Wednesday, September 23, 2009

ကောင်းမှုလုပ်သူ ကောင်းကျိုးရ

ကျွန်တော်သည် စာအုပ်စာပေများကို ဖတ်ရှုရန် များစွာ ၀ါသနာပါလွန်းသူတဦး ဖြစ်ပါသည်။ ကျွန်တော်ဖတ်ရှုခဲ့သော စာပေများထဲမှလည်း ကျွန်တော့်ဘ၀အတွက် ယူစရာသင်ခန်းစာများ၊ ဆောက်တည်စရာ ကိုယ်ကျင့်တရားများ၊ ကျင့်သုံးစရာ ဆင်ခြင်တုံတရားများ အများအပြား ရရှိခဲ့ပါသည်။ ရယူခဲ့ဖူးပါသည်။ သို့အတွက်လည်း ကျွန်တော်၏ ဘ၀တည်ဆောက်ရာ၌ အထိုက်အလျောက် အောင်မြင်မှုများ ရရှိခဲ့သည်ဟု ကျွန်တော် ယုံကြည်ပါသည်။

ယခုအခါတွင်တော့ သူတပါး၏ အတွေ့အကြုံများမှ သင်ခန်းစာကို ကိုယ်ယူခဲ့သည့်နည်းတူ ကျွန်တော့်အတွေ့အကြုံများကိုလည်း သူတပါးအား မျှဝေပေးလိုသည့်ဆန္ဒများ ပြင်းပြလာ၍ ဤစာစုကို ရေးဖွဲ့မိခြင်း ဖြစ်ပါသည်။ ဤစာစု၏ခေါင်းစဉ်ကို မြတ်မင်္ဂလာစာစောင်၏ ဆောင်ပုဒ်တခု ဖြစ်သည့်-
ကောင်းမှုလုပ်သူ ကောင်းကျိုးရ၏
မကောင်းမှုလုပ်သူ မကောင်းကျိုးရ၏
အကြင်မျိုးစေ့ကို စိုက်ပျိုး၏
ထိုအသီးကို သုံးဆောင်ရ၏-ဆိုသည့် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမစာစုထဲမှ ရယူမိပါသည်။

ကျွန်တော်၏ဘ၀သက်တမ်း အတွေ့အကြုံ တလျှောက်ဝယ် ကောင်းကျိုးရသော အတွေ့အကြုံများ ရှိခဲ့ပါသည်။ ထိုနည်းတူ မကောင်းမှုလုပ်၍ မကောင်းကျိုးရသော အတွေ့အကြုံများလည်း ရှိပါသည်။ ကောင်းကျိုးဆိုးကျိုး တွေ့ကြုံခံစားခဲ့၊ ကြားမြင်သိရှိခဲ့သည့် အဖြစ်အပျက် များစွာရှိခဲ့သည်။ ယင်းတို့ကို လှိုက်လှဲပ်ီတိဖြစ်မှုများ၊ ကြောက်ရွံ့ထိတ်လန့် ခါးသီးဖွယ် ခံစားရမှုများဖြင့် အကြိမ်ကြိမ် ဖြစ်တည် ခံစားခဲ့ဖူးပါသည်။ ယင်းတို့ထဲမှ ပထမအဖြစ်အပျက်တခုကို ဖော်ပြလိုပါသည်။

ကျွန်တော် ပဲခူးမြို့တွင် နေထိုင်စဉ်အခါက ဖြစ်သည်။ ကျွန်တော့်အမ၀မ်းကွဲ တဦးက ပဲခူးနှင့် ၇-မိုင်လောက်ဝေးသော သနပ်ပင်မြို့နားရှိ ရွာကလေးမှာ နေပါသည်။ အမ၏ လည်ချောင်းရင်းမှာ အသားပိုဖု(ဘု) လုံးကြီးဖြစ်နေသဖြင့် ရန်ကုန်မြို့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းကု ဆေးရုံကြီးတွင် ပြသထားပါသည်။ ထိုနေ့က အမ၏လည်ချောင်း ခွဲစိတ်ကုသဖို့ ဆေးရုံကို ကျွန်တော်လိုက်ပို့ရမည် ဖြစ်သည်။

သနပ်ပင်-ရန်ကုန်သွား မှန်လုံကားက နံက် ၄-နာရီထွက်သည်။ သူတို့ညီအမနှစ်ယောက်က ထိုင်ခုံ ၃-ခုံ လက်မှတ်ဖြတ်လာပြီး ကျွန်တော်က ပဲခူးကနေ ဖြတ်စီးရမည်ဖြစ်သည်။ မှန်လုံကား ပဲခူးရောက်တော့ နံနက် ၄-၁၅ မိနစ်လောက် ရှိပါပြီ။ အမနှစ်ယောက်က ၂-ခုံတွဲ၊ ကျွန်တော်က အခြားခရီးသည်တဦးနှင့် တွဲပြီးထိုင်ရပါသည်။ မနက်စောစော နှင်းတွေကြောင့် မှောင်မှောင်မည်းမည်းမို့ ကျွန်တော်လမ်းဘေးဝဲယာကိုသာကြည့်ပြီး ပါလာခဲ့သည်။ ကျွန်တော့်ခုံနေရာက ကားအတွင်းဘက်လမ်းနှင့် ကပ်နေသဖြင့် မတ်တတ်စီးကြသော ခရီးသည်များနှင့် ပူးပူးကပ်ကပ် ဖြစ်နေသည်။ ကျွန်တော် ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်သောအခါမှာတော့ ကားကမြို့ပြင်ဘက် ရောက်နေပါပြီ။ ရဟန်းတော်တပါးကို ခရီးသည်ယောက်က်ျား၊ မိန်းမတွေကြားမှာ တိုးတိုးဝှေ့ဝှေ့နှင့် မတ်တတ်ရပ် လိုက်ပါနေသည်ကို တွေ့ရသည်။

မြင်တွေ့လျှင်မြင်တွေ့ချင်းပင် ကျွန်တော် နေရာကထပြီး ဖယ်ပေးလိုက်ဖို့ စိတ်ကူးမိပါသည်။ သို့သော် ကိုယ်သွားရမည်က ပဲခူး-ရန်ကုန် မိုင် ၅၀-ခရီးကြီး၊ ခရီးရှည်ကြီးမို့ ဖယ်၍ မပေးချင်ပါ။ သို့ဖြင့် ကိုယ်ကို အသာပြန်ကျုံ့ထိုင်ရင်း မျက်လုံးကို အသာပိတ်ပြီး မမြင်သလို လုပ်နေလိုက်သည်။ သို့ရာတွင် စိတ်ထဲမှာတော့ မလုံမလဲနှင့် ဖယ်ပေးရကောင်းနိုးနိုး၊ ဆက်ထိုင်နေရ ကောင်းနိုးနိုးနှင့် ဝေခွဲမရ ဖြစ်နေပါသည်။ ထိုအချိန်တုန်းက ကျွန်တော် ပဲခူးမှာနေရာ၊ ရန်ကုန်-ပဲခူး ခရီးကို အိမ်ဦးနှင့်ကြမ်းပြင်လို သွားနေရင်း လိုင်းကားစီးနေကျဖြစ်သည်။ တခါတရံ ထိုင်ခုံ အဆင်မပြေလျှင် ပဲခူး-ရန်ကုန် မတ်တတ်လိုက်တန် လိုက်နေကျ ဖြစ်ပါသည်။

နောက်ဆုံး၌ စိတ်ကို ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်သည်။ အခါတိုင်းလည်း သည်ခရီးကို မတ်တတ်တွယ်လိုက်ဖူးတာပဲ၊ ယခု ကိုယ့်အသက်အရွယ်အရရော၊ ကျန်းမာရေးအရရော ငါလိုက်နိုင်တာပဲ။ ငါဖယ်ပေးမယ်-ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ဦးပဉ္စင်း ဒီနေရာ ထိုင်တော်မူပါဘုရား-ဟု လျှောက်ထားပြီး နေရာကို ဖယ်ပေးလိုက်သည်။ ရဟန်းတော်က ဒကာကြီး ဘယ်သွားမှာလဲ-ဟု မေးရာ ကျွန်တော်က ရန်ကုန်ကိုပါဘုရား-ဟု လျှောက်ပါသည်။

သည်အချိန်မှာ ရဟန်းတော်က ကျွန်တော့်ကိုကြည့်လိုက်သော မျက်လုံးအကြည့်ကို ကျွန်တော်နားလည်လိုက်ပါသည်။ အေးချမ်းတည်ငြိမ်စွာနှင့် ကျေးဇူးတင်သည့်အကြည့်၊ ခရီးရှည်တခု ဖြစ်ပါလျက် ရဟန်းသံဃာတော်ကို အမွန်အမြတ်ပြုသော စိတ်ကို သာဓုခေါ်သည့်အကြည့်ပင်၊ ကျွန်တော့်ရင်ထဲမှာ အေးခနဲ၊ စိမ့်ခနဲ ဖြစ်သွားသည်။ ကျွန်တော့အပြုအမူ ကျွန်တော့်ဆုံးဖြတ်ချက်အတွက် ကျွန်တော့်ကိုယ် ကျွန်တော် ကျေးဇူးအလွန်တင်သွားပါသည်။

ရဟန်းတော်က ကျွန်တော်ဖယ်ပေးသောနေရာမှာ အသာအယာ ၀င်ထိုင်လိုက်ပါသည်။ မျက်လွှာစုံချပြီး တည်ငြိမ်သောဣနြေ္ဒ ၀ါရွှေသောသင်္ကန်း အရောင်တို့နှင့် လိုက်ဖက်တင့်တယ်နေသော ရဟန်းတော်ကိုကြည့်ရင်း ကျွန်တော့်တကိုယ်လုံး ပီတိတွေလှိုက်၊ ကြက်သီးတွေ ဖြန်းဖြန်းထသွားသည်။ မထင်မှတ်ဘဲ ပြုလိုက်ရသော ကုသိုလ်လေးတခုအတွက် ၀မ်းသာကျေနပ်မှုတွေကို အတော်လေး ခံစားလိုက်ရပါသည်။

ထိုအချိန်ပိုင်းကလေးအတွင်းမှာပင် ကျွန်တော့်နှင့် ဘေးချင်းယှဉ်ထိုင်နေသော လူရွယ်တဦးသည် သူ့နေရာမှ ချက်ချင်းထပြီး ကျွန်တော့်ကို ထိုင်ဖို့ နေရာဖယ်ပေးပါသည်။ ကျွန်တော်လည်း အံ့အားသင့်သွားသည်။ ချက်ချင်းပင် ထိုင်ဖို့ ငြင်းလိုက်ပါသည်။ သို့သော်မရပါ၊ လူရွယ်က အတင်းထိုင်ခိုင်းနေသည်။ ကျွန်တော်တို့ စကား ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ဘေးကခရီးသည်တွေ အာရုံပြုမိလာကြပါသည်။

ထိုအခါ လူရွယ်က လှည်းကူးအထိတော့ ထိုင်ပါခင်ဗျာ၊ လှည်းကူးရောက်ရင် ကျွန်တော်တလှည့် ပြန်ထိုင်ပါ့မယ်-ဟု တောင်းတောင်းပန်ပန် ပြောနေသည်။ ဘေးကလူတွေလည်း ထိုင်ကြည့်နေကြသည်။ ကျွန်တော်လည်း ထိုင်ချလိုက်ရသည်။ ရဟန်းတော်ကတော့ ကျွန်တော်ဖယ်ပေးသော နေရာကလေးမှာ တည်ငြိမ်သောဣနြေ္ဒဖြင့် အသာအယာ ထိုင်နေဆဲပင်။

လှည်းကူးရောက်ရောက်ချင်း ကျွန်တော်နေရာကထပေးသည်။ လူရွယ်ကိုတလှည့် အတင်းထိုင်ခိုင်းလိုက်ရပါသည်။ လူရွယ်ထိုင်ပြီးပြီးချင်းပင် ကားရှေ့ပိုင်းမှ ကျွန်တော့်နာမည်ခေါ်သံ ကြားရသည်။ လှမ်းကြည့်လိုက်တော့ အသိမိတ်ဆွေတဦး ဖြစ်နေသည်။ စောစောကတော့ လူတွေနှင့်ကွယ်နေ၍ မတွေ့မိပါ။ လှည်းကူးမှာ ခရီးသည်တွေ အတော်အတန်ဆင်းသွားသဖြင့် ကျွန်တော့်ကိုတွေ့သွားပြီး လှမ်းခေါ်ပုံရသည်။ သူ့အနားမှာ ခုံတနေရာစာ လွတ်နေသဖြင့် ထိုခုံနေရာမှာပင် ထိုင်လျက် ရန်ကုန် ရောက်သည်အထိ ကျွန်တော် သက်သောင့်သက်သာ လိုက်ခဲ့ရပါသည်။

ရဟန်းတော်ကို နေရာဖယ်ပေးခဲ့သော်လည်း ခရီးစဉ်တလျှောက်လုံးမှာ ကျွန်တော် ထိုင်ခုံဖြင့်သာ လိုက်ခဲ့ရသည်ကို အံ့သြမိပါသည်။ အမှတ်မထင် သေးငယ်သော ကုသိုလ်ကလေး၏ အဟုန်သည် သည်မျှနှင့် ရပ်မသွားသေးပါ။ ထိုနှစ်အတွင်းမှာပင် ဌာနက ကျွန်တော့်အတွက် ရုံးကားတစီး သုံးခွင့်ပြုသည်။ ကျွန်တော် ယခုအချိန်အထိ သတိထားမိသည်မှာ ထိုကုသိုလ်ပြုပြီးသည့် နောက်ပိုင်းတွင် ယာဉ်၊ ရထား၊ ကား၊ လေယာဉ် ဘယ်ခရီးပင်ဖြစ်စေ ကျွန်တော့်အတွက် ကြံဖန်ပြီး လွယ်လွယ်ကူကူ ဖြစ်နေပါသည်။ မရတော့ဘူးဟု ထင်သော လက်မှတ်၊ မသွားဖြစ်တော့ဘူးဟုထင်သော ခရီးစဉ်တွေမှာ အံ့သြဖွယ်ကောင်းလောက်အောင် ချောမောသွားသည်ကို တွေ့ရသည်။ ပြည်တွင်းပြည်ပ ခရီးစဉ်တွေတိုင်းမှာလည်း သက်သောင့်သက်သာနှင့် အန္တရာယ်ကင်းကင်း သွားနေရသည်ကိုလည်း သတိထားမိပါသည်။

အမှတ်မထင်ပြုခဲ့သော မုန့်ညင်းစေ့ပမာဏ သေးငယ်သော ကုသိုလ်ကလေး၏ အဟုန်ကို ပြောပြ၍မကုန်နိုင်အောင် ယခုတိုင် ခံစားနေရဆဲပင်။ ကျွန်တော့်ကိုယ်တွေ့ အမှန်ဖြစ်ရပ်ကို မြတ်မင်္ဂလာ ပရိသတ်အား ဆီမီးတိုင်သဖွယ် ကူညှိခံစားရစေခြင်းငှါ တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

မောင်စံလွင် (ငါး-ဦးစီး)

ဲ( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )

No comments: