုဒ့်တစ်ခု တင်ထားတာ ဖတ်လိုက်ရတယ်။ ဒီပို့စ်ကိုပဲ..ဓမ္မရတနာ(Google groups) မှာလဲ ထပ်တင်ထားတာတွေ့ရတယ်။ ရေးထားတာက..ဒီခြသေ့င်္ရုပ်ကြီးများရဲ့ နောက်ခံ သမိုင်းပါဆိုပြီးရေးထားပါတယ်။ သူရေးထားတဲ့အတိုင်း အကျဉ်းချုပ်ပြောရမယ်ဆိုရင်..
ူသီဟဗာဟုမင်းရဲ့ မိခင်ဟာ ခြသေ့င်္နဲ့ ပေါင်းသင်းပြီး သီဟဗာဟုနဲ့ သီဟသီဝလ ကိုမွေးပါတယ်။ နောက်တော့ သီဟဗာဟုဟာ အဖေဖြစ်တဲ့ ခြသေ့င်္ကို သတ်မိပါတယ်..သီဟဗာဟုမင်းလည်း မိမိ၏ဖခင်ဖြစ်သော ခြင်္သေ့မင်းကို သတ်မိသောအပြစ်ကို နောင်တတရား ရရှိပြီး ဘုရားစေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တည်ထားကိုးကွယ်ပါတယ်..လို့ရေးထားပါတယ်။

အထက်ပါ ဇာတ်လမ်းသည် မမှန်ပါဘူးလို့ ပြောပါရစေ..
ဗုဒ္ဓဘာသာနဲ့ပက်သက်တဲ့ သင်္ကေတများအကြောင်းကို မကြာသေးမီကမှ ကျွန်တော်လည်း အရှင်ကောသလ္လတရားမှာ နာခဲ့ပါသေးတယ်။
တရားတော်အမည်…နှလုံးသားဝယ်ဘုရားတည် (၁)
ဆရာတော်…………အရှင်ကောသလ္လ(ဓမ္မစေတီဆရာတော်)
နေ့ရက်…………….၂၅.၁.၂၀၀၉
နေရာ………………မန္တလေး
ဒီတရားထဲမှာ ဆရာတော်က သင်္ကေတတွေနဲ့ပက်သက်ပြီး အခုလို သေချာရှင်းထားပါတယ်..
လ ရည်ညွှန်းချက် သင်္ကေတ
ဝါဆို သန္ဓေ ဆင်
တောထွက် မြင်း
ဓမ္မစက် (တရားဟော) စကြာ - လှည်းဘီး
ကဆုန် ဖွားမြင် ကြာ၊ နွား
ပွင့် (သစ္စာသိ) ဗောဓီပင် ၊ ခြသေ့င်္
စံ (ပရိနိဗ္ဗာန်) နွား ၊ ထူပါ
ဗျာဒိတ်ခံ ကြာ

Table 1: Dhamma talk by dhammaceti sayardaw
အဲလို ဇယားလေးနဲ့ ဆရာတော်က ရှင်းထားပါတယ်။
သင်္ကေတ ရည်ညွှန်းချက်
ကြာ မြတ်စွာဘုရားအလောင်း မွေးဖွားစဉ်အခါက မွေးပြီးလျင်ပြီးချင်း နင်းလျောက်ခဲ့သောအရာ၏ သင်္ကေတ ဖြစ်ပါတယ်။
နွား မြတ်စွာဘုရားအလောင်း မွေးဖွားစဉ်နဲ့ ပရိနိဗ္ဗာန်စံဝင်သည့် လ၌ ရှိသော ရာသီခွင်၏ သင်္ကေတဖြစ်ပါတယ်။
ဆင် မယ်တော်မာယာဝမ်းကြာတိုက်သို့ ပဋိသန္ဓေယူခဲ့စဉ်က အမှတ်အသားဖြစ်သည့် သင်္ကေတဖြစ်ပါတယ်။
မြင်း မြတ်စွာဘုရားလောင်းတော် တောထွက်စဉ်က စီးခဲ့သော မြင်း၏ သင်္ကေတဖြစ်ပါတယ်.
(တနည်း) ကုသိုလ်တရားများပြုရာတွင် လျင်မြန်စွာပြုခြင်း၏ သင်္ကေတဖြစ်ပါတယ်..
စကြာ ဘုရားရှင် ဓမ္မစကြာဟောစဉ်က မဂ္ဂင်ရှစ်ပါး၏ သင်္ကေတဖြစ်ပါတယ်..
ဗောဓိပင် သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ်သို့ ရောက်ခဲ့သည့် နေရာ၏ သင်္ကေတဖြစ်ပါတယ်
ထူပါ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ကာ မီးသင်္ဂြိုလ်ပူဇော်ခြင်း၏ သင်္ကေတဖြစ်ပါတယ်။..
ခြသေ့င်္ သစ္စာလေးပါးကို ရဲဝံ့စွာသိခြင်း၏ သင်္ကေတဖြစ်ပါတယ်။..
(တနည်း)ဘုရားရှင်တို့မည်သည် အကျိုးကို မကျင့်ပါ..အကြောင်းကိုသာ ကျင့်ပါတယ်။..

Table 2: Dhamma notes at www.dhammaceti.org
အဲလို သူ့အဓိပ္ပါယ်နဲ့ သူ ရှိပြီးသားပါ။

တိမ်တိုက်ပြာ said...

ခြသေ့င်္ဟာ သူ့ကိုမြှားနဲ့ ပစ်ရင် မြှားနောက်သို့ မလိုက်ဘဲ ပစ်တဲ့သူကိုပဲ လိုက်ပါတယ်..ခွေးဆိုလျှင် ခဲနဲ့ပစ်ပါက ခဲနောက်ကိုလိုက်ပါတယ်..ခြသေ့င်္နဲ့ မတူပါ..ဒါကြောင့် ခြသေ့င်္ဟာ အကြောင်းကို လိုက်တယ်လို့ ပမာပြုပါတယ်..
ဒီလိုပဲ ဗုဒ္ဓတရားတွင် ပဋိစ္စသမုပ္ပါဒ် တရားသည် အကျိုးတရားဖြစ်တဲ့ ဒုက္ခသစ္စာတွေ ဖြစ်မလာအောင် ချုပ်ငြိမ်းအောင် ပစ္စုပ္ပန် မှာရှိတဲ့ အကြောင်းတရားတွေ ဖြစ်တဲ့ တဏှာ ၊ ဥပါဒါန် ၊ ကမ္မဘ၀ တို့ မဖြစ်အောင် အပြီးသတ်ပါတယ်..အကြောင်းတရားများ မရှိပါက အကျိုးတရား ခန္ဓာ (ဒုက္ခသစ္စာ) သည် ထပ်ဖြစ်မလာတော့ပါ။ အကျိုးတရားတို့သည် ပုံမှန်အတိုင်း ဖြစ်နေတာပါပဲ သူတို့ ကို တိုက်ရိုက်ချည်း မဖြစ်အောင် လုပ်ရိုးမရှိပါ..လုပ်လို့လည်းမရပါ..ခန္ဓာဟူသော ဒုက္ခသစ္စာ အကျိုးရှိနေ၍ ဝေဒနာ ဆိုသည်မှာ ထိုအကျိုးတရားနှင့် တခါတည်း ပါလာ၍ ခံစားရမှာပါပဲ..ထိုဝေဒနာ အကျိုးတွေကို တိုက်ရိုက်ချည်း ဖယ်နေ၍လည်း အပြီး ပျောက်သွားမည် မဟုတ်ပါ..မည်သည့်ပုဂ္ဂိုလ်မဆို ဝေဒနာ၊ ဇာရာ၊ မရဏ ဟူသော အကျိုးတို့ မလွဲမသွေ ခံစားရမှာပါပဲ..ထိုအကျိုးတရားများသည် အကြောင်း ရှိနေသမျှ ဖြစ်နေဦးမှာပါပဲ..ထို့ကြောင့် ဆိုင်ရာ အကြောင်းတရားများကို ဖယ်ခွာမှသာလျှင် ထိုအကျိုးတရားများ ထပ်ဖြစ်မလာတော့ပါ။ ဒါကြောင့် ဘုရားရှင်တို့မည်သည် အကြောင်းကိုသာ ကျင့်ပါတယ် အကျိုးကို မကျင့်ဘူးလို့ ဆိုလိုပါတယ်..ဒီသဘောကိုပဲ ခြသေ့င်္ နဲ့ ပမာပြုထားတာပါ။ ဒီသဘောတွေနဲ့ ပက်သက်ပြီးသာ စေတီပုထိုးများရှေ့မှာ ခြသေ့င်္ရုပ်ကြီးများ ထားတာပါ..
အဓိပ္ပါယ်မရှိသော ဇာတ်လမ်းများနဲ့ ဘယ်လိုမှ မပက်သက်ပါဘူး။ ခြေလေးချောင်း သတ္တ၀ါနဲ့ ခြေနှစ်ချောင်း သတ္တ၀ါ ပေါင်းသင်းလို့ ကလေးမရနိုင်ပါဘူး…အဲလို မမှန်တဲ့ဇာတ်လမ်းကြောင့် ဗုဒ္ဓဘာသာ ဂုဏ်အရည်အချင်းများကို အထင်မှားစရာများ ဖြစ်ပါလိမ့်မယ်..ဘာမှမသိတဲ့ နိုင်ငံခြားသားတွေလည်း အထင်မှားစရာဖြစ်ပါလိမ့်မယ်..
အကြောင်းအရင်းမှန် အဓိပ္ပါယ်များကို ဖြန့်ဝေစေချင်ပါတယ်..
ဆရာတော်ရဲ့ တရားကို သူရဲ့ (Dhamaceti.org) web site ကနေ ဒေါင်းလုပ်ချပြီးနာနိုင်ပါတယ်.

သီဟ said...

ဒါက ပုံပြင်တစ်ပုဒ်လို့ပဲ ထင်မိပါတယ်....။ လူနဲ့ ခြင်္သေ့နဲ့ ပေါင်းဖက်တယ်ဆိုတာ တကယ်တမ်းဖြစ်နိုင်ပါ့မလား..။ အဲ့ဒီကနေ ဆင်းသက်လာတာမဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

Dream said...

ကွန်မန့်မှာပြောပြ ရှင်းပြသွားတဲ့
အစ်မ တိမ်တိုက်ပြာကို အများကြီး
ကျေးဇူးတင်ပါတယ်။ ပို့စ်ပိုင်ရှင်ရဲ့ ပုံပြင်ကို ဖတ်ပြီး လက်မခံနိုင် ဖြစ်နေချိန်မှာ ဖြစ်နိုင်ခြေရှိတဲ့ အစ်မတိမ်တိုက်ပြာရဲ့ ကွန်မန့်ကိုဖတ်ပြီး အသိတိုးလို့ ကျေးဇူးပါ :)