Wednesday, September 2, 2009

အသက်ရှည်လိုလျှင်

လူတိုင်း ကျန်းမာပြီး အသက်ရှည်လိုကြသည်။ ထို့ကြောင့် နေ့စဉ် စားသောက်ခြင်းပြုကြသည်။ အစာအာဟာရအကြောင်း အခြေခံသဘော သိထားပြီး စားသောက်ကြလျှင် အကျိုးသက်ရောက်ပါမည်။ သာမန်အားဖြင့် ဆာလောင်မှုနှင့် ရသတဏှာကို အလေးပေးပြီး စားသောက်ကြလျှင် ငွေကုန်ပင်ပန်းပြီး မိမိလိုအပ်ချက် ကျန်းမာရေးပန်းတိုင်သို့ မရောက်နိုင်ပါ။

စားသောက်ရခြင်း၏ အကြောင်းရင်းကို အခြေခံသိထားသင့်ပါသည်။ အသား (ပရိုတင်းဓာတ်) စားသောက်ရခြင်း၏ လိုအပ်ချက်ကို တင်ပြလိုပါသည်။

ခန္ဓာကိုယ် တကိုယ်လုံးမှာ
(၁) ရေ ၆၅% ၆၇%
(၂) ပရိုတင်း အသားဓာတ် ၁၇%၊ အဆီဓာတ် ၁၄%၊ ကစီဓာတ် ၁.၅%
(၃) ထုံးဓာတ်နှင့် မီးစုံးဓာတ် ၀.၅%
(၄) ဓာတ်သတ္ထု အမျိုးမျိုး အနည်းငယ်တို့ ပါဝင်ပါသည်။
ကျွန်တော်တို့ နေ့စဉ်အတွေ့အကြုံအရ ဆန်ထမင်း (ကစီဓာတ်)ကို နေ့စဉ် ခန္ဓာကိုယ်တွင်းသို့ ၁-ပန်းကန်၊ ၂-ပန်းကန်၊ ၃-ပန်းကန် စသည်ဖြင့် စားသောက်သုံးဆောင်လေ့ ရှိပါသည်။ သို့သော် အထက်ဖော်ပြချက်အရ ခန္ဓာအလေးချိန်တွင် ကစီဓာတ် ၁.၅% သာရှိသည်ကို တွေ့ရသည်။

စားသောက်သည့် ဆန်ထမင်းသည် အူသိမ်အတွင်း ဂလူးကို့စ် ဖြန့်ဖြူးပါသည်။ တစက္ကန့်တွင် ၅၈၀၀-ဖြစ်ပျက်နေသည့် ခန္ဓာကိုယ် ပြုပြင်မှု (သင်္ခါရ) တရားက လိုအပ်သော အင်အားကို ဤဂရူးကို့စ်က ထုတ်ပေးပါသည်။ စားရာတွင် များသည်ကို မြင်ရသော်လည်း ပိုနေသော ဂလူကို့စ်ကို အသားကလာပ်စုများသို့ Glycogen (စုဆောင်းဂလူးကို့စ်) အဖြစ် ပြုပြင်ကာ စုဆောင်းပါသည်။ ထမင်းစားချိန်မရောက်မီ လိုအပ်သော အင်အားကို ဤဂလိုက်ကိုဂျင်က သုံးစွဲပါသည်။ ပိုလျှံသော ဂလူးကို့စ်ကို ခန္ဓာရှိအဆီဌာနတွင် စုဆောင်းလိုက်ပါသည်။ ထမင်းများများစားသူများ ဆူဝလာသည့်အကြောင်းရင်း တခုပါ။

ဤဆောင်းပါး၏လိုရင်း ပရိုတင်းဓာတ်အကြောင်း ဖော်ပြပါရစေ။
ဤခန္ဓာ၏ ၃၂-ကောဋ္ဌာသတို့သည် ကလာပ်စည်း (ဆဲလ်) ပေါင်း ကုဋေကုဋာတို့ စုပေါင်းပြီး ပြုပြင်ထားပါသည်။ ထို(ဆဲလ်)ကလာပ်စည်း တခုစီတွင် ပရိုတင်း၊ အဆီ၊ ကစီဓာတ်တို့ လိုအပ်သလို အချိုးကျ ရေထဲတွင် ပေါင်းစည်း ဖွဲ့စည်းထားပါသည်။

ခန္ဓာအတွက် လိုအပ်သည့် ပရိုတင်း အသားဓာတ်ကို အခြေခံအားဖြင့် တိရစ္ဆာန်အသားများနှင့် ပဲအမျိုးမျိုးတို့မှ ရရှိပါသည်။ အမဲသား၊ ၀က်သား၊ ကြက်သား၊ ဆိတ်သား၊ ဥနှင့်၊ နို့တို့ကို စားသောက်မှီဝဲသူများနှင့် ပဲအမျိုးမျိုးတို့ကို စားသောက်မှီဝဲသူများ ဟူ၍ အုပ်စုနှစ်ခု ရှိပါသည်။

လူတိုင်း ခံတွင်းတွေ့နေသည့် အမဲသား၊ ၀က်သား၊ ကြက်သားတို့တွင် ပရိုတင်းဓာတ် ၁၇% ၁၈% ပါရှိပါသည်။
ဆိတ်သားမှာ-၁၃%သာ ရှိပါသည်။
ပဲအမျိုးမျိုးမှာလည်း အသားနည်းတူ ပရိုတင်းဓာတ် ပါရှိသည်။ ထူးခြားချက်မှာ ပဲပုပ်ပဲတွင် အမဲသားထက် ပရိုတင်း နှစ်ဆပါရှိပြီး ခန္ဓာရှိ ကလာပ်စု(ဆဲလ်)များ လိုအပ်သည့် ပရိုတင်းဓာတ် လုံလောက်စွာ ပါရှိသည်။ ပဲပုပ်ပဲမှာ ပရိုတင်း ၃၉% ပါရှိပါသည်။

အနောက်ဥရောပနိုင်ငံ အမေရိကပြည်ထောင်စု ဂျပန်တို့မှ ဆေးသုတေသီများ ခံယူချက်မှာ တိရစ္ဆာန်များ၏ အသားကို မှီဝဲစားသောက်နေမှ ခန္ဓာ ထွားကျိုင်းကျန်းမာသည်ဟု ခံယူလေ့ရှိသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက်ပိုင်းတွင် တိရစ္ဆာန်အသားများ စားသောက်သောသူများနှင့် ပဲစေ့အမျိုးမျိုးနှင့် နို့မှီဝဲသော လူများစု၏ ကျန်းမာ သက်ရှည်မှုတို့ကို လေ့လာကြပါသည်။

တိရစ္ဆာန်အသားမှ အသားပရိုတင်းဓာတ်ကို မှီဝဲသောသူများတွင် သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ ဒူးဆစ်၊ လက်ဆစ်ရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်နှင့် အူမကြီးကင်ဆာ ရောဂါတို့ ဖြစ်တတ်ကြပြီး သက်တမ်းတိုကြသည်ကို တွေ့ရပါသည်။

သစ်သီးသစ်ရွက်နှင့် ပဲစေ့အမျိုးမျိုး၊ နို့စသည်တို့ကို မှီဝဲသောသူများတွင် အထက်ဖော်ပြပါ ရောဂါများ ကင်းရှင်းပြီး အသက်ရှည်ကြောင်း တွေ့ရပါသည်။ နှလုံးသွေးကြောပိတ်ရခြင်း အကြောင်းနှင့် အသားများစွာ စားသောက်သောသူများတွင် ကိုလက်စထရော ( Cholesterol )အဆီဓာတ် သွေးထဲတွင် များနေသည်ကို တွေ့ရသည်။ ဤအဆီဓာတ်ကို နှလုံး၊ သွေးတိုးရောဂါ တရားခံအဖြစ် သတ်မှတ်ကြသည်။

ပဲများအနက် ပဲပုပ်ပဲ သုံးစွဲသောသူများ၏ သွေးထဲတွင် ကိုလက်စထရော နည်းပါးပြီး နှလုံးရောဂါဖြစ်မှု နည်းပါးကြောင်း တွေ့ရပါသည်။
အထက်ဖော်ပြချက်အရ နှလုံးရောဂါ၊ သွေးတိုးရောဂါ ကာကွယ်သည့်အနေဖြင့် အသားများအစား ပဲပုပ်ပဲကို ပရိုတင်းအာဟာရအဖြစ် မှီဝဲသုံးဆောင်သင့်ကြောင်း တင်ပြလိုပါသည်။

ပဲအမျိုးမျိုးကို သုံးဆောင်ရာတွင် လွယ်ကူစေရန် ချက်ပြုတ်နည်းကို တင်ပြပါမည်။
(လွယ်ကူသလိုနဲ့ အခက်အခဲတွေ့မှာ စိုးပါသည်)။
သုံးဆောင်မည့်ပဲ (လက်ရွေးစင်) ဥပမာ-နို့ဆီဘူးဝက်ကို စားဆိုဒါ လက်ဖက်ရည်ဇွန်း တဇွန်း ( အထူးပြည့်လျှံရန် မလိုပါ) ထည့်ပြီး ရေနှင့် ၁၀-နာရီ ၁၂-နာရီ ခန့် စိမ်ထားပါ။
ပြုတ်မည့်အခါ ရေဖြင့် ၂-ထပ်၊ ၃-ထပ် ဆေးပါ။ ပဲစေ့မျက်နှာပြင်နှင့်အညီ ရေထည့်ပြီး ပြုတ်ပါ။
၁၅-မိနစ် ၂၀-မိနစ် အတွင်း ကောင်းစွာနူးပြီး ချိုဆိမ့်အရသာ တွေ့ရပါမည်။ အထူးသဖြင့် ပဲပုပ်ပဲကို ဤနည်းဖြင့် ပြုပြင်ရန်လိုပါသည်။ ပြုတ်ပြီး မိမိကြိုက်သလို ချက်စားပါ။ အရသာလည်းရှိ၍ အာဟာရဓာတ်လည်း ပြည့်ဝစွာ ရရှိပါသည်။

( အညတြ ဆရာဝန် )

No comments: