Thursday, September 24, 2009

ထေရ၀ါဒ ဗုဒ္ဓဘာသာ

ထေရ၀ါဒ ဗုဒ္ဓဘာသာ-ဆိုသည်မှာ
မြန်မာနိုင်ငံ ယုံကြည်ကိုးကွယ်မှုသမိုင်းကို ကြည့်လျှင် ရှေးအခါက မြန်မာနိုင်ငံ တိုင်းရင်းသားအများစုတို့ ကိုးကွယ်ကြသည့်ဘာသာကို ဗုဒ္ဓဘာသာ-ဟု သာမန်အားဖြင့် ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ဘာသာရေးစာအုပ်အချို့၌သာ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာကို ဟီနယာန ဗုဒ္ဓဘာသာ-ဟု နာမည်ပေးခဲ့ကြသည်ကို တွေ့ရ၏။

ထေရ၀ါဒ ဗုဒ္ဓဘာသာ-ဟူသောဝေါဟာရကို သုံးနှုန်းလာကြသည်မှာ အချိန်ကာလ မကြာလှသေးပါချေ။ သာသနာတော်နှစ် ၂၄၉၈-တွင် မြန်မာနိုင်ငံ၌ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ လာအို ဆိုသည့် ထေရ၀ါဒ ငါးနိုင်ငံတို့ စုပေါင်းပြီး ဆဋ္ဌသင်္ဂါယနာ တင်သည့်အချိန်တွင်မှ ဤဝေါဟာရ စတင်ပေါ်ပေါက်လာခဲ့သည်ဟု မှတ်သားမိ၏။ ယခုအခါ၌မူ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များ လောကတွင် ဤဝေါဟာရသည် အလွန်အသံကျယ်လာ၏။ ဤသို့ အသံကျယ်လာခြင်းသည် သာသနာတော် သန့်ရှင်းစင်ကြယ်ရေးအတွက် အလွန်ကောင်းသည့် လက္ခဏာပင်ဖြစ်၏။

သို့ရာတွင် ထေရ၀ါဒဗုဒ္ဓဘာသာဆိုသည်မှာ မည်ကဲ့သို့သောဘာသာမျိုး ဖြစ်သည်ဟု အရင်းအမြစ်ကျကျ သိရှိသူများ အလွန်ရှား၏။ ဤပါဠိဘာသာ ဝေါဟာရတိုကလေး၏ အတိုချုပ်အဓိပ္ပါယ်ကိုပင် မသိသူများ ရှိသေး၏။ အမှန်ဆိုရသော် ဗုဒ္ဓဘာသာဝင်တိုင်း ဤဝေါဟာရတိုကလေး၏ အတိုချုပ်အဓိပ္ပါယ်ကိုသာမက ဝေါဟာရဖြစ်ပေါ်လာပုံ သာသနာဝင်ကြောင်း အမှန်ကိုပါ အရင်းအမြစ်ကျကျ သိထားသင့်ကြ၏။ နားလည်ထားသင့်ကြ၏။

ဤထေရ၀ါဒ ဗုဒ္ဓဘာသာ-ဟူသော ဝေါဟာရတိုကလေး၏ အဓိပ္ပါယ်အတိုချုပ်မှာ-ပထမသင်္ဂါယနာတင် ရဟန္တာမထေရ်ကြီးများ ချမှတ်ထားခဲ့သည့် မူဝါဒအတိုင်း သန့်ရှင်းစင်ကြယ်စွာ ပကတိအတိုင်း တည်ရှိနေသည့် ဗုဒ္ဓတရားတော်-ဟု ဖြစ်သည်။
(ထေရ၀ါဒ-ရဟန္တာမထေရ်ကြီးများ ချမှတ်ထားခဲ့သည့် မူဝါဒအရ၊ ဗုဒ္ဓဘာသာ-မြတ်စွာဘုရား ဟောကြားခဲ့သည့်အတိုင်း သန့်ရှင်းစွာ တည်ရှိနေသော တရားတော်)။

( ပထမသင်္ဂါယနာတင်ပွဲ )
အတန်ငယ် ရှင်းပြပါဦးမည်။ ဗုဒ္ဓရှင်တော်မြတ်ဘုရား ပရိနိဗ္ဗာန်စံဝင်သွားသည့်နောက် ၃-လနှင့် ၄-ရက်အကြာတွင် ဧတဒဂ်ရ အရှင်မဟာကဿပမထေရ်ကြီး ခေါင်းဆောင်တော်မူပြီး အရှင်ဥပါလိ၊ အရှင်အာနန္ဒာ၊ အရှင်အနုရုဒ္ဓါ စသော ပဋိသမ္ဘိဒါပတ္တ၊ ဆဠဘိည ရဟန္တာကြီး ငါးရာတို့သည် ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်ဘုရင်၏ ပစ္စယာနုဂ္ဂဟကို ရယူ၍ ဝေဘာရတောင်ကြီး၏ နံဘေး၊ စရည်းပင်ပေါက်ရာ (သတ္တပဏ္ဏိ) လိုဏ်ဂူအနီးရှိ မဏ္ဍပ်တော်ကြီးတွင် ခုနစ်လပတ်လုံး ပထမဆုံးအကြိမ် သင်္ဂါယနာ တင်တော်မူခဲ့ကြပါသည်။

သင်္ဂါယနာတင်ရသည့်အကြောင်းမှာ-ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး ခုနစ်ရက်အကြာတွင် အရှင်မဟာကဿပသည် တပည့် ရဟန်းငါးရာနှင့်အတူ ပါဝါပြည်မှ ကုသိနာရုံသို့ ကြွတော်မူလာသည်။ လမ်းခရီးအကြားတွင် ခရီးရင်ဆိုင်လာသည့် အာဇီဝတက္ကတွန်း၏ သတင်းပေးချက်အရ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်သည်မှာ ခုနစ်ရက်ပင်ရှိသွားပြီ-ဟု သိရှိကြရသည့်အခါ ရာဂမကင်းကြသေးသည့် ရဟန်းများမှာ မတ်တတ်မှလဲပြီး လူးလှိမ့်ငိုကြွေးကြ၏။ ထိုအခါ သုဘဒ္ဒခေါ် တောထွက်ရဟန်းကြီးက ငါ့ရှင်တို့ ပူဆွေးမနေကြပါနဲ့၊ ငိုကြွေးမနေကြပါနဲ့၊ တိတ်တော်မူကြပါ၊ ရဟန်းကြီးဂေါတမဟာ ဒါကိုလုပ်ကောင်းတယ်၊ ဒါကိုတော့ မလုပ်ကောင်းဘူးလို့ ငါတို့ကို ချုပ်ချယ်နှိပ်စက်ခဲ့တယ်။ အခု ထိုရဟန်းကြီးလက်အောက်မှ ငါတို့ ကောင်းကောင်းကြီး လွတ်မြောက်သွားကြပြီ။ ငါတို့ အလိုရှိတိုင်း လုပ်နိုင်ကြပြီ။ လုပ်ကြစို့-ဟု အားပေးစကား ပြောကြားလိုက်သတဲ့။

ထိုစကားကို အရှင်မဟာကဿပမထေရ်ကြီး ကြားသိတော်မူသည့်အခါ ဪ-ပြောမှ ပြောရက်ပလေ။ ဘုရားရှင် ပရိနိဗ္ဗာန်စံသည်မှာ ခုနစ်ရက်သာ ရှိသေး၏။ ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော ရုပ်ခန္ဓာတော်ကြီးပင် ထင်ရှားရှိနေသေး၏။ သို့ပါလျက် သာသနာ့ ရန်ဆူး ရန်ငြောင့်ကား ပေါ်လာခဲ့ပေပြီ။ ဒီရဟန်းယုတ်သာ သူနှင့် သဘောတူသူ အပေါင်းအသင်းများကို ရခဲ့လျှင် ဘုရားသာသနာတော်သည် မကြာမီ ကွယ်ပျောက်သွားနိုင်သည်။ ရှင်တော်ဘုရား ဟောကြားခဲ့သည့် သုတ် အဘိဓမ္မာ ၀ိနည်း တရားတော်များ တည်ရှိနေသရွေ့ သာသနာတော်ကြီး မကွယ်ပျောက်နိုင်။ ထို့ကြောင့် သာသနာတော် အရှည်တည်တံ့နိုင်အောင် အဓမ္မ၀ါဒီရဟန်းဆိုးများ အင်အားမကောင်းမီ၊ အ၀ိနယ၀ါဒီ အလဇ္ဇီ ဒုဿီလရဟန်းများ အင်အားမကောင်းမီ ရှင်တော်ဘုရား ဟောကြားခဲ့သည့် တရားများကို သင်္ဂါယနာတင်မှ တော်မည်ဟု အကြံဖြစ်၏။

ထို့နောက် ဘုရားရှင်၏ ပရိနိဗ္ဗာန်ဝင်စံပွဲကြီး ပြီးဆုံး၍ ဓာတ်တော်များ ဝေအပြီးတွင် မရေမတွက်နိုင်အောင် မြားမြောင်လှစွာသော ရဟန်းသံဃာများအနက် ခေါင်းဆောင် သံဃာ့ထေရ်ကြီး ခုနစ်သိန်းတို့ထံတွင် သင်္ဂါယနာတင်ရန် သဘောတူညီချက်ကို ရယူတော်မူပြီး သံဃာထေရ်ကြီးများ၏ အကြံပြုချက်အရ အများအားဖြင့် ဧတဒဂ်ရယူတော်မူကြသည့် တိပိဋကဓရ၊ ပဋိသမ္ဘိဒါပတ္တ၊ ဆဠဘိည ရဟန္တာကြီး ၅၀၀-တို့ကို သင်္ဂါယနာတင်ရန် ရွေးချယ်တော်မူလိုက်သည်။ ရာဇဂြိုဟ်ပြည်သည် ကျောင်းတိုက်များစွာရှိ၍ ပစ္စည်းလေးပါး ထောက်ပံ့နိုင်သည့် ဒကာများ များစွာရှိသည့်အတွက် ရာဇဂြိုဟ်ပြည်တွင် ၀ါဆိုပြီး သင်္ဂါယနာတင်ကြရန် ဆုံးဖြတ်ကြသည်။

( မထေရ်ကြီးများ၏ မူဝါဒ ) (ထေရ၀ါဒ)
ဤသို့အားဖြင့် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး ၃-လနှင့် ၄-ရက်အကြာ၊ ၀ါခေါင်လပြည့်ကျော် ၅-ရက်နေ့တွင် ပထမသင်္ဂါယနာတင်ပွဲကြီးကို စတင်ကျင်းပသည်။ ထိုသင်္ဂါယနာတင်ပွဲကြီးတွင် အရှင်မဟာကဿပမထေရ်ကြီး ဦးဆောင်သော ပထမသင်္ဂါယနာတင် ရဟန္တာထေရ် အရှင်ကြီးများသည် သာသနာတော်ကြီး သန့်ရှင်းစင်ကြယ်စွာ အရှည်တည်တံ့ရေးအတွက် အချက်သုံးချက် ပါဝင်၍ အလွန်အရေးပါသည့် မူဝါဒကြီး တရပ်ကို တညီတညွတ်တည်း ချမှတ်ခဲ့ကြသည်။

ထိုရဟန္တာအရှင်မြတ်ကြီးတို့ ချမှတ်ခဲ့ကြသည့် မူဝါဒမှာ-
(၁) သံဃာတော်သည် ဘုရားရှင် မပညတ်ခဲ့သည်ကို ပညတ်ခြင်း မပြုခြင်း။
(၂) မြတ်စွာဘုရား ပညတ်ချက်များကို ဖျက်ဆီးခြင်း၊ နုတ်ပယ်ခြင်း မပြုရ။
(၃) မြတ်စွာဘုရား ပညတ်ထားခဲ့သည့်အတိုင်း သိက္ခာပုဒ်များကို ကောင်းစွာ လိုက်နာကျင့်သုံးကြရမည်-ဟူ၍ ဖြစ်သည်။
ဤသို့ ပထမသင်္ဂါယနာတင်၊ ရဟန္တာထေရ်အရှင်ကြီးများ ချမှတ်တော်မူခဲ့ကြသည့် မူဝါဒအရ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်း၊ လုံးဝမပြုသဖြင့် ဘုရားရှင် ပညတ်ဟောကြားတော်မူခဲ့သည့်အတိုင်း စင်ကြယ်သန့်ရှင်းစွာ တည်ရှိနေသည့် မူလတရားတော် (ဓမ္မ၀ိနယ) အားလုံးကို ထေရ၀ါဒ ဗုဒ္ဓဘာသာ-ဟု ခေါ်ဆိုခြင်းဖြစ်သည်။ ထိုတရားတော်များအတိုင်း ထိန်းသိမ်းကျင့်သုံးနေကြသည့် သံဃာတော်အပေါင်းကို ထေရ၀ါဒဂိုဏ်း-ဟု ခေါ်သည်။

မူလက ၀ိနည်းကိုအကြောင်းပြု၍ မူချထားခဲ့ခြင်း ဖြစ်သော်လည်း ထိုမူဝါဒသည် ဓမ္မ၀ိနယနှစ်မျိုးလုံးနှင့် သက်ဆိုင်သည်ဟု သံဃာတော်များ အားလုံး မှတ်ယူကျင့်သုံးကြ၏။ ထို့ကြောင့် သာရတ္ထဒီပနီဋီကာ၌- သင်္ဂါယနာတင်ထားသည့် ပါဠိတော်များကိုသာ အရှင်မဟာကဿပ အစရှိကုန်သော မထေရ်ကြီးတို့၏ မူဝါဒဖြစ်သောကြောင့် ထေရ၀ါဒ ခေါ်သည်-ဟု ဖွင့်ပြထားခြင်းဖြစ်၏။ သို့ရာတွင် ပထမသင်္ဂါယနာ တင်ပြီးချိန်မှစ၍ ဒုတိယသင်္ဂါယနာတင်သည့် အချိန်အထိ နှစ်ပေါင်းတရာအတွင်း၌ ဆန့်ကျင်ဘက်ဂိုဏ်းများ မပေါ်လာသေးသဖြင့် ပထမသင်္ဂါယနာတင် ရဟန္တာထေရ် အရှင်မြတ်တို့၏ မူဝါဒအရ ပကတိသန့်ရှင်းစွာ တည်ရှိနေသည့် မူလဘုရားဟော တရားတော်အတိုင်း လိုက်နာကျင့်သုံးကြသူချည်းဖြစ်၍ ထေရ၀ါဒဂိုဏ်းဟု ခေါ်ဝေါ်သုံးစွဲခြင်း မရှိသေးရကား ထေရ၀ါဒ ဗုဒ္ဓဘာသာ-အမည်လည်း မပေါ်လာသေးချေ။

( ဒုတိယသင်္ဂါယနာတင်ပွဲ )
သို့ရာတွင် သာသနာတော်နှစ် ၁၀၀-အရောက်တွင်မူ ဝေသာလီပြည်၌ ၀ဇ္ဇီတိုင်းသား ရဟန်းတော်များသည် ၀ိနည်းနှင့်ပတ်သက်၍ ပြင်ဆင်ချက် ၁၀-ချက်၊ (ဒသ၀တ္ထု) ကို ပြုလုပ်လာကြသည်။ သူတို့က ရွှေငွေကို အလှူခံကောင်းသည်-စသည်ဖြင့် ဘုရားရှင်ပညတ်ထားချက်များကို ၁၀-ချက်အထိ ဖောက်ဖျက် ပြင်ဆင်လာကြသည်။ ထိုအကြောင်းကို ကောသမ္ဘီပြည်တွင် သီတင်းသုံးနေတော်မူသည့် အရှင်မဟာယသ ရဟန္တာမထေရ်ကြီး ကြားသိရသည့်အခါ ဝေသာလီပြည်သို့ ကိုယ်တော်တိုင် ကြွရောက်စုံစမ်းတော်မူ၏။ တကယ်မှန်ကြောင်း သိရှိရသည့်အခါ မူလသာသနာတော်ကြီး အရှည်တည်တံ့ရေးအတွက် အတိုင်းတိုင်းအပြည်ပြည်သို့ လှည့်လည်ကာ သံဃာတော်များကို စည်းရုံးတော်မူ၏။

မထေရ်မြတ်ကြီး၏ စည်းရုံးမှုကြောင့် ဝေသာလီသို့ စုဝေးရောက်ရှိလာကြသော သံဃာတော်များမှာ ၁၂-သိန်း ရှိ၏။ ထိုသံဃာတော်များထဲတွင် အရှင်အာနန္ဒာ၏ အတူနေ တပည့်ကြီးများ ဖြစ်ကြသော သက်တော် ၁၄၀-ရှိ အရှင်သဗ္ဗကာမီမထေရ်ကြီး၊ သက်တော် ၁၂၀-ကျော်ရှိကြသော အရှင်သာဠ၊ အရှင်ရေ၀တ၊ အရှင်ခုဇ္ဇသောဘိတ၊ အရှင်သမ္ဘူတ၊ အရှင်မဟာယသ မထေရ်ကြီးများနှင့် အရှင်အနုရုဒ္ဓါ၏ အတူနေတပည့်ကြီးများ ဖြစ်သော သက်တော် ၁၂၀-ကျော်ရှိကြသော အရှင်သုမန၊ အရှင်ဝါသဘဂါမီ မထေရ်ကြီးများလည်း ပါဝင်ကြသည်။ ထိုရဟန္တာကြီး ၈-ပါးတို့သည် ပဋိသမ္ဘိဒါပတ္တ၊ ဆဠဘိည၊ တိပိဋကဓရ ပုဂ္ဂိုလ်ကြီးများ ဖြစ်၍ ဘုရားရှင်ကို မီလိုက်ကြသည့် ရဟန္တာကြီးများ ဖြစ်ကြ၏။

ထို ၁၂-သိန်းသော သံဃာ့အစည်းအဝေးကြီးက အဓိကရုဏ်း ဆုံးဖြတ်ရန် ထိုရဟန္တာကြီး ၈-ပါးတို့ကို ၀ိနည်းဓိုရ် ပုဂ္ဂိုလ်များအဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြ၏။ ၀ိနည်းဓိုရ်မထေရ်ကြီးများသည် ၀ါလိကာရုံကျောင်းတိုက်ကြီး၌ အစည်းအဝေးကြီး ကျင်းပကြ၍ အရှင်ရေ၀တမထေရ်ကြီးက အဓမ္မ၀တ္ထု ၁၀-ချက် တို့ကို ၀ိနည်းတော်နှင့် ညီ-မညီ အရှင်သဗ္ဗကာမီ မထေရ်ကြီးအား မေးလျှောက်ရာ ၀ိနည်းနှင့်မညီကြောင်း မထေရ်မြတ်ကြီးက တချက်စီ ဖြေရှင်းဆုံးဖြတ်တော်မူ၏။ ထိုဆုံးဖြတ်ချက်များကို သံဃာ့အစည်းအဝေးကြီးက တညီတညွတ်တည်း လက်ခံအတည်ပြုလိုက်ကြသည်။

အဓိကရုဏ်းငြိမ်းပြီးသောအခါ သံဃာ့အစည်းအဝေးကြီးကပင် တိပိဋကဓရ၊ ပဋိသမ္ဘိဒါပတ္တ၊ ဆဠဘိည ရဟန္တာကြီး ၇၀၀-တို့ကို ဒုတိယအကြိမ် သင်္ဂါယနာတင်ရန် ရွေးချယ်လိုက်ကြ၏။ ထိုရဟန္တာကြီး ၇၀၀-တို့သည် ဝေသာလီပြည်၊ ၀ါလိကာရုံကျောင်းတိုက်တော်ကြီး၌ ပါဋလိပုတ်ပြည့်ရှင် ကာလာသောကဘုရင်၏ အာဏာစက် အကူအညီကို ရယူ၍ အရှင်မဟာကဿပ မထေရ်ကြီးတို့ သင်္ဂါယနာတင်သည့်အတိုင်း တင်တော်မူကြရာ ၈-လတိုင်ကြာမှ ပြီးဆုံးသွားပေသည်။
( ရှေ့လဆက်ရန် )
ဓမ္မာစရိယ ဦးအေးနိုင်-ဘီအေ )

( မြတ်မင်္ဂလာ ၂၀၀၁-ခု ဖေဖော်ဝါရီလ )

No comments: