Wednesday, September 9, 2009

ချစ်ဆေး မုန်းဆေး

လောကထဲ၌ ရှိနေကြသော ပုဂ္ဂိုလ်သတ္တ၀ါတို့တွင် ရဟန္တာပု၈္ဂိုလ်မှတပါး အားလုံးသောပုဂ္ဂိုလ်သတ္တ၀ါတို့သည် ချစ်ခြင်း နှင့် မုန်းခြင်းဟူ၍ ဤ ၂-ပါး အနည်းနှင့်အများ ရှိနေကြပေသည်။ ရဟန္တာပုဂ္ဂိုလ်မှတပါး အခြားသော ပုဂ္ဂိုလ်သတ္တ၀ါတို့သည် ချစ်ခြင်းကိုသာ အလိုရှိကြပေသည်။ မုန်းခြင်းကို အလိုမရှိကြပေ။ ထိုချစ်ခြင်းနှင့်မုန်းခြင်းကို နီတိဆရာများက ဆေးဖြင့် ဥပမာ တင်စား၍ ချစ်ဆေး နှင့် မုန်းဆေး စသည်ဖြင့် ဆေး ၄-မျိုး ဖွင့်ပြဖော်ပြပေသည်။

၁။ ဒါနံ သိနေဟ ဘေသဇ္ဇံ-ပေးကမ်းလှူဒါန်းခြင်းဒါနသည် ချစ်ဆေးဖြစ်၏။
၂။ မစ္ဆေရံ ဒေါသ နောသဓံ-၀န်တိုခြင်း မစ္ဆရိယသည် မုန်းဆေးဖြစ်၏။
၃။ ဒါနံ ယသဿီ ဘေသဇ္ဇံ-ပေးကမ်းလှူဒါန်းခြင်းဒါနသည် အခြံအရံများစေသောဆေး ဖြစ်၏။
၎။ မစ္ဆေရံ ကပဏော သဓံ-၀န်တိုခြင်း မစ္ဆရိယသည် အခြံအရံ ကင်းမဲ့၍ အထီးကျန်စေသောဆေး ဖြစ်၏ဟူ၍ ၄-မျိုး ဖွင့်ပြ၊ ဖော်ပြကြပေသည်။

၁။ ပေဒကမ်းလှူဒါန်းခြင်းဒါနသည် ချစ်ဆေးဖြစ်၏ ဟုဆိုရာ၌ ပေးကမ်းလှူဒါန်းခြင်းတို့သည် ၂-မျိုးရှိပေသည်။
မိမိထက် မြင့်မြတ်သူ၊ မိမိနှင့် တန်းတူဖြစ်သော ပုဂ္ဂိုလ်တို့အား ချီးမြှောက်လို၍ ပူဇော်လို၍ မေတ္တာဖြင့် ပေးကမ်းလှူဒါန်းခြင်းနှင့် မိမိအောက်နိမ့်ကျသည့် ဆင်းရဲနွမ်းပါးသူတို့အား သနား၍ ကရုဏာဖြင့် ပေးကမ်းလှူဒါန်းခြင်းဟူ၍ ၂-မျိုးရှိပေသည်။
ထို ၂-မျိုးတို့တွင် အကြင်သူသည် မည်သည့်ပေးကမ်းလှူဒါန်းခြင်းဖြင့်ဖြစ်စေ ပေးလှူ၏။ ထိုပေးကမ်းလှူဒါန်းသူကို ခံယူသူများက ချစ်ခင်ကြသည်မှာ ထင်ရှားလှပေသည်။ ထို့ကြောင့် ပေးကမ်းလှူဒါန်းခြင်း ဒါနသည် ချစ်ဆေးဖြစ်၏ဟု ဆိုရခြင်း ဖြစ်ပေသည်။

၂။ ၀န်တိုခြင်း မစ္ဆရိယသည် မုန်းဆေးဖြစ်သည်-ဟုဆိုရာ၌ အကြင်သူသည် ပူဇော်ထိုက်သူကိုပင် ဖြစ်စေ၊ ဆင်းရဲနွမ်းပါးသူကိုပင်ဖြစ်စေ ပေးသင့် ပေးထိုက် လှူသင့် လှူထိုက်သည့်အခွင့်များ ကြုံလာပါလျက် ပေးသင့်ပေးထိုက် လှူသင့်လှူထိုက်သည့် အချိန်သို့ ရောက်နေပါလျက် ၀န်တို၍ မပေးလှူဘဲ နေလေ၏။ ထိုသူကို မုန်းကြမည်သာ ဖြစ်ပေသည်။ ထို့ကြောင့် ၀န်တိုခြင်း မစ္ဆရိယသည် မုန်းဆေးဖြစ်၏-ဟု ဆိုရခြင်း ဖြစ်ပေသည်။

မုန်းဆေးဖြစ်သည့် ၀န်တိုခြင်းမစ္ဆရိယတို့သည် ၅-မျိုး ရှိပေသည်။
၁။ အာဝါသမစ္ဆရိယ-မိမိတို့၏ အိမ်ရာတိုက်တာ အရိပ်အာဝါသတို့၌ ၀န်တိုခြင်း။
၂။ ကုလမစ္ဆရိယ-မိမိတို့၏ မိသားစု အမျိုးအနွယ်တို့၌ ၀န်တိုခြင်း။
၃။ လာဘမစ္ဆရိယ-မိမိတို့ ရရှိလာသော လာဘ်လာပစ္စည်းဥစ္စာတို့၌ ၀န်တိုခြင်း။
၎။ ၀ဏ္ဏမစ္ဆရိယ-မိမိတို့၏ အဆင်း လှပတင့်တယ်ခြင်း၌ ၀န်တိုခြင်း။
၅။ ဓမ္မမစ္ဆရိယ-မိမိတို့ တတ်သိထားသည့် တရား၌ ၀န်တိုခြင်း။ ဟူ၍ ၅-မျိုး ရှိပေသည်။

ထို ၅-မျိုးတို့တွင် မိမိတို့၏ အိမ်ရာတိုက်တာ အရိပ်အာဝါသတို့၌ ၀န်တိုင်းခြင်းဟုဆိုရာတွင်=အကြင်သူသည် အကြောင်းအားလျော်စွာ မိမိတို့အိမ်ရာ တိုက်တာ အရိပ်အာဝါသတို့၌ တည်းခိုနေထိုင်သည်ကိုပင် အလွန်တွန့်တိုကာ ၀န်တိုနေ၏။ ထိုသူအား သူတပါးတို့က ချစ်ခင်ကြမည်ဟုတ်ပေ။ မုန်းကြမည်သာ ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့၏ အိမ်ရာတိုက်တာ အရိပ်အာဝါသတို့၌ ၀န်တိုခြင်းသည် မုန်းဆေးတခုပင် ဖြစ်၏-ဟု ဆိုရခြင်းဖြစ်ပေသည်။

မိမိတို့၏ မိသားစုအမျိုးအနွယ်တို့၌ ၀န်တိုခြင်းဟုဆိုရာတွင်=အကြင်သူသည် အကြောင်းအားလျော်စွာ သူတပါးတို့က မိမိတို့၏ မိသားစု အမျိုးအနွယ်နှင့် လာရောက်၍ ဆက်ဆံပြောဆိုနေထိုင်ကြသည်ကို အလွန်မကျေနပ်၍ ၀န်တိုနေတတ်၏။ ထိုသူအား သူတပါးတို့က ချစ်ကြမည်မဟုတ်ပေ။ ထို့ကြောင့် မိမိတို့၏ မိသားစု အမျိုးအနွယ်တို့၌ ၀န်တိုခြင်းသည်လည်း မုန်းဆေးတခုပင် ဖြစ်၏ဟု ဆိုရခြင်း ဖြစ်ပေသည်။

မိမိတို့ရရှိလာသော လာဘ်လာဘပစ္စည်းဥစ္စာတို့၌ ၀န်တိုခြင်းဟုဆိုရာတွင်=အကြင်သူသည် မိမိတို့ ရရှိလာသော လာဘ်လာဘပစ္စည်းဥစ္စာများကို သူတပါးတို့က ခေတ္တခဏ ကိုယ်တွယ်အသုံးပြုတာကိုပင် အလွန်မကျေနပ်၍ ၀န်တိုနေတတ်၏။ ထိုသူအား သူတပါးတို့က ချစ်ခင်ကြမည် မဟုတ်ပေ။ မုန်းကြမည်သာ ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ရရှိလာသော လာဘ်လာဘပစ္စည်းဥစ္စာတို့၌ ၀န်တိုခြင်းသည် မုန်းဆေးတခုပင် ဖြစ်၏ဟု ဆိုရခြင်း ဖြစ်ပေသည်။

မိမိတို့၏ အဆင်းလှပတင့်တယ်ခြင်း၌ ၀န်တိုခြင်းဟုဆိုရာတွင်=အကြင်သူသည် မိမိ၏ အဆင်းလှပတင့်တယ်ခြင်းကို သူတပါးတို့က လိုချင်တောင့်သောအားဖြင့် ကြည့်တာကိုပင် အလွန်မကျေနပ် ၀န်တိုနေတတ်၏။ ထိုသူကို သူတပါးတို့က ချစ်င်ကြမည်မဟုတ်ပေ။ မုန်းကြမည်သာ ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့၏ အဆင်း လှပတင့်တယ်ခြင်း၌ ၀န်တိုခြင်းသည် မုန်းဆေးတခုပင်ဖြစ်၏ဟု ဆိုရခြင်း ဖြစ်ပေသည်။

မိမိတို့ တတ်သိထားသည့် တရားတို့၌ ၀န်တိုခြင်းဟုဆိုရာတွင်=အကြင်သူသည် မိမိတတ်မြောက် သိရှိထားသော တရားဓမ္မများကို သူတပါးတို့အား မတတ်မြောက်စေချင်၊ မသိရှိစေချင်၍ တရား၌၀န်တိုနေ၏။ ထိုသူကို သူတပါးတို့က ချစ်ခင်ကြမည် မဟုတ်ပ။ မုန်းကြမည်သာ ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ တတ်သိထားသည့် တရား၌ ၀န်တိုခြင်းသည်လည်း မုန်းဆေးတခုပင် ဖြစ်၏ဟု ဆိုရခြင်းပင် ဖြစ်ပေသည်။

အကြင်အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ၀န်တိုခြင်း မစ္ဆရိယသည်ကား အကုသိုလ်တရားဖြစ်၍ မချစ်အပ်သော မုန်းဆေးဖြစ်၏ဟု သိကြရ၏။ ထို့ကြောင့် ထိုအမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ၀န်တိုခြင်း မစ္ဆရိယကို ရှောင်ကြဉ်ကြရပေသည်။
အကြင်အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ပေးကမ်းလှူဒါန်းခြင်း ဒါနသည်ကား ကုသိုလ်တရားဖြစ်၍ ချစ်အပ်သော ဆေးဖြစ်၏ဟု သိကြရ၏။ ထို့ကြောင့် ထိုအမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ပေးကမ်းလှူဒါန်းခြင်းဒါနကို ပြုကြရပေသည်ဟု ဆိုလိုရင်း ဖြစ်ပေသည်။

၃။ ပေးကမ်းလှူဒါန်းခြင်း ဒါနသည် အခြံအရံများစေသော ဆေးဖြစ်၏ဟုဆိုရာ၌=အကြင်သူတို့သည်မိမိတို့ပြုလုပ်အပ်သည့် အလုပ်ကိစ္စများကို လာရောက်၍ ကူညီလုပ်ကိုင် ဆောင်ရွက်ပေးသူတို့အား ပေးကမ်းလှူဒါန်းခြင်းများကို ပြုလေ့ရှိကြ၏။ ထိုသူတို့၌ ချစ်ခင်အပ်သော အခြံအရံပရိသတ်များ ပေါများနေတတ်၏။ ထို့ကြောင့် ပေးကမ်း လှူဒါန်းခြင်းဒါနသည် အခြံအရံများစေသော ဆေး ဖြစ်၏ဟု ဆိုရခြင်း ဖြစ်ပေသည်။

၎။ ၀န်တိုခြင်း မစ္ဆရိယသည် အခြံအရံ ကင်းမဲ့၍ အထီးကျန်စေသော ဆေး ဖြစ်၏။ဟုဆိုရာ၌=အကြင်သူတို့သည် မိမိတို့ လုပ်ကိုင်အပ်သော အလုပ်ကိစ္စများကို လာရောက်၍ ကူညီဆောင်ရွက်ပေးသူတို့အား ပေးကမ်းလှူဒါန်း စွန့်ကြဲခြင်း မရှိမူ၍ ၀န်တိုခြင်း သဘောရှိ၏။ ထိုသူတို့၌ အကြောင်းကိစ္စရှိလာသောအခါ ကူညီဆောင်ရွက်ပေးမည့် အခြံအရံများ မရှိဘဲ အထီးကျန်သူများ ဖြစ်နေတတ်ကြ၏။ ထို့ကြောင့် ၀န်တိုခြင်း မစ္ဆရိယသည် အခြံအရံကင်းမဲ့၍ အထီးကျန်စေသော ဆေးဖြစ်၏ဟု ဆိုရခြင်း ဖြစ်ပေသည်။

အကြင်အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ၀န်တိုခြင်း မစ္ဆရိယသည်ကား အကုသိုလ်တရားတို့ဖြစ်၍ အခြံအရံ ကင်းမဲ့ကာ အထီးကျန်စေသောဆေး ဖြစ်၏ဟု သိကြရ၏။ ထို့ကြောင့် ထိုအမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ၀န်တိုခြင်း မစ္ဆရိယကို ရှောင်ကြဉ်ကြရပေသည်။ အကြင်အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ပေးကမ်းလှူဒါန်းခြင်း ဒါနသည်ကား ကုသိုလ်တရားဖြစ်ခြင်း၏ အခြံအရံများစေသော ဆေးဖြစ်၏ဟု သိကြရ၏။ ထို့ကြောင့် ထိုအမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် ပေးကမ်းလှူဒါန်းခြင်း ဒါနကို ပြုကြရပေသည်ဟု ဆိုလိုရင်း ဖြစ်ပေသည်။

( သဒ္ဓမ္မရံသီရိပ်သာ ဆရာတော် )

No comments: