Sunday, September 6, 2009

အသက်ဉာဏ်စောင့် ( ၂ )

ကျန်းမာလိုသူ အသက်ရှည်လိုသူတိုင်း မိမိနှင့် သင့်သည့်အစာကို ရွေးချယ်စားရမယ် ဆိုသည့်အချက်ကို လေးလေးနက်နက် အရေးတယူ အလေးမူသင့်ကြပါသည်။ သတိထားသူ လူသားတိုင်း မိမိနှင့် မသင့်သော အစားအစာများကို ကောင်းစွာသိလေ့ရှိကြသည်။ သို့ရာတွင် ထိုမသင့်သည့် အစားအစာများ မိမိရှေ့မှောက်သို့ ရောက်လာသည့်အခါ ရှောင်နိုင်သူ အလွန်ရှားကြ၏။ အများအားဖြင့် ရသတဏှာ၏ အလိုသို့ လိုက်ပါသွားတတ်ကြ၏။ ရသတဏှာ လွှမ်းမိုးမှုကို ခံရသည့်အခါ လောဘော အတ္ထံ န ဇာနာတိ-ဆိုသည့် ဒေသနာတော်အတိုင်း ရှောင်ကြဉ်ရမည်ဆိုသည့် အသိဉာဏ်သည်လည်း ကွယ်ပျောက်သွားတော့၏။

သွေးတိုးရောဂါရှိသူများက သွေးကြောပိတ်စေနိုင်သော အဆီဓာတ်များစွာ ပါသည့် အုန်းနို့ခေါက်ဆွဲ၊ အုန်းထမင်း၊ ထောပတ်ထမင်း၊ ဒံပေါက်ထမင်းများနှင့် အငန်ဓာတ်ပါသည့် မုန့်ဟင်းခါး စသည်တို့ကို စားကြသကဲ့သို့ ဆီးချိုရောဂါ ရှိသူများကလည်း အချိုဓာတ်ပါသည့် အစားအစာများကို ရှောင်လေ့မရှိကြချေ။

ဘုရားရှင်ညွန်ကြားတော်မူခဲ့သည့် ဤအချက်ကို ထိထိရောက်ရောက် မလိုက်နာသဖြင့် အစားမတော် တလုပ်-ဆိုသည့်အတိုင်း အသက်မတိုသင့်ဘဲ တိုနေကြသူများကို မကြာခဏ တွေ့နေရပေသည်။ ဘောဇန၀သေန-အစားဘောဇဉ်၏ အစွမ်းဖြင့်။ အာယု-အသက်သည်။ ဟာယတိပိ-ဆုတ်ယုတ်လည်း ဆုတ်ယုတ်တတ်၊ တိုလည်းတိုတတ်၏-ဟူသော အဋ္ဌကထာ၏ မိန့်ဆိုချက်သည် အလွန်မှန်လှ၏။ ထို့ကြောင့် အသက်ရှည်လိုသူတိုင်း မိမိနှင့် မသင့်သည့် အစားအစာအပေါ်၌ ဖြစ်လာသည့် ရသတဏှာကို သတိသံဝရ ဉာဏသံဝရတို့ဖြင့် ထိန်းချုပ်၍ ဘုရားရှင်၏ ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာသင့်ပေသည်။

တတိယအချက်မှာ မိမိနှင့် သင့်သည့်အစားအစာများကို ရွေး၍ အချိန်မှန်မှန် စားရမည် ဆိုသော်လည်း ထိုက်သင့်သည့်အစာများတွင် ကြေလွယ်၊ ကျက်လွယ်သည့် အစားအစာမျိုးကို ရွေး၍ စားကြရမည် ဖြစ်သည်။ ကြေကျက်သည့် အစားအစာများကသာ အသွေးဓာတ်၊ အသားဓာတ် စသည်တို့ကို ဖြစ်စေနိုင်သဖြင့် ဆေးဖြစ်၏။ မကြေကျက်သည့် အစားအစာများသည် ပျို့အန်ခြင်း စသော ရောဂါကို ဖြစ်စေနိုင်သဖြင့် ဘေးဖြစ်၏။

ကြေကျက်ခဲသော အစာအချို့မှာ ၀က်သား၊ နို့စိမ်း၊ ကန်စွန်းဥ၊ ပြောင်းဖူး၊ ပိန္နဲသီး၊ စိမ်းစားဥ၊ ကုလားပဲ စသော ပင်ကိုသဘာဝ ကြေကျက်ခဲသောအစာများနှင့် ကိတ်မုန့်စသော အလွန်ချိုဆိမ့်သော မုန့်များ၊ ဆီကြော်မုန့်အမျိုးမျိုး၊ ဆီပြန်ဟင်း၊ ဒံပေါက်ထမင်း၊ ထောပတ်ထမင်း စသော ပြုပြင်ထားမှုကြောင့် ကြေကျက်ခဲသော အစားမျိုးတို့ဖြစ်၏။ ထိုကြေကျက်ခဲသည့် အစာမျိုးတို့ကို ၀မ်းမီးညံ့သူများနှင့် သက်ကြီးရွယ်အိုတို့ အထူး ရှောင်ရှားသင့်ကြသည်။

စတုတ္ထအချက်မှာ သင့်လျော်၍ ကြေကျက်လွယ်သည့် အစားအစာများကိုသာ စားရမည်ဆိုသော်လည်း မိမိ၏ ၀မ်းမီးအင်အားကိုကြည့်၍ အတိုင်းအတာနှင့် စားရမည်ဟု ဆိုလိုပေသည်။ မှန်၏။ ကြေကျက်လွယ်သည့် အစားအစာများပင် ဖြစ်စေကာမူ အတိုင်းအရှည်ထက် ပို၍စားပါက ၀မ်းမီးမချက်နိုင်သဖြင့် မကြေမကျက်သည့် အစာမျိုး ဖြစ်သွားတတ်၏။ ထိုစားနည်းကြောင့် တန်ဆေး-လွန်ဘေး-ဆိုသကဲ့သို့ အစားအစာများမှာ ဆေးမဖြစ်ဘဲ ဘေးဖြစ်သွားတတ်ပေသည်။ ထို့ကြောင့် ဆေးဖြစ်အောင် တန်ရုံ စားသောက်သင့်ကြပေသည်။

ဤသို့ ဆေးဖြစ်ရန် အတိုင်းအတာနှင့် စားရမည်ဟူသော လမ်းညွှန်ချက်မှာလည်း လွန်စွာအရေးကြီးပေသည်။ သို့ဖြစ်၍ ဘုရားရှင်သည် ဤအချက်ကို အသက်ရှည်ကြောင်း၌ ဟောကြားခဲ့သည် မဟုတ်။ နိဗ္ဗာန်ရောက်ကြောင်းအကျင့် (စရဏ) တရား ၁၅-ပါးတွင် ဘောဇနမတ္တညုတ-ဟု အကျင့်တပါးအဖြစ်ပင် ဟောကြားခဲ့ပါသည်။ ဤအချက်နှင့်ပတ်သက်၍ အရှင်သာရိပုတ္တရာ မထေရ်ကြီးကလည်း ထမင်းစားရာ၌ ထမင်းကို ဗိုက်ပြည့်အောင် မစားဘဲ ရေသောက်ရန်အတွက် ၄-၅ လုတ်စာချန်၍ စားရမည်-ဟု နည်းပေးခဲ့သည်ကို တွေ့ရ၏။

ထို့ကြောင့် ၀မ်းအပြင် အိတ်-မရှိဘူး-ဆိုသည့် အစားကြူးသမားတို့၏ လက်သုံးစကားကို မလိုက်နာဘဲ အစာစားတိုင်း အတိုင်းအတာနှင့် နည်းနည်းစားသောအားဖြင့် ဘုရားရှင်၏ လမ်းညွှန်ချက်ကို ကျန်းမာ သက်ရှည်လိုသူတိုင်း လိုက်နာသင့်ကြ၏။

အချို့ ကျန်းမာ သက်ရှည်ရေး ဉာဏ်မျက်စိရှိသူများသည် ဘုရားဟောသည့်အတိုင်း အစာစားတိုင်း အတိုင်းအတာထား၍ စားကြသည် မဟုတ်သေး။ တပတ်လျှင် တကြိမ် ညစာကို လုံးဝမစားဘဲသော်လည်းကောင်း၊ ကြေကျက်လွယ်သည့် စွပ်ပြုတ်ရည် စသည့်အရည်တို့ကို သောက်၍သော်လည်းကောင်း၊ အစာအိမ်ကို အနားပေးလေ့ရှိကြသည်။ ဤနည်းမှာလည်း အစားအစာနှင့် ပတ်သက်၍ ကျန်းမာ သက်ရှည်ရေးအတွက် လိုက်နာဖွယ်ကောင်းသောနည်း ဖြစ်ပါသည်။

အားလုံးခြုံ၍ဆိုရလျှင် ကျန်းမာ သက်ရှည်လိုသူများသည် အစာကို အချိန်မှန်မှန် စားရခြင်း၊ မိမိနှင့် သင့်သည်ကိုသာ စားရခြင်း၊ ကြေကျက်လွယ်သည့်အစာကို စားရခြင်း၊ အတိုင်းအတာနှင့် စားရခြင်း ဆိုသည့် ဘုရားဟော အစာစားနည်းတို့ကို လိုက်နာကြရမည်။ လိုက်နာခဲ့လျှင် ဘောဇန၀သေန-အစာဘောဇဉ်၏အစွမ်းဖြင့်။ အာယု-အသက်သည်။ ၀ဍ္ဎတိပိ-တိုးလည်း တိုး၏။ ၀ါ-ရှည်လည်း ရှည်၏-ဆိုသည့် အဋ္ဌကထာမိန့်ဆိုချက်အတိုင်း အသက်ရှည်မည် ဖြစ်ပါသည်။

( ဥတုဖြင့် ပြုပြင်နည်း )
သတ္တ၀ါတို့၏ခန္ဓာကိုယ်သည် အကြောင်းတရားလေးပါးတို့ဖြင့် ပြုပြင်ရသည့် သင်္ခါရတရားများဖြစ်၍ ကျန်းမာ သက်ရှည်ရန် အစာအာဟာရဖြင့် ပြုပြင်ရုံနှင့် မလုံလောက်သေး။ ဥတုဖြင့် ပြုပြင်ရန်လည်း လိုအပ်ပါသည်။ ဥတုဆိုသည်မှာ ပူမှု အေးမှု သဘောရှိသော တေဇောဓာတ်ဖြစ်၍ အပူ အအေး မညီမမျှ ဖြစ်ခြင်းသည် ဥတုဖောက်ပြန်ခြင်းပင် ဖြစ်၏။ ထိုဖောက်ပြန်ခြင်းသည်-
၁။ ပြင်ပ ဗဟိဒ္ဓဥတု ဖောက်ပြန်ခြင်း-နှင့်
၂။ ကိုယ်တွင်း အဇ္ဈတ္တဥတု ဖောက်ပြန်ခြင်း-ဟု နှစ်မျိုးရှိသည်။ ထိုတွင် ဥတုအလိုက် ပူချိန်၌ မပူ၊ မိုးရွာချိန်၌ မရွာ၊ အေးသင့်ချိန်၌ မအေးဘဲ နေခြင်းသည်လည်းကောင်း၊ ဆောင်းမှနွေ၊ နွေမှမိုး၊ မိုးမှဆောင်းသို့ ဥတုကူးပြောင်းစ အချိန်သည်လည်းကောင်း၊ မိမိနေထိုင်ရာဒေသနှင့် ရာသီဥတု မတူသည့်ဒေသသို့ သွားရောက်ချန်သည်လည်းကောင်း ပြင်ပဥတု ဖောက်ပြန်သည့်အချိန်များ ဖြစ်သည်။

ထိုပြင်ပဥတု ဖောက်ပြန်ချိန်များတွင် မိမိကျန်းမာရေးအတွက် အထူးသတိထားရ၏။ ပြင်ပဥတုနှင့် ကိုယ်တွင်းဥတုတို့ လိုက်လျောညီထွေ မျှတမှု ရှိနေလျှင် ကျန်းမာ၍ မညီမျှလျှင် မကျန်းမမာ ဖြစ်တတ်၏။ ကိုယ်တွင်း အဇ္ဈတ္တဥတုကား ခန္ဓာကိုယ်၌ ရှိသော ဥသ္မာတေဇောခေါ် ကိုယ်ငွေ့ဓာတ်ဖြစ်သည်။ သဘာဝအားဖြင့် ဖောက်ပြန်လာသည့် ပြင်ပဥတုကို မဖောက်ပြန်အောင် မတတ်နိုင်သဖြင့် ကိုယ်တွင်းဥတုကိုသာ ပြင်ပဥတုနှင့် လိုက်လျောညီထွေရှိအောင် ဉာဏ်ဖြင့် ပြုပြင်ပြောင်းလဲပေးရမည်။

ကိုယ်တွင်းဥတုကို ဆေးဝါးဓာတ်စာများဖြင့် ဖြစ်စေ အ၀တ်ဝတ်ခြင်းဖြင့်ဖြစ်စေ သွားလာနေထိုင် လှုပ်ရှားရသော ဣရိယာပုသ်ဖြင့်ဖြစ်စေ ပြုပြင်ပေးရမည်။ အေးသောမိုးရာသီ၊ ဆောင်းရာဦတို့၌ အပူအစပ်များကို များစွာစားခြင်း၊ မီးအပူခံခြင်း၊ ပူအိုက်သော နွေရာသီ၌ အေးသော အစားအသောက်များကို အလွန်စားသောက်ခြင်း၊ ရေချိုးခြင်း၊ လေတိုက်ခံခြင်းတို့သည် ပြင်ပဥတုကို တော်လှန်သော စားသောက်နေထိုင်ခြင်းမျိုးဖြစ်၏။ ဥတုကို တော်လှန်လျှင် ဥတု၏ဒဏ်ခတ်ခြင်းကို ဧကန်ခံရမည်။

ဆောင်းရာသီ၊ မိုးရာသီတို့၏ အအေးဒဏ်၊ အလေးဒဏ်ကို အပူအစပ် လွန်လွန်ကဲကဲစားခြင်း၊ အပူခံခြင်းတို့ဖြင့် မကာကွယ်ရ၊။ အနွေးထည်များ ၀တ်ခြင်း၊ နေ့အခါ မအိပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ချွေးထွက်အောင် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်း၊ ပွင့်ကန်သော အစားအစာများ စားသောက်ခြင်းတို့ဖြင့် အေးမှု၊ လေးမှုတို့ကို ကာကွယ်ပေးရမည်။ နွေရာဦ၏ အပူဒဏ်ကို အအေးစာများ စားသောက်ခြင်း၊ ပန်ကာလေခံခြင်း၊ အခါမဟုတ် ရေချိုးခြင်း၊ အ၀တ်ချွတ်နေခြင်းတို့ဖြင့် မခုခံရ။ သစ်ပင်ရိပ်စသော အရိပ်၌ နေထိုင်ခြင်း၊ လေညင်းခံခြင်း၊ အနားယူခြင်း၊ ပင်ပန်းမှုကို လျှော့ပေါ့စေခြင်း စသည်တို့ဖြင့်သာ ကာကွယ်ရမည်။

အပူမှ အအေး၊ အအေးမှ အပူသို့ ပြောင်းလဲရာ၌ ရုတ်တရက် ချက်ချင်း မပြောင်းလဲမိရန် သတိရှိဖို့ လို၏။ အပြောင်းအလဲမြန်လျှင် အပူနှင့်အအေး ပဋိပက္ခဖြစ်ပြီး မကျန်းမမာ ဖြစ်လာတတ်၏။ သက်မဲ့ရုပ်ဝတ္ထုများဖြစ်သည့် ဖန်ခွက်၊ ဓာတ်ဘူး စသည်တို့ပင်လျှင် အပူထည့်ထားပြီးမှ ချက်ချင်း အအေးပြောင်းထည့်လျှင် ရုတ်တရက် ကွဲသွားတတ်သည့် သဘောကို သတိပြုစရာကောင်း၏။ ထို့ကြောင့် နေပူထဲမှ ပြန်လာလျှင် လာခြင်း ရေချိုးခြင်း၊ ပန်ကာလေခံခြင်း၊ အ၀တ်ချွတ်နေခြင်း စသည်တို့ကို ပြုလုပ်သူတို့ ဘေးရောဂါဖြစ်တတ်သည်မှာ မဆန်းသော သဘာဝတရားပင်ဖြစ်၏။

ကြာရှည်လေးမြင့်စွာ ထိုင်ခြင်း၊ အိပ်ခြင်းတို့ကြောင့် ဖြစ်လာသော ခန္ဓာကိုယ် လေးလံခြင်း၊ ညောင်းညာကိုက်ခဲခြင်းတို့မှာ သီတဥတုဖြစ်၏။ မအိပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ လှုပ်ရှားခြင်းတို့ကြောင့် ဖြစ်လာသော ခန္ဓာကိုယ် ပေါ့ပါးခြင်း၊ ချွေးထွက်ခြင်းတို့ကား ဥဏှဥတု ဖြစ်၏။
ထိုဣရိယာပုထ်ကြောင့် ဖြစ်ပေါ်လာသော ကိုယ်တွင်းဥတုနှစ်မျိုးတို့ကို မျှမျှတတ ဖြစ်စေရန် ဣရိယာပုထ် ပြောင်းလဲပေးခြင်းဖြင့် ကာကွယ်ပြုပြင်ရမည်။

ဤဥတု ပြုပြင်နည်း၌ အပတ်အဖွဲ့များခြင်း၊ အအေးမိခြင်း စသည်ဖြင့် သီတဥတု လွန်လွန်ကဲကဲ မဖြစ်ဖို့ရန် ဉာဏ်၊ သတိ တို့ဖြင့် ခန္ဓာကိုယ်ကို စောင့်ရှောက်သင့်ကြ၏။ အထူးသဖြင့် ဥတုတိုင်း၌ ရေချိုး မမှားဖို့ အထူးသတိထားသင့်ကြသကဲ့သို့ နွေရာသီ ပူအိုက်ချိန်၌ တညလုံး ပြတင်းပေါက်များ ဖွင့်အိပ်ခြင်းတို့ကို ရှောင်ကြဉ်သင့်ပေသည်။

ဤဥတုပြုပြင်နည်းများသည် ကျန်းမာ သက်ရှည်ရေး၌ အရေးပါလှပေသည်။ ထို့ကြောင့် မူလပဏ္ဏာသဋီကာ မဟာဟတ္ထိပဒေါပမသုတ်၌-
ကျန်းမာသက်ရှည်ရေးတွင် လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုသ်လေးပါးသည် အရေးပါလှ၏။ ဣရိယာပုထ်မျှတအောင် နေနိုင်မှသာ ကျန်းမာသက်ရှည်နိုင်၏။ တပါးပါးလွန်ကဲသွားလျှင် မကျန်းမမာဖြစ်၍ အသက်တိုတတ်၏။ ထို့အတူ အအေး၊ အပူ ဆိုသည့် ရာသီဥတုသည်လည်း ကျန်းမာသက်ရှည်မှုတွင် အရေးကြီး၏။ ရာသီဥတုအလိုက် ထိုက်သင့်သလို နေတတ်မှသာ ကျန်းမာ သက်ရှည်ျနိုင်၏။ ထိုသို့ မနေတတ်လျှင် ရာဦဥတုဒဏ်ခံရ၍ ရောဂါရပြီး အသက်တိုတတ်၏-ဟု မိန့်ဆိုထား၏။

သို့ဖြစ်၍ ကျန်းမာ သက်ရှည်လိုသူများသည် ခန္ဓာကိုယ်ကို ဥတုဖြင့် ပြုပြင်ပုံ ပြုပြင်နည်းများကို လိုက်နာသင့်ကြ၏။ လိုက်နာပြုလုပ်ခဲ့လျှင် ဥတုဝသေန-ဥတု၏ အစွမ်းအားဖြင့်။ အာယု-အသက်သည်။ ၀ဍ္ဎတိပိ-တိုးလည်းတိုး၏။ ရှည်လည်းရှည်၏။ ဆိုသည့်အဋ္ဌကထာမိန့်ဆိုချက်အတိုင်း အသက်ရှည်မည် ဖြစ်ပါသည်။

( ကံ စိတ် တို့ဖြင့် ပြုပြင်နည်း )
သတ္တ၀ါတိုင်း၌ အသက်ရှည်ခြင်း၊ တိုခြင်း အပိုင်းအခြားကို ဖြစ်စေနိုင်သော ဇနကကံများပါရှိမြဲဖြစ်၏။ မိမိတို့ခန္ဓာကိုယ်ကို ဉာဏ်ဖြင့် မပြုပြင်တတ်မှုကြောင့် မူလဇနကကံအတိုင်း နေရသူ အလွန်ရှား၏။ ထိုဇနကကံရှိသည်ထက် ပို၍အသက်ရှည်အောင် မပြုပြင်နိုင်သော်လည်း ထိုကံအတိုင်း နေရအောင်ကား ဥတု အာဟာရတို့ဖြင့် ပြုပြင်နိုင်သကဲ့သို့ ကံ စိတ် တို့ဖြင့်လည်း ပြုပြင်နိုင်၏။ ကံဆိုသည်မှာ ဇနကကံကို ထောက်ပံ့ကူညီပေးသည့် ဥပထမ္ဘက ကုသိုလ်ကံဖြစ်၏။ ဘုရားအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း၊ ဆေးပစ္စည်း လှူဒါန်းခြင်း၊ သေအံ့ဆဲဆဲ သတ္တ၀ါတို့အား ဘေးမဲ့ပေးခြင်း၊ သစ်ပင်စိုက် ကျောင်းဆောက်သောအားဖြင့် အရိပ်အာဝါသကို လှူခြင်း၊ ရေစစ်လှူခြင်း၊ ကျောင်းပျက်၊ ဇရပ်ပျက်တို့ကို ပြုပြင်ခြင်း၊ ရေချမ်းအိုးစင် တည်ခြင်း၊ ရေတွင်းရေကန် တူးခြင်းစသည်တို့မှာ ကုသိုလ်ထမ္ဘက ကံများ ဖြစ်ကြသည်။
ဤကံများဖြင့် အသက်ရှည်အောင် ပြုပြင်နိုင်ပေသည်။

စိတ်ဖြင့်ပြုပြင်ရာ၌ စိတ်ထောင်း ကိုယ်ကြေ-စိတ်ပျို ကိုယ်နု-ဆိုသည့် စကားအတိုင်း အရာရာ၌ စိတ်ချမ်းသာအောင် ပြုပြင်နေထိုင်ကြရမည်။ လောဘကြီးလျှင် အသက်တိုသကဲ့သို့ ဒေါသကြီးလျှင်လည်း အသက်တို၊ အရွယ်အို၏-ဟု ကျမ်းဂန်များ၌ ဆိုထားသဖြင့် လောဘနှင့်ဒေါသတို့ကို စွမ်းနိုင်သမျှ ပြုပြင်ထိန်းသိမ်းနိုင်လျှင် အသက်ရှည်နိုင်ပါသည်။ အမှန်စင်စစ် စိတ်နှင့် ပတ်သက်ရာ၌ အတိတ်ကိုလည်း ပြန်မတွေး၊ အနာဂတ်အရေးကိုလည်း မတောင့်တ၊ ပစ္စက္ခ အခြေအနေမျှဖြင့် ရောင့်ရဲခြင်းသည် ကျန်းမာ သက်ရှည်ရေးအတွက် ဆေးတခွက် ဖြစ်ကြောင်း-ဘုရားဟောကြားထားပေသည်။

အားလုံးခြုံ၍ ဆိုရသော် ရုပ်သက် နာမ်သက် နှစ်မျိုးရှိသော ခန္ဓာကိုယ်ကို ဘုရားဟောအတိုင်း ကံ စိတ် ဥတု အာဟာရ တို့ဖြင့် ထိုက်သင့်သလို ပြုပြင်နေထိုင်ပါက အသက်ရှည်ရှည် နေနိုင်ကြောင်း ထင်ရှားပါသည်။ သို့ဖြစ်၍ ကျန်းမာ သက်ရှည်လိုသူတိုင်း မိမိတို့ ခန္ဓာကိုယ်ကို ဉာဏ်ဖြင့်ပြုပြင်နိုင်ဖို့ရန် အသက်ဉာဏ်စောင့်-ဟူသော ရှေးမြန်မာ ပညာရှင်ကြီးများ၏ လမ်းညွှန်ချက်ဖြင့် တင်ပြလိုက်ပါသည်။

( ဓမ္မာစရိယ-ဦးအေးနိုင်၊ ဘီအေ )

No comments: