Friday, September 11, 2009

ကုသိုလ်ကြီး သုံးရပ်

ကုသိုလ်ဆိုသည်မှာ ကုသလဟူသော ပါဠိစကားမှ ဆင်းသက်လာသော ပါဠိသက်ဝေါဟာရဖြစ်သည်။ အနက်အဓိပ္ပါယ်မှာ ကောင်းမှု-ဟူ၍ဖြစ်သည်။ လူ့ဘ၀တွင် စိတ်စေတနာကောင်းမွန်သော ပုဂ္ဂိုလ်များသည် ကောင်းမှုကုသိုလ်အမျိုးမျိုး ပြုကြသည်။ ယင်းသို့ ပြုကြရာတွင် အဓိကကျသော ကုသိုလ်ကြီးသုံးရပ် ရှိသည်။ ယင်းတို့မှာ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တို့ ဖြစ်ကြသည်။

ထိုကုသိုလ်သုံးရပ်တွင် ဒါနကုသိုလ်သည် ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းတည်းဟူသော ကောင်းမှုဖြစ်သည်။
သီလကုသိုလ်သည် ငါးပါး ရှစ်ပါး ကိုးပါး ဆယ်ပါးစသော ကျင့်ဝတ်တို့ကို စောင့်ထိန်းသော ကောင်းမှုဖြစ်သည်။ ဘာဝနာကုသိုလ်မှာ သမထဘာဝနာ ၀ိပဿနာဘာဝနာတို့ကို ကျင့်ကြံပွားများ အားထုတ်သော ကောင်းမှုဖြစ်သည်။

ဤကုသိုလ်ကြီးသုံးရပ်လုံးပင် မွန်မြတ်လှသည်။ ပြုသူကို ယခုဘ၀ရော နောင်ဘ၀တွင်ပါ ကောင်းကျိုးချမ်းသာများ ဖြစ်စေနိုင်သည်။ သို့ရာတွင် ဤကုသိုလ်ကြီး သုံးရပ်မှာလည်း အကျိုးကျးဇူးကြီးမားပုံခြင်း မတူကြပေ။ ဒါနကုသိုလ်ထက် သီလကုသိုလ်က ပို၍ အကျိုးကြီးသည်။ တဖန် သီလကုသိုလ်ထက် ဘာဝနာကုသိုလ်က ပို၍ အကျိုးကြီးသည်ဟု ဝေလာမသုတ္တန်၌ ဘုရားရှင်ဟောကြားတော်မူခဲ့သည်ကို အထင်အရှားသိမြင်နိုင်ပေသည်။

ဤနေရာတွင် ဘာဝနာဆိုရာ၌ သမထဘာဝနာ ၀ိပဿနာဘာဝနာ ဟု၍ နှစ်မျိုးရှိသည်ကို ပိုင်းခြားသိမြင်ရပေမည်။ အာရုံတခုတည်း၌ တည်နေသော စိတ်ကို ထပ်တလဲလဲ ဖြစ်အောင် ပွားများခြင်းသည် သမထဘာဝနာဖြစ်ပေသည်။ သမထဘာဝနာသည် နီဝရဏကိလေသာ အပူဓာတ်တို့ကို ငြိမ်းအေးစေနိုင်သည်။
ဝိပဿနာဘာဝနာသည်ကား ပညာစခန်း ဖြစ်သည်။ ၀ိပဿနာဘာဝနာသည် ရုပ်တရား နာမ်တရားတို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းတို့ကို ထပ်တလဲလဲ ပွားများရှုမြင်၊ သိမြင်သောပညာ ဖြစ်သည်။ တနည်းအားဖြင့်-ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သော ပညာ ဖြစ်သည်။ ၀ိပဿနာဘာဝနာကို ကျင့်ကြံပွားများမှသာ မဂ်တရား ဖိုလ်တရားတို့ကို ရရှိနိုင်ပေမည်။

သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဒါနကုသိုလ်၊ သီလကုသိုလ်မျှဖြင့် မတင်းတိမ်သင့်။ ဒါနကုသိုလ် သီလကုသိုလ်အပြင် ဘာဝနာကုသိုလ်တည်းဟူသော ၀ိပဿနာတရားကိုပါ ကျင့်ကြံပွားများအားထုတ်နိုင်ရန် ကြိုးစားကြရပေမည်။ ဗုဒ္ဓဘုရားရှင်ကလည်း ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တရာပတ်လုံး အသက်ရှည်ရခြင်းထက် ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သော ပုဂ္ဂိုလ်၏ တရက်မှ အသက်ရှည်ရခြင်းသည် မြတ်၏ဟူ၍ ဓမ္မပဒ၌ ဟောကြားထားပေသည်။ ထို့ကြောင့် အမြတ်ဆုံးဖြစ်သော ၀ိပဿနာတရားကို တတ်နိုင်သမျှ အားထုတ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

No comments: