Saturday, September 5, 2009

ယုံစား ပုံမှားကြပါလျှင်

ရှေးသရောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်၌ ဘုရားလောင်းသည် တောတွင်းဝယ် ကြွက်မင်းမျိုး၌ ဖြစ်၏။ ခန္ဓာကိုယ်ပမာဏမှာ ၀က်ငယ်ပမာဏ ရှိ၏။ အခြွေအရံကြွက်များမှာ ရာပေါင်းများစွာ ရှိလေသည်။
တနေ့သ၌ မြေခွေးတကောင်သည် အစာရှာစဉ် ဘုရားလောင်းကြွက်နှင့် ကြွက်အပေါင်းကို တွေ့မြင်သွား၏။ ထို့နောက် ကြွက်အပေါင်းကို လှည့်စား၍ ငါစားအံ့-ဟူသောအကြံဖြင့် ကြွက်တို့၏ အနီး၌ နေမင်းသို့မျက်နှာမူကာ ပါးစပ်ကိုဟလျက် ခြေတချောင်းဖြင့်သာ ရပ်နေ၏။

ဘုရားလောင်းကြွက်မင်းသည် မြေခွေးကိုမြင်လျှင် ဤမြေခွေးသည် သီလရှိရာ၏-ဟုကြံ၍ မြေခွေးကို မေးသည်။
အရှင်မြေခွေး၊ အရှင်၏ နာမည်ကား အသို့ပါနည်း။
အို-ကြွက်မင်း ငါ၏နာမည်ကား ဓမ္မိက (တရားကျင့်သူ) မည်၏။
အရှင်သည် အဘယ်ကြောင့် ခြေတချောင်းဖြင့်သာ မြေ၌ ရပ်သနည်း။
ငါ၏ ခြေအားလုံးတို့ကို မြေ၌ထားလျှင် ဤမဟာပထ၀ီမြေကြီးက ဆောင်ထားခြင်းငှါ မစွမ်းနိုင်။ ထို့ကြောင့် ခြေတချောင်းဖြင့်သာ မြေ၌ ရပ်၏။
ပါးစပ်ကို အဘယ့်ကြောင့် ဖွင့်ဟထားသနည်း။
ငါက အခြားအစာကို မစားဘဲ လေကို စား၏ ထို့ကြောင့် ပါးစပ်ကို ဖွင့်ဟထား၏။
အဘယ့်ကြောင့် နေမင်းသို့ မျက်နှာမူ၍ ရပ်နေသနည်း။
ငါသည် နေမင်းကို ရှိခိုး၏။ ထို့ကြောင့် နေမင်းသို့ မျက်နှာမူ၍ ရပ်၏။

မြေခွေး၏စကားကိုကြားလျှင် ဘုရားလောင်းသည် မြေခွေးအပေါ်၌ ကြည်ညိုသွား၏။ လေးစားသွား၏။ ထို့နောက် ဘုရားလောင်းသည် အခြွေအရံနှင့်တကွ မြေခွေးထံ နံနက်တကြိမ်၊ ညတကြိမ် ဆည်းကပ်သည်။ မြေခွေးလည်း ကြွက်အပေါင်းတို့ ဆည်းကပ်၍ ပြန်သွားလျှင် နောက်ဆုံးကြွက်ကို ကိုက်သတ်ကာ စား၏။ ကြွက်အပေါင်းလည်း အစ၌ သတိမထားမိသော်လည်း ရက်ပေါင်းအတော်ကြာသော် ကြွက်များ လျော့နည်းခြင်းကို သတိထားမိလာသည်။

ဘုရားလောင်းကြွက်မင်းသည် ကြွက်အပေါင်း လျော့နည်းရခြင်း၏အကြောင်းကို စဉ်းစားလတ်သော် မြေခွေးအပေါ်၌ သံသယဖြစ်ကာ နောက်တနေ့ မြေခွေးကို ဆည်းကပ်၍ပြန်ရာ၌ အခြားကြွက်တို့၏ နောက်ဆုံးမှ ပြန်လာ၏။ မြေခွေးလည်း ထုံးစံအတိုင်း နောက်ဆုံးကြွက်ကို ဖမ်းစားရန် ပြေးလာ၏။ ဘုရားလောင်းကြွက်မင်းသည် မြေခွေးပြေးလာသည်ကို မြင်လျှင်- ဟယ် မြေခွေး၊ သင်၏အကျင့်သည် တရားသဘောအားဖြင့် မဟုတ်၊ စင်စစ်ကား သူတပါးတို့ကို ညှဉ်းဆဲခြင်းငှါ တရားကို တံခွန်ပြု၍ ကျင့်၏-ဟုပြော၍ မြေခွေး၏ မေးအောက်ရှိ ရေမျိုကို ကိုက်ဖောက်လေ၏။ မြေခွေးလည်း ထိုနေရာ၌ပင် သေဆုံးသွား၏။ ထိုအခါမှစ၍ ကြွက်အပေါင်းတို့သည် အန္တရာယ်ကင်းရှင်းစွာ သွားလာနေထိုင်ကြရလေ၏။

ဘုရားရှင်သည် ဤဗိဠာရ၀တဇာတ်ကို သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် (မြေခွေးဖြစ်ခဲ့ဖူးသော) ကုဟက ရဟန်းကို (လူအပေါင်းကို အံ့သြဘနန်း ဖြစ်အောင်၊ အထင်ကြီးအောင် ကျင့်ဆောင်သောရဟန်းကို) အကြောင်းပြု၍ ဟောတော်မူ၏။
ကျမ်းကိုး။ ။ ဧကကနိပါတ်။

( အရှင်နာယကာလင်္ကာရ-စည်ရှင် )

( မြတ်မင်္ဂလာ ၂၀၀၁-မတ်လ )

No comments: