Friday, September 4, 2009

မြတ်စွာဘုရား ၀ါဆိုစဉ်

၁။ ပဉ္စ၀ဂ္ဂီ အစရှိကုန်သော ခြောက်ကျိပ်ကုန်သော သူတို့အား၎င်း၊ ထိုသူတို့၏ မိဘဆွေညာ ဒါယကာတို့အား၎င်း၊ တရားအမြိုက် တိုက်ကျွေးတော်မူ၍ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ နန္ဒိယမည်သော ဥပါသကာသည် ဆောက်လုပ်သော ကျောင်း၌ ပဌမ၀ါ ဆိုတော်မူသည်။

( ခြောက်ကျိပ်ကား-ပဉ္စ၀ဂ္ဂီ ၅-ဦး၊ ရှင်ယသ၊ ရှင်ယသ၏ အဆွေသူဌေးသား ပုဏ္ဏားလေးယောက်၊ သူဌေးသား ငါးကျိပ်။)


၂-၃-၄ ။ တနေ့သ၌ ဘုရားသခင်သည် နန်းတော်တွင် ဆွမ်းဘုဉ်းပေး၍ အပြီးတွင် ဘခင်မင်းကြီးက-အရှင်ဘုရား ဒုက္ကရစရိယာ ကျင့်စဉ်က မထင်ရှားသော နတ်သားတယောက်သည် လာ၍ ရှင်မင်းကြီးသား ဘုရားမဖြစ်နိုင်ပြီ။ စင်္ကြံဦးတွင် ကမ္မဋ္ဌာန်းစီးဖြန်းစဉ် လည်း၍ အသည်းကွဲသဖြင့် သေရှာပြီ-ဟု သုံးကြိမ် လေးကြိမ် ပြောဆိုလာသည်။ ထိုစကားကို အကျွန်ုပ်မယုံပါ။ ငါ၏သားသည် ဘုရားမဖြစ်ဘဲကို မသေနိုင်ရာဟု ဆိုလိုက်ပါသည်။ ဆိုသည့်အတိုင်းပင် ယခု မှန်ပေသည်။ ထိုအကြောင်းကို အောက်မေ့၍ အလွန်ဝမ်းမြောက်ပါသည်-ဟု နားတော်လျှောက်၏။ ဘုရားသခင်လည်း- ခမည်းတော်မင်းကြီး ယခုဘ၀၌ ပါရမီရင့်လှပြီကို အဘယ်မှာ ယုံပေအံ့နည်း၊ ပါရမီနုစဉ်သာ ဖြစ်သေးသော ရှေးလွန်လေပြီးသောဘ၀က မဟာဓမ္မပါလ သူဌေးဖြစ်သောအခါ ဒိသာပါမောက္ခ ဆရာသည် တူရာအရိုးကို ယူဆောင်၍ ပြသဖြင့် အသင့်သားသေပြီ-ဟု အလီလီပြောသော်လည်း မယုံကြည်ဘူးလေပြီ-ဟု အတ္ထုပ္ပတ္တိ ကိုပြ၍ မဟာဓမ္မပါလဇာတ်ကို ဟောတော်မူလေ၏။ ထိုအခါ မင်းကြီး အနာဂါမ်တည်လေ၏။ ယင်းသို့ ခမည်းတော်မင်းကြီးအား သုံးပါးသော ဖိုလ်၌ တည်စေပြီးမှ ၀ါဆိုလတွင် ရာဇဂြိုဟ်ပြည်သို့ ပြန်၍ ဝေဠုဝန် ကျောင်းတော်၌ ဒုတိယ, တတိယ, စတုတ္ထ သုံးဝါကပ်တော်မူသည်။


၅။ ထို့နောင် လူနတ်ဗြဟ္မာ သတ္တ၀ါအပေါင်းတို့ကို မဂ်,ဖိုလ်ခရီး၌ တည်စေတော်မူလျက် ဝေသာလီပြည် မဟာဝုန်တောဝယ် စုလစ်မွန်းချွန်တပ်သော ဇရပ်ကျောင်း၌ ပဉ္စမ ၀ါဆိုတော်မူသည်။


၆။ ထို့နောင် မကုဠတောင် ချရားတော၌ ဆဋ္ဌမ ၀ါတိုတော်မူသည်။


၇။ ထို့နောင် တာဝတိံသာနတ်ပြည်ဝယ် ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ ကျောက်ဖျာအထက်၌ သတ္တမ ၀ါဆိုတော်မူသည်။


၈။ ထို့နောင် ဘဂ္ဂတိုင်း သံသုမာရဂိရိပြည် ဘဂ္ဂါသယဇနပုဒ်အနီးဖြစ်သော ဘေသကလ မိဂဒါဝုန်တော၌ အဋ္ဌမ ၀ါဆိုတော်မူသည်။


၉။ ထို့နောင် ဥတေနမင်း၏နေရာ ကောသမ္ဗီပြည်၌ ကောသမ္ဗက သူဌေးတို့ ဆောက်လှူအပ်သော ဃောသိတာရုံ, ကုက္ကုဋာရုံ, ပါဝါရိကာရုံ ကျောင်းသုံးရပ်၌ န၀မ ၀ါဆိုတော်မူသည်။


၁၀။ ထို့နောင် ကောသမ္ဗီပြည်သား ရဟန်းတို့၏ ၀ိဝါဒကို ဆုံးမခြင်းမှ ရှောင်တော်မူလျက် ပါလိလေယျက တောအုပ်၌ ပလလဆင်မင်း၏ အလုပ်အကျွေးကိုခံ၍ ကိုယ်တော်တည်းပင်လျှင် အင်ကြင်ပင်ရိပ်၌ ဒသမ ၀ါဆိုတော်မူသည်။


၁၁။ ထို့နောင် နာဠမည်သော ပုဏ္ဏားရွာအနီး နာဠိကာရုံကျောင်းကြီး၌ ဧကာဒသမ ၀ါဆိုတော်မူသည်။


၁၂။ ထို့နောင် ဝေရဉ္ဇပုဏ္ဏား ပင့်ဘိတ်သည်ဖြစ်၍ ဝေရဉ္ဖတိုင်း၏အနီး ကြီးစွာပေါက်ရောက်အပ်သော နဠေရုအမည်ရှိသော ဘီလူးသည် စောင့်ရှောက်အပ်သော တမာပင်ရင်း၌ ဒွါဒသမ ၀ါဆိုတော်မူသည်။


၁၃။ ထိုအခါ ၀သ၀တ္တီမာရ်နတ်မင်းသည် ဘုရားသခင်ကို နှိမ်နင်းလိုသောဆန္ဒဖြင့် နေ့ညကြည့်ရှု၍ နေသဖြင့် အခွင့်ရလေရကား ဝေရဉ္ဇပုဏ္ဏားနှင့်တကွ တိုင်းသူ တိုင်းသားတို့ကို ဖီတား၍ မေ့လျော့စေသဖြင့် ဘုရားရှိသည်ကို သတိမရသော်ကြောင့်၎င်း, မိုဃ်းရေခေါင်းပါ၍ အစားအစာ လွန်စွာရှားပါးသောကြောင့်၎င်း, ဘုရားနှင့်တကွသော သံဃာတော်ငါးရာတို့ လွန်စွာ ဆွမ်းပန်းခေါင်းပါးကြသတည်း။

ထို့နောက် နတ်ဘီလူးအပေါင်းတို့အား တရားဟောရွတ် ချွတ်တော်မူ၍ စာလိယတောင်၌ တေရသမ ၀ါဆိုတော်မူသည်။


၁၄။ ထို့နောင် အနာထပိဏ်သူဌေးတို့ ပင့်လျှောက်သည်ကို ထောက်တော်မူ၍ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ စုဒ္ဒသမ ၀ါဆိုတော်မူသည်။


၁၅။ ထိုအခါ လူတို့ ကောဇာသက္ကရာဇ် ၁၁၇-ခု နွယ်တာ (၀ါဆို) လဆန်းလေးရက်နေ့ နေလွဲ တဘ၀ါးတွင် သင်္ဃာတော်တို့ အတိုင်းမသိသော ပညာတော်နှင့် ပြည့်စုံတော်မူသည်ကို ချီးမွမ်းကြသောစကားစပ်တွင် ဂါထာတထောင်ဖြင့် တန်ဆာဆင်အပ်သော မဟာဥမင်္ဂဇာတ် (မဟောသဓဇာတ်)ကို ဟောတော်မူသည်။ ထိုနှစ် တန်ဆောင်မုန်းလဆန်း တရက် သောကြာနေ့ ညချမ်းအခါတွင် သင်္ဃာတော်တို့ မဟာဘိနိက္ခမန(မြတ်သော တောထွက်တော်မူခြင်း)ကို ချီးမွမ်းကြသော စကားစပ်ဖြစ်၍ အတ္ထုပ္ပတ္တိကို ပြလျက် တရာ့နှစ်ဆယ့်လေးဂါထာရှိသော မဟာဇနကဇာတ်ကို ဟောတော်မူသည်။ ထို့နောက် နတ်တော်လဆန်း လေးရက် ဗုဒ္ဓဟူးနေ့ ညအခါ မဟာဘိနိက္ခမနကို ချီးမွမ်းကြသော စကားစပ်ဖြစ်၍ တရာ့သုံးဂါထာရှိသော တေမိဇာတ်ကို ဟောတော်မူသည်။ အကြားအကြား၌ ဟောတော်မူအပ်သော သုတ် နိပါတ် ဇာတ်ဒေသနာတော်ကား အပရိမာဏပင် ဖြစ်သတည်း။

ထို့နောက် ဆွေတော်မျိုးတော်တို့ကို သင်္ဂြိုဟ်တော်မူခြင်းငှါ ကပိလ၀တ်ပြည် နိဂြောဓာရုံကျောင်း၌ ပန္နရသမ ၀ါဆိုတော်မူသည်။


၁၆။ ထိုအခါ ဤကျောင်းရာတွင်ပင် ဈာန်ချမ်းသာဖြင့် ရှေးသောအခါ ငါနေဘူးပြီ-ဟု မဟာကဏှဇာတ်ကို ဟောတော်မူသည်။

( ဗုဒ္ဓ၀င်ဒေသနာကိုလည်း ဤတဆယ့်ငါးဝါမြောက်မှ ဟောတော်မူသည်-ဟု အနာဂတ၀င် အဋ္ဌကထာ၌ ဆိုသည်။

ဗုဒ္ဓ၀င်အဋ္ဌကထာ၌ကား ပဌမကြွတော်မူစဉ်ကပင် ဟောတော်မူသည် ဟူ၏။ နှစ်ကျမ်း မတူညီကြ )

ထို့နောက် အာဠာဝကဘီလူး အစရှိသော သတ္တ၀ါတို့ကို ကောင်းစွာ ချေချွတ်တော်မူလျက် အာဠ၀ီပြည်၏ အနီး မဟာဝုန်ကျောင်းကြီး၌ သောဠသမ-၀ါ ဆိုတော်မူသည်။


၁၇။ ထို့နောင် နတ်ဘီလူးအပေါင်းတို့အား တရားရသကို ဝေငှတိုက်ကျွေးတော်မူ၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သတ္တရသမ-၀ါ ဆိုတော်မူသည်။


၁၈-၁၉။ ထိုအခါ ယောက်ဖတော် ဒေ၀ဒတ်သည် အဇာတသတ်မင်းကို ညီညွတ်၍ တောင်ပေါ်မှ ကျောက်ကို လှိမ့်ခြင်း, လေးဖြင့်ပစ်ခြင်း,နာဠာဂီရိဆင်ကို လွှတ်ခြင်း စသည်ကိုပြုသည်။ သားတော် အဇာတသတ်မင်းကိုလည်း ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်စေသည်၊ ဗိမ္ဗိသာရ မင်းကြီးကား သက္ကရာဇ် ၁၂၀-ပြည့်တွင် လွန်တော်မူသည်။ ထိုမင်းကား ဘုရားသခင်အောက် နှစ်-နှစ်ငယ်သည်။ ထိုဝါ၌ အဇာတသတ်, ဒေ၀ဒတ်တို့ကို အကြောင်းစပ်လျဉ်းမိ၍ အသီတိနိပါတ်၌ မဟာသုဝဇာတ်, ကပိရာဇဇာတ်, ၀ါနရဇာတ်, သောမနဿဇာတ် အစရှိသော များစွာသော ဇာတ်တို့ကိုလည်း ဟောတော်မူသည်။

နယုန်လဆန်း လေး၇က် တနင်္ဂနွေနေ့ နေမွန်းလွဲအချိန်တွင် ဂါထာကိုးဆယ်ရှိသော စန္ဒကုမာရဇာတ်ကို ဟောတော်မူသည်။ ထို့နောင် နတ်ဘီလူးတို့ကို ဆုံးမတော်မူလျက် စာလိယတောင်၌ အဋ္ဌာရသမ-၀ါ ဧကူန၀ီသတိမ-၀ါ ဆိုတော်မူသည်။


၂၀။ ထို့နောင် သတ္တ၀ါအပေါင်းတို့အား တရားအမြိုက်ဆေး တိုက်ကျွေးတော်မူလျက် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ ၀ီသတိမ-၀ါ ဆိုတော်မူသည်။


၂၁-၂၂-၂၃-၂၄-၂၅-၂၆-၂၇-၂၈-၂၉-၃၀-၃၁-၃၂-၃၃-၃၄-၃၅-၃၆-၃၇-၃၈-၃၉။ ထိုအခါ အဇာတသတ်မင်းသည် ဘခင်ကိုသတ်မိ၍ နှလုံးမသာ ချမ်းသာမရ ရှိလေသော် ဆရာဇီဝကကိုမှီ၍ ဘုရားအထံတော်သို့ လာသဖြင့် တရားတော်ကို နာရသော် ဘုရားသာသနာတော်၌ လွန်စွာစုံမက်၍ မစက်မရက် မြတ်နိုးသဖြင့် ချီးမြှင့်ပူဇော်လေသည်။ များစွာသော သုတ် နိပါတ် ဇာတ်တို့ကိုလည်း ဟောတော်မူသည်။ ထိုပနောင် ဝေနေယျအများကို တရားရသ ဝေငှတော်မူ၍ သာဝတ္ထိပြည်၏ တောင်မျက်နှာ ရှစ်ပယ်စားခန့်တွင် ဆောက်လုပ်အပ်သော ဇေတ၀န်ကျောင်းတော်မြတ်၌ ဧက၀ီသတိမ-၀ါမှ စ၍ တဆယ့်ကိုးဝါတိုင်တိုင် နေတော်မူသည်။


၄၀-၄၁-၄၂-၄၃-၄၄-၄၅။ ထို့နောက် ၀ိသာခါ ဒါယိကာမမြတ်သည် ဆောက်လှူအပ်သော ပုဗ္ဗာရုံကျောင်းတော်မြတ်၌ စတ္တာလီသမ-၀ါမှစ၍ ခြောက်ဝါတိုင်တိုင် ၀ါဆိုတော်မူသည်။

အဆုံးစွန်သောကာလ၌ကား ဝေဠုဝရွာ၌ ၀ါကပ်တော်မူသည်။


( လင်္ကာ )

သုံးလူ့သခင်၊ ငါးမာရ်သင်၍၊ ပလ္လင်ပတ်ရံ၊ သတ္တဌာန်ဝယ်၊ သတ္တာဟံဘွဲ့၊ စမ္ပယ်ခဲ့ပြီ၊ တဆယ့်ရှစ်ယူဇနာ၊ ထိုမှကွာသည်၊ ဗာရာနဂရ၊ မိဂဒ၌၊ နန္ဒိယ၀ိဟာ၊ ပဌမ ၀ါတည့်၊ ဒွါ,တိ,ဇယ၊ ရာဇဂဟံ၊ ဝေဠုဝန်ပျော်၊ ငါးသော် ဝေသာလီ၊ လိစ္ဆ၀ီ ၀ိဟာ၊ ဆ၀ါ မကုဠ၊သတ္တမ ၀တိံသာ၊ အဋ္ဌာ ဘဂ္ဂ၊ န၀မ ကောသမ္ဗီ၊ ဃောသီရွှေဘုံ၊ ရဂုံပလလေယျ၊ ဒသမတည့်၊ နာဠပုဏ္ဏားရွာ၊ ဧကာဒသဉ်၊ ဝေရဉ် ဗာရသ်၊ တောင်မြတ် စာလိယ၊ တေရသ တည့်၊ စုဒ္ဒသ ၀ါ၊ သာဝတ် တောင်စွန်၊ ဇေတ၀န်စံမှီ၊ ကပီ ပန္နရသ်၊ ကျောင်းမြတ် နိဂြော၊ သောဠသမီ၊ အာဠ၀ီတည့်၊ ဂီရိဗ္ဗဇ၊ သတ္တရသာ၊ ဆယ့်ရှစ်ဝါနှင့်၊ န၀ါဒသ၊ စာလိယကပ်ဆို၊ ရာဇဂြိုဟ်ဝီသ၊ ဤထိုမျှကား၊ ပဌမဗောဓိ၊ အနိယတ်ဝါ၊ နောင်လာတွက်ဘွဲ့၊ နှစ်ဆယ့်လေးတန်၊ ဇေတ၀န်ပုဗ္ဗာ၊ လှည့်လည်ကာဖြင့်၊ ခေမာနီးသော်၊ ရွာကြီးဝေဠုဝ၊ ၀ါတော်မျှ၍၊ ပဉ္စစတ္တာလီ၊ အသီတျာယု၊ တိုင်သမှုဖြင့်၊ ဤလူ့သက္ကရာဇ်၊ အဌ်-ဇော-ဧက်၌၊ နှစ်သစ်ကဆုန်၊ ပုဏ္ဏမီစေ့၊ အင်္ဂါနေ့တွင်၊ နိဗ္ဗာန်ဝင်သား၊ ရှင်ဘုရားကို၊ ညွတ်တွားဝန္ဒနာ၊ ပူဇော်ပါ၏။


အဋ္ဌကထာပါဌ်ဖြင့် မှတ်သားလိုမူကား-

၁။ ပဌမ၀ဿံ ဣသိပတနေ မိဂဒါယေ ဓမ္မစက္ကံ ပ၀တ္တေတွာ အဋ္ဌာရသ ဗြဟ္မကောဋိယော အမတပါနံ ပါယေတွာ ဗာရာဏသိံ ဥပနိဿာယ ဣသိပတနေ မိဂဒါယေ ၀သိ။


၂။ ဒုတိယ၀ဿံ ရာဇဂဟံ ဥပနိဿာယ ဝေဠုဝန မဟာဝိဟာရေ။

၃-၄။ တတိယ စတုတ္ထာနိပိ တတ္ထေ၀။

၅။ ပဉ္စမံ ဝေသာလိံ ဥပနိဿာယ မဟာဝနေ ကုဋာဂါရသာလာယံ။

၆။ ဆဋ္ဌံ မကုဠပဗ္ဗတေ။

၇။ သတ္တမံ တာဝတိံသ ဘ၀နေ။

၈။ အဋ္ဌမံ ဘဂ္ဂေသု သံသုမာရဂိရိံ နိဿာယ ဘေသကလာဝနေ။

၉။ န၀မံ ကောသမ္ဗိယံ။

၁၀။ ဒသမံ ပါလိလေယျက ၀နသဏ္ဍေ။

၁၁။ ဧကာဒသမံ နာဠာယံ ဗြာဟ္မဏဂါမေ။

၁၂။ ဒွါဒသမံ ဝေရဉ္ဇာယံ။

၁၃။ တေရသမံ စာလိယပဗ္ဗတေ။

၁၄။ စုဒ္ဒသမံ ဇေတ၀နေ မဟာဝိဟာရေ။

၁၅။ ပဉ္စဒသမံ ကပိလ၀တ္ထု မဟာနဂရေ။

၁၆။ သောဠသမံ အာဠာဝကံ ဒမေတွာ စတုရာသီတိပါဏသဟဿာနိ အမတပါနံ ပါယေတွာ အာဠ၀ိယံ။

၁၇။ သတ္တရသမံ ရာဇာဂဟေယေ၀။

၁၈။ အဋ္ဌာရသမံ စာလိယပဗ္ဗတေယေ၀။

၁၉။ တထာ ဧကူန၀ီသတိမံ။

၂၀။ ၀ီသတိမံ ပန ၀ဿံ ရာဇဂဟေယေ၀ ၀သိ၊ တေန ၀ုတ္တံ ဘဂ၀ါ ဟိ ပဌမဗောဓိယံ ၀ီသတိဝဿာနိ အနိဗဒ္ဓံ နိဝါသေတွာ ယတ္ထ ယတ္ထ ဖာသုကံ ဟောတိ၊ တတ္ထ တတ္ထေ၀ ဂန္တွာ ၀သီတိ။


၂၁-၄၅။ တတော ပဋ္ဌာယ ပန သာဝတ္ထိံယေ၀ ဥပနိဿာယ ဇေတ၀နမဟာဝိဟာရေ စ ပုဗ္ဗာရာမေ စ ဓုဝပရိဘောဂ၀သေန ၀သိ။ ဟူသော အဋ္ဌကထာပါဌ်ကို ဆောင်ရာသည်။


( အနက် )

၁။ ပဌမ၀ဿံ-ရှေးဦးစွာသောဝါကို၊ ဣသိပတနေ-ဣသိပတန အမည်ရသော၊ မိဂဒါယေ-မိဂဒါဝုန် တောရဂုံ၌၊ ဓမ္မစက္ကံ-ဓမ္မစကြာကို၊ ပ၀တ္တေတွာ-ဖြစ်စေ၍၊ အဋ္ဌာရသဗြဟ္မကောဋိယော-တဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့ကို၊ အမတပါနံ-အမြိုက်တည်းဟူသော အဖျော်ကို၊ ပါယေတွာ-သောက်စေပြီး၍၊ ဗာရာဏသိံ-ဗာရာဏသီပြည်ကို၊ ဥပနိဿာယ-အမှီပြု၍၊ ဣသိပတနေ-ဣသိပတနအမည်ရှိသော၊ မိဂဒါယေ-မိဂဒါဝုန် တောရဂုံ၌၊ ၀သိ-၀ါဆိုတော်မူ၏။


၂။ ဒုတိယ၀ဿံ-ဒုတိယ၀ါကို၊ ရာဇဂဟံ-ရာဇဂြိုဟ်ပြည်ကို၊ ဥပနိဿာယ-အမှီပြု၍၊ ဝေဠုဝန မဟာဝိဟာရေ-ဝေဠုဝန်အမည်ရှိသော ကျောင်းကြီး၌၊ ၀သိ-၀ါဆိုတော်မူ၏။


၃-၄။ တတိယ စတုတ္ထာနိပိ-တတိယ, စတုတ္ထ၀ါတို့ကိုလည်း၊ တတ္ထေ၀-ထိုရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌သာလျှင်၊ ၀သိ-၀ါဆိုတော်မူ၏။


၅။ ပဉ္စမံ-ပဉ္စမ၀ါကို၊ ဝေသာလိံ-ဝေသာလီပြည်ကို၊ ဥပနိဿာယ-အမှီပြု၍၊ မဟာဝနေ-မဟာဝုန်တောကြီး၌၊ ကုဋာဂါရသာလာယံ-စုလစ်မွန်းချွန်တတ်သော ဇရပ်၌၊ ၀သိ-၀ါဆိုတော်မူ၏။


၆။ ဆဋ္ဌံ-ဆဋ္ဌ၀ါကို၊ မကုဠပဗ္ဗတေ-မကုဠတောင်၌။

၇။ သတ္တမံ-သတ္တမ၀ါကို၊ တာဝတိံသ ဘ၀နေ-တာဝတိံသာနတ်ပြည်၌။

၈။ အဋ္ဌမံ-အဋ္ဌမ၀ါကို၊ ဘဂ္ဂေသု-ဘဂ္ဂတိုင်းတို့၌၊ သံသုမာရဂိရိံ-ငါးမိကျောင်း၏ ဦးခေါင်းတူပြီ တောင်ကိုမှီ၍ တည်အပ်သောကြောင့် သံသုမာရဂိရိ မည်ရှိဝေါဟာ မြို့ပြည်ရွာကို၊ နိဿာယ-မှီ၍၊ ဘေသကလာဝနေ-ဘေသကလာ မိဂဒါဝုန်တော၌၊ ၀သိ-၀ါဆိုတော်မူ၏။


၉။ န၀မံ-န၀မ၀ါကို၊ ကောသမ္ဗိယံ-ကောသမ္ဗီပြည်၌။

၁၀။ ဒသမံ-ဒသမ၀ါကို၊ ပါလိလေယျက၀နသဏ္ဍေ-ပါလိလေယျက တောအုပ်၌။

၁၁။ ဧကာဒသမံ-ဧကာဒသမ၀ါကို၊ နာဠာယံ-နာဠအမည်ရှိသော၊ ဗြာဟ္မဏဂါမေ-ပုဏ္ဏားရွာ၌၊ ၀သိ-၀ါဆိုတော်မူ၏။


၁၂။ ဒွါဒသမံ-ဒွါဒသမ၀ါကို၊ ဝေရဉ္ဖာယံ-ဝေရဉ္ဇာပြည်၌။

၁၃။ တေရသမံ-တေရသမ၀ါကို၊ စာလိယပဗ္ဗတေ-စာလိယတောင်၌။

၁၄။ စုဒ္ဒသမံ-စုဒ္ဒသမ၀ါကို၊ ဇေတ၀န မဟာဝိဟာရေ-ဇေတ၀န်အမည်ရှိသော ကျောင်းကြီး၌၊ ၀သိ-၀ါဆိုတော်မူ၏။


၁၅။ ပဉ္စဒသမံ-တဆယ့်ငါးကြိမ်မြောက်သော ၀ါကို၊ ကပိလ၀တ္ထု မဟာနဂရေ-ကပိလ၀တ် ပြည်မြတ်၌၊ ၀သိ-၀ါဆိုတော်မူ၏။


၁၆။ သောဠသမံ-သောဠသမ၀ါကို၊ အာဠာဝကံ-အာဠ၀ကဘီလူးကို၊ ဒမေတွာ-ဆုံးမတော်မူ၍၊ စတုရာသီတိပါဏသဟဿာနိ-ရှစ်သောင်း လေးထောင်သော သတ္တ၀ါတို့ကို၊ အမတပါနံ-အမြိုက်အရသာကို၊ ပါယေတွာ-သောက်စေတော်မူ၍၊ အာဠ၀ိယံ-အာဠ၀ီပြည်၌၊ ၀သိ-၀ါဆိုတော်မူ၏။


၁၇။ သတ္တရသမံ-သတ္တရသမ၀ါကို၊ ရာဇဂဟေယေ၀-ရာဇဂြိုဟ်ပြည်၌သာလျှင်၊ ၀သိ-၀ါဆိုတော်မူ၏။

၁၈။ အဋ္ဌာရသမံ-အဋ္ဌာရသမ၀ါကို၊ စာလိယပဗ္ဗတေယေ၀-စာလိယတောင်၌သာလျှင်၊ ၀သိ-၀ါဆိုတော်မူ၏။

၁၉။ တထာ-ထို့အတူ၊ ဧကူန၀ီသတိမံ-တဆယ့်ကိုးဝါကို၊ စာလိယပဗ္ဗတေယေ၀-စာလိယတောင်၌သာလျှင်၊ ၀သိ-၀ါဆိုတော်မူ၏။


၂၀။ ၀ီသတိမံ-နှစ်ဆယ်ပြည့်မြောက်သော၊ ၀ဿံပန-၀ါကိုကား၊ ရာဇဂဟေယေ၀-ရာဇဂြိုဟ်ပြည်၌သာလျှင်၊ ၀သိ-၀ါဆိုတော်မူ၏၊ တေန-ထို့ကြောင့်၊ ဘဂ၀ါ-(ပ)၀သီတိ-၀သိဟူ၍၊ ၀ုတ္တံ-မိန့်ဆိုတော်မူအပ်၏။


၂၁-၄၅။ တတော-ထိုဝါနှစ်ဆယ် ပြည်သည်မှ၊ ပဋ္ဌာယပန-စ၍ကား၊ သာဝတ္ထိံယေ၀-သာဝတ္ထိပြည်ကိုသာလျှင်၊ ဥပနိဿာယ-အမှီပြု၍၊ ဇေတ၀န မဟာဝိဟာရေ စ-ဇေတ၀န်ကျောင်းတော်ကြီး၌၄င်း၊ ပုဗ္ဗာရာမေ စ-ပုဗ္ဗာရုံကျောင်းတော်၌၄င်း၊ ဓုဝပရိဘောဂ ၀သေန-အမြဲနေခြင်းအစွမ်းဖြင့်၊ ၀သိ-၀ါဆိုတော်မူ၏။


( ကျီးသဲလေးထပ် ဆရာတော် )

No comments: