Saturday, September 26, 2009

မြတ်ဗုဒ္ဓ၏ အဋ္ဌမဝိပါက်တော်

ရှေးလွန်လေပြီးသော ကမ္ဘာတခု၌ ဘုရားအလောင်းတော်သည် ပဒေသရာဇ်မင်း ဖြစ်တော်မူသည်။ ထိုအခါ မိုက်မဲယုတ်မာသောသူများနှင့် သေရည်သေရက် သောက်စားပြီး ပျော်ပါးမူးယစ်နေလေ့ရှိသည်။
တနေ့သောအခါ အလောင်းတော်သည် သေရည်သေရက်သောက်စား၍ မူးယစ်လာသောအခါ အပြစ်မရှိသူတယောက်ကို သူမကြိုက်သော အကြောင်းတခုနှင့် ပတ်သက်ပြီး အလွန်ဒေါသဖြစ်မိသည်။

ထိုအခါ ထိုသူကို ငါးများကို ဓားနှင့်မွန်းသလို ရက်ရက်စက်စက် ညှဉ်းဆဲတော်မူခဲ့လေသည်။ ထို့နောက် သေလောက်အောင် တခါတည်း ပွဲချင်းပြီး ထိုးသတ်လိုက်လေသည်။ ထိုအကုသိုလ်ကံဆိုးကြောင့် အပါယ်ငရဲတွင် ကြိမ်ဖန်များစွာ ခံစားခဲ့ရသည်။ နောက်ဆုံးဘုရားဖြစ်တော်မူသောဘဝတွင် ဤဝိပါက် အဆက်ပါလာပြီး ဆရာဇီဝက၏ ခြေမတော်၌ ဓားဖြင့်ခွဲ၍ ကုသခြင်းကို ခံရလေသည်။

ဘုရားကို သတ်ရန် ဒေဝဒတ်သည် ဂိဇ္ဈဂုဋ်တောင်စောင်းမှ ကျောက်မောင်းဆင်၍ လှိမ့်ချရာ ကျောက်တုံးကြီးနှင့် မထိမခိုက်ဘဲ လွဲချော်သွား၏။ သို့သော် ကျောက်တုံးကြီးအဆင်းတွင် ကျောက်နံစောင်းကို ထိပြီး ကျောက်လွှာလွင့်စဉ်လာသည်။ ထိုလွင့်စဉ်လာသော ကျောက်ချပ်ထိမှန်သောကြောင့် ခြေမတော်အဖျား ပေါက်ပြဲပြီး သွေးစိမ်းတည်၍ နေလေသည်။ ထိုအနာသည် လွယ်ကူစွာ မပျောက်ဘဲ နာကျင်တော်မူလှသဖြင့် ဆရာဇီဝကအား ကုသစေသည်။ ဆရာဇီဝကသည် ခြေမတော်မှာ ကိန်းနေသော သွေးစိမ်းများကို ဓားဖြင့်ခွဲ၍ ကုသပေးသောအခါမှ ကောင်းစွာ ပျောက်ကင်းသွားလေသည်။

ဤနေရာတွင် ကုသိုလ်စိတ်ထားနှင့် အကုသိုလ်စိတ်ထား အကျိုးပေးပုံကို သတိပြုသင့်လှ၏။ ဆရာဇီဝကသည် ဘုရားခြေမတော်ကို ဓားဖြင့်ခွဲသော်လည်း ဝေဒနာပျောက်ကင်းစေရန် စေတနာဖြင့် ပြုလုပ်ခြင်းကြောင့် အကုသိုလ်မဖြစ်သည့်အပြင် ကုသိုလ်ကောင်းကျိုးပင် များစွာရလေသည်။
ကောင်းမှု မကောင်းမှုများတွင် စေတနာသည် အရေးကြီးသောအကြောင်းဖြစ်ပုံကို သတိပြု အရေးထားဖွယ်အဖြစ် ထင်ရှားသည်။ ဘုရားအလောင်းတော်သည် ထိုအကုသိုလ်ကံကြောင့် ငရဲကျရောက်ပြီး နောက်ဆုံး ပရိနိဗ္ဗာန်ပြုရမည့်ဘဝတွင် အရှိန်မပျောက်ဘဲ အကုသိုလ်အကျိုးဆက်ကို ပေးဆပ်သွားရသေးသည်။

ထိုအကုသိုလ်အကျိုးဆက်ကို လယ်တီပဏ္ဍိတ ဆရာ ဦးမောင်ကြီးက လင်္ကာစပ်ဆိုပုံမှာ-
ကျော်လွှာခတ်လို့၊ သွေးဓာတ်ဆူပူ၊
ခြေမတော်ဦး၊ ထွတ်ဖူးတဆူ၊
သွေးညိုကိန်းလို့၊ ကျိန်းစပ်တော်မူ၊
ဇီဝက ခွဲရ-ဘယ်ဝဋ်ဟူ။

ပဒေသရာဇ်၊ မင်းဖြစ်စဉ်ဝယ်၊
မူးယစ်သောက်စား၊ ဖောက်ပြားမဖွယ်၊
လူရှင် လတ်လတ်၊ ထိုးသတ်ပြန်တယ်၊
ဓားဝိပါက် အဆက်-သူကနွယ်။

မောင်အဂ္ဂ

( မြတ်မင်္ဂလာ ၂ဝဝ၁-ခု မတ်လ )

No comments: