Friday, September 4, 2009

ခန္ဓာ ၅-ပါးနှင့် ဘာဝနာ ၄၀

ခန္ဓာ-ခန္ဓာတို့သည်။
၁။ ရူပက္ခန္ဓော- ရုပ် အစုဟူသော ရူပက္ခန္ဓာ၎င်း။
၂။ ဝေဒနာက္ခန္ဓော-ခံစားမှု အစုဟူသော ဝေဒနာက္ခန္ဓာ၎င်း။
၃။ သညာက္ခန္ဓော-အမှတ်ပြု၍ သိမှု အစုဟူသော သညာက္ခန္ဓာ၎င်း။
၎။ သင်္ခါရက္ခန္ဓော-စိတ်၏စေ့ဆော်မှု ပြုပြင်မှု အစုဟူသော သင်္ခါရက္ခန္ဓာ၎င်း။
၅။ ၀ိညာဏက္ခန္ဓော-အာရုံကို ထွေထွေထူးထူးသိမှု အစုဟူသော ၀ိညာဏက္ခန္ဓာ၎င်။
ဣမေ-ဤသည်တို့ကား။ ပဉ္စက္ခန္ဓာ-ငါးပါးသော ခန္ဓာတို့တည်း။


( အနိစ္စလက္ခဏာ ၁၀-ပါး )
ဣမေ ပဉ္စက္ခန္ဓာ-ဤငါးပါးသော ခန္ဓာတို့သည်။
၁။ အနိစ္စာ-မြဲခြင်းသဘော မရှိကုန်။
၂။ အဓုဝါ-ခိုင်မာခြင်းသဘော မရှိကုန်။
၃။ အသာရာ-အနှစ်သာရ မရှိကုန်။
၎။ စလာ-ရွေ့ရှားတတ်ကုန်၏။
၅။ ပလောကဓမ္မာ-ပျက်စီးခြင်းသဘော ရှိကုန်၏။
၆။ ၀ိပရိဏာမဓမ္မာ-ဖောက်ပြန်ခြင်းသဘော ရှိကုန်၏။
၇။ မရဏဓမ္မာ-သေဆုံးခြင်းသဘော ရှိကုန်၏။
၈။ ၀ိဘ၀ဓမ္မာ-ဆုံးရှုံးခြင်းသဘော ရှိကုန်၏။
၉။ သင်္ခတာ-အဖန်ဖန် ပြုပြင်အပ်ကုန်၏။
၁၀။ ပဘင်္ဂုနော-ဖရိုဖရဲ ပြိုကွဲခြင်းသဘော ရှိကုန်၏။
အနိစ္စံ-အနိစ္စလက္ခဏာ ဆယ်ပါးတည်း။


( ဒုက္ခလက္ခဏာ ၂၅-ပါး )
ဣမေ ပဉ္စက္ခန္ဓာ-ဤငါးပါးသော ခန္ဓာတို့သည်။
၁။ ဒုက္ခာ-ယုတ်မာညစ်ဆိုး ဒုက္ခမျိုးတို့သာတည်း။
၂။ ဘယာ-ကြောက်ဘွယ်ညစ်ဆိုး ဘေးရန်မျိုးတို့သာတည်း။
၃။ ဤတီ-ထိတ်လန့်စဖွယ် အန္တရာယ်မျိုးတို့သာတည်း။
၎။ ဥပဒ္ဒ၀ါ-လွန်စွာကပ်ရပ် နှိပ်စက်တတ်သော ဥပဒ်မျိုးတို့သာတည်း။
၅။ ဥပသဂ္ဂါ-တွယ်တာစွဲကပ် နှိပ်စက်တတ်သော ဥပဒ်မျိုးတို့သာတည်း။
၆။ ရောဂါ-ကျင်နာညစ်ဆိုး ရောဂါမျိုးတို့သာတည်း။
၇။ အာဗာဓာ-နှိပ်စက်ညစ်ဆိုး အနာမျိုးတို့သာတည်း။
၈။ ဂဏ္ဍာ-မဖွယ်ရုပ်ဆင်း ထွတ်မြင်းအနာမျိုးတို့သာတည်း။
၉။ သလ္လာ-စူဝင်ညစ်ဆိုး မြားငြောင့်မျိုးတို့သာတည်း။
၁၀။ အဃာ-အကျိုးယုတ် အကျိုးမဲ့မျိုးတို့သာတည်း။
၁၁။ အတာဏာ-စောင့်ရှောက်မဲ့လျှင်း ဘေး၏အသင်းတို့သာတည်း။
၁၂။ အလေဏာ-ကွယ်ကာမဲ့လျှင်း ဘေး၏အသင်းတို့သာတည်း။
၁၃။ အသရဏာ-ကိုးရာမဲ့လျှင်း ဘေး၏အသင်းတို့သာတည်း။
၁၄။ အာဒီန၀ါ-ဆိုးဝါးညစ်ကျု အပြစ်စုတို့သာတည်း။
၁၅။ အဃမူလာ-ကျိုးမဲ့ခပင်း ဆင်းရဲခြင်း၏ အရင်းအမြစ်တို့သာတည်း။
၁၆။ ၀ဓကာ-လူ,နတ်,ဗြဟ္မာ သတ္တ၀ါကို နာရီမလပ် အတွင်သတ်သည့် သူသတ်မျိုးတို့သာတည်း။
၁၇။ သာသ၀ါ-အာသဝေါတရား လေးပါးတို့၏ အစီးအပွားတို့သာတည်း။
၁၈။ မာရာမိသာ-ကိလေသမာရ်, မစ္စုမာရ်တို့၏ စားဖတ်ဝါးဖတ် သုံးသပ်နင်းနယ်ရာတို့သာတည်း။
၁၉။ ဇာတိဓမ္မာ-သတ္တ၀ါကို မညှာမငဲ့ အရွဲ့အစောင်း မကောင်းဆိုးညစ် ဖြစ်ချင်တိုင်း ဖြစ်တတ်သောသဘော ရှိကုန်၏။
၂၀။ ဇရာဓမ္မာ-ဆုတ်ယုတ် လျော့ပါးခြင်းသဘော ရှိကုန်၏။
၂၁။ ဗျာဓိဓမ္မာ-နာခြင်းသဘော ရှိကုန်၏။
၂၂။ သောကဓမ္မာ-စိုးရိမ်ပူပန်ရခြင်းသဘော ရှိကုန်၏။
၂၃။ ပရိဒေ၀ဓမ္မာ-ငိုကြွေး မြည်တမ်းရခြင်းသဘော ရှိကုန်၏။
၂၄။ ဥပါယာသဓမ္မာ-သက်ကြီးရှိက်ငင် ပင်ပန်းရခြင်းသဘော ရှိကုန်၏။
၂၅။ သံကိလေသိကဓမ္မာ-တဏှာ, ဒိဋ္ဌိ, ဒုစ္စရိတ တည်းဟူသော ညစ်နွမ်းခြင်းသုံးပါးကို ပွါးစီးစေတတ်သောသဘော ရှိကုန်၏။
ဒုက္ခံ-ဒုက္ခလက္ခဏာ နှစ်ဆဲ့ငါးပါးတည်း။


( အနတ္တလက္ခဏာ ၅-ပါး )
ဣမေ ပဉ္စက္ခန္ဓာ-ဤငါးပါးသော ခန္ဓာတို့သည်။
၁။ အနတ္တာ-ကိုယ်မဟုတ်ကုန်၊ အစိုးမရကုန်၊ အလိုသို့ မလိုက်ကုန်။
၂။ ပရေ-အကျွမ်းဝင်ခြင်း အမြဲကင်းသော သူစိမ်းပြင်ပတို့သာတည်း။
၃။ ရိတ္တာ-အနှစ်သာရ ဟူသမျှနှင့် မြူစမယှဉ် အစဉ်ဆိတ်ကင်းသော တရားတို့သာတည်း။
၎။ တုစ္ဆာ-ကောင်းမြတ်ချမ်းသာ မင်္ဂလာသုခ ဟူသမျှနှင့် မြူစမနီး အချည်းနှီးသော တရားတို့သာတည်း။
၅။ သုညာ-ထောက်ရာတည်ရာ ကိုးကွယ်ရာမျိုး တစိုးတစိ မရှိလုံးလုံး အသုံးမကျသော တရားတို့သာတည်း။
အနတ္တာ-အနတ္တလက္ခဏာ ငါးပါးတည်း။

( အနိစ္စလက္ခဏာ ၁၀-ပါး၊ ဒုက္ခလက္ခဏာ ၂၅-ပါး။ အနတ္တလက္ခဏာ ၅-ပါး အားဖြင့် ဘာဝနာ ၄၀-ဖြစ်၏။ )

( လယ်တီ ဘာဝနာဒီပနီ )

No comments: