Monday, September 7, 2009

သည်းခံခြင်း နှင့် မေတ္တာတရား

သည်းခံခြင်းသည် အမြတ်ဆုံးဖြစ်၏။ ဤသို့လျှင် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားတော်များကို နာယူမှတ်သားရပါသည်။ လက်တွေ့ကျင့်သုံးရာ၌ ပုထုဇဉ်ပီပီ စိတ်ကို ချုပ်တည်းသိမ်းဆည်းခြင်းငှါ မစွမ်းသာခဲ့။ သို့အတွက်လည်း ပူလောင်ခြင်း နောင်တ အကြိမ်ကြိမ်ဖြင့် လောင်မြိုက်ခဲ့ရသည်။

ကျွန်မ၏ဖခင်နှင့် မိခင် နှစ်ဦးစလုံး အသက်ရှစ်ဆယ်ဝန်းကျင်များ ဖြစ်ကြသည်။ အသက်အရွယ် အိုမင်းလာသော်လည်း သူတကာက အံ့သြလောက်အောင်ပင် ကျန်းမာသန်စွမ်းကြသည်။ ကျွန်မ မှတ်မိသည့်အရွယ်မှစ၍ ရောဂါဘယ ပြင်းပြင်းထန်ထန် ဖြစ်ဖူးသည်ကို မတွေ့ရပေ။ ဖခင်ကြီးသည် ငါးမိုင်ခန့်ဝေးသော ပတ်ဝန်းကျင်ရွာကလေးများသို့ စက်ဘီးဖြင့် အသွားအပြန် လုပ်နိုင်သည်။ မိခင်ကြီးမှာလည်း အိမ်၏ ဝေယျာဝစ္စများသာမက အချုပ်အလုပ်ကို သားသမီးများ မရှိခိုက်တွင် ကိုယ်တိုင် ၀င်လုပ်နိုင်သေးသည်။

ဘုရားသွား ကျောင်းတက်နှင့် ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်းကို မိဘနှစ်ပါးလုံးပင် စတ်တူ ကိုယ်တူ ပြုလုပ်နိုင်ကြသည်။ ရိပ်သာများတွင်လည်း တရားအားထုတ်နိုင်သည်။ မိဘများ ကိုးကွယ်သည့် သက္ကလမြို့ သာသနာ့ရောင်ခြည် တရားရိပ်သာမှ တရားပြဆရာတော်၏ အဆုံးအမ၊ နှစ်ဆယ့်ငါးကြိမ်မြောက် သာသနာ့ရောင်ခြည် တရားရိပ်သာမှ တရားပြဆရာတော်၏ နည်းလမ်းညွှန်ပြပေးမှုတို့ဖြင့် အိမ်တွင်လည်း သတိပဋ္ဌာန်ဝိပဿနာတရားကို အချိန်ရှိသရွေ့ ပွားများရှုမှတ်နိုင်သည်။

ဤသို့ အသက်အရွယ်အိုမင်း ကြီးရင့်သည်တိုင် စိတ်သွားတိုင်း ကိုယ်ပါနိုင်သော အခြေအနေမျိုးကို ရရှိသည်မှာ အတိတ်ကံ အကြောင်းတခုတည်းကြောင့်မဟုတ်ပေ။ ယခုပစ္စုပ္ပန်ဘ၀၏ ဖြည့်ဆည်းမှုအကျိုးဆက်များလည်း ပါဝင်ကြောင်း ကျွန်မလက်တွေ့ ယုံကြည်မိပါသည်။

အကြောင်းမှာ ကျွန်မ၏ဖခင်နှင့် မိခင်တို့မှာ ထူးခြားသော အကျင့်ကောင်းတခုစီ ရှိကြသည်။ ဖခင်ကြီးသည် သတ္တ၀ါများကို အထူးကြင်နာသနားတတ်ခြင်း ဖြစ်သည်။ လူများကို မဆိုထားဘိ တိရစ္ဆာန်များကိုပင် အထူးကျွေးမွေး စောင့်ရှောက်တတ်သည်။ အစာရေစာချို့ငဲ့သော ကျွဲနွားများကို သူကိုယ်တိုင် မြက်ရိတ်ကျွေးသည်။ သားသမီးများက တား၍လည်းမရ။ သူသွားရာလမ်း တလျှောက် ပရွက်ဆိတ်တွင်းများတွင် ဆန်စေ့များ ချသွားပေးတတ်သည်။

ငှက်ကလေးများနှင့် ကြောင်၊ ခွေး စသည်များကိုလည်း သူ့အစာနှင့်သူ အလိုက်သင့် ကျွေးမွေးတတ်သည်။ ထို့ကြောင့် တိရစ္ဆာန်ဟူသမျှသည် ဖခင်ကြီးအား ခင်တွယ်ကြသည်။

ကျွန်မမမေ့နိုင်သော အဖြစ်ကလေးတခု ရှိသည်။ တခါက အားပြတ်နေသော ခွေးပိန်မလေးတကောင်သည် ကျွန်မတို့အိမ်ရှေ့တွင် တအီအီနှင့် ထူးထူးခြားခြား လာအော်နေရှာသည်။ ဖခင်ကြီးကြားလျှင် ခွေးမလေးကိုခေါ်၍ ထမင်းနှင့်ဟင်းနယ်ကာ ခွက်ကလေးတခုတွင် ထည့်ကျွေးသည်။ ခွေးမလေးမှာ ရုတ်တရက် မစားသေးဘဲ ၀မ်းသာသည့်အမူအရာနှင့် ဖခင်ကြီးအား တရှုပ်ရှုပ် နမ်းရှာသည်။ ပြီးမှ လုံခြည်အနားစကို အသာဆွဲကာ ခြံပြင်သို့ခေါ်သွားလေသည်။ ဖခင်ကြီးလည်း အံ့အားတသင့်နှင့် လိုက်သွားရာ ခြံအပြင်ရောက်မှ သဘောပေါက်သည်။ ခြံထောင့်တွင် ပုံလျက်လဲနေသော မိခင်ခွေးမကြီးကိုတွေ့လိုက်သည်။ ထို့နောက် အစာခွက်တွင် အစာများ ထပ်ဖြည့်ကာ ကျွေးမွေးသည်။ ထိုအခါ သားအမိနှစ်ကောင်စလုံး အားပါးတရ စားရှာသည်။

ဘယ်အရပ် ဘယ်ဒေသဆီက လာသည်မသိ။ ဆယ်ရက်ခန့်ကြာ၍ အင်အားပြည့်လာသောအခါ ဖခင်ကြီးအား တရှုပ်ရှုပ်နမ်းပြီး နှုတ်ဆက်၍ ပြန်သွားလေတော့သည်။ ဤကား ဖခင်ကြီး၏ သတ္တ၀ါများအပေါ် မေတ္တာထားသော အကျင့်ကောင်းတခု ဖြစ်သည်။
မိခင်ကြီးကလည်း တဘာသာထူးခြားသည်။ အရာရာကို ကောင်းသည့်ဘက်ကသာ တွေးမြော်၍ အလွန်အမင်း သည်းခံလေ့ရှိသည်။ မည်သူ့ကိုမျှ အပြစ်မြင်ခြင်းမရှိ။ တခါတရံ သားသမီးများက ပြောယူရသည်အထိ သည်းခံတတ်သူ ဖြစ်သည်။ ဒေါသဖြင့်ရန်လာတွေ့သူကိုပင် အပြုံးမပျက် ဆက်ဆံနိုင်သည်။ သားသမီးများကိုလည်း အမြဲမပြတ် ဆုံးမသည်။ အိမ်တွင် အချိန်မရွေး ရောက်လာတတ်သော ဧည့်သည်မှန်သမျှကိုလည်း ငြိုငြင်ခြင်းမရှိ ပြုစုသည်။ ကွမ်း ဆေး ထမင်း အလိုက်သင့် ဧည့်ခံသည်။ အိမ်၌ ဆွမ်းဖိတ်လာသော ရဟန်းသံဃာတို့ကိုလည်း ကိုယ်တိုင် ဆွမ်းချက်လောင်းလှူသည်။

အကျိုးမဲ့စကားကို သူကိုယ်တိုင်လည်း မပြော၊ သားသမီးများပြောလျှင်လည်း လက်မခံ၊ ခွန်းကြီး ခွန်းငယ် စကားများ ရန်ဖြစ်ခြင်း မရှိ။ အကျိုးသင့် အကြောင်းသင့် စကားဖြင့် နားဝင်အောင် ရှင်းပြတတ်သည်။ အထင်လွဲ၍ ပြောလာသူရှိလျှင်လည်း အကျိုးအကြောင်းကို ရှင်းပြ၍ တောင်းပန်သည်။ သားသမီးများက မိခင်ဖက်က နာကြည်းစိတ်ဖြင့် အမေ့ကို မဟုတ်ဘဲနဲ့ လာပြောနေတာ၊ အမေ ပြန်ပြောပါလား-ဟု ပြောသည့်အခါ ဘာဖြစ်လို့ ပြန်ပြောရမှာလဲ သမီးတို့ရယ်၊ ဒေါသမီး တောက်လောင်နေသူကို အမေက လေပင့်ပေးလိုက်ရင် သူ့ခမျာ ပိုပြီး လောင်မြိုက်တော့မှာပေါ့။ အမေက သနားတဲ့စိတ်နဲ့ သည်းခံနေလိုက်ရင် သူလဲ မီးငြိမ်းသွားတာပေါ့-ဟု ပြန်ပြောတတ်သည်။

ဤကား မိခင်ကြီး၏ အတုယူစရာ အကျင့်မြတ်တခု ဖြစ်သည်။ ထိုအကြောင်းတရားများက ယခု ဘ၀မှာပင် အေးချမ်းမှုအကျိုးတရားကို လက်တွေ့ခံစားနေရသည်။ ဖခင်ကြီးနှင့် မိခင်ကြီးကို သွားလေရာရာ လေးစားချစ်ခင်သူ များသည်။ အနာရောဂါနှိပ်စက်ခြင်းလည်း မရှိ။ အခါကြီး ရက်ကြီးများသာမက အခြားသောနေ့ရက်များတွင်လည်း အမြဲလိုလို လာရောက်ကန်တော့ကြသူများကြောင့် စားသောက်ဖွယ်ရာအမျိုးမျိုးလည်း ပြတ်လပ်သည်မရှိပေ။ နေထိုင်မကောင်းလျှင် အနီးကပ် ပြုစုစောင့်ရှောက်မည့် သားသမီးများလည်း ရှိသည်။ စီးပွားရေး စသောကိစ္စများ၌လည်း ပူပင်သောကမရှိ။ လုပ်ကိုင် ကျွေးမွေးသည့် သားသမီးများကလည်း မငြိုမငြင် စောင့်ရှောက်ကျွေးမွေးသည်။

မိဘနှစ်ပါးသည် ဘ၀၏ အရေးပါဆုံးသောအချိန်တွင် သံသရာအတွက် ကောင်းသောမျိုးစေ့ကို အပူအပင်မဲ့ ကြဲချနိုင်ကြသည်။ ဤကား မိခင်ဖခင်တို့၏ မေတ္တာနှင့် သည်းခံခြင်းအကျိုး လက်တွေ့ခံစားရပုံကို ရေးသားတင်ပြလိုက်ခြင်း ဖြစ်ပါသည်။

( သွဲ့ထားညို-သက္ကလ )

No comments: