ဘုန်းကြီးတို့ မြန်မာနိုင်ငံက ဘုရင်ကြီးတဦးမှာ ပေါ်ဦး-ဆိုတဲ့ အမတ်တဦး ရှိခဲ့တယ်။
ဘုရင်ကြီးက အမတ်ကြီးကို မေးတယ်။ ပေါ်ဦး-ဘယ်အချိန်ဟာ အချမ်းသာဆုံးလဲ-တဲ့။
အမတ်ကြီးက ဖြေတယ်-ကျင်ကြီး ကျင်ငယ် သွားပြီးတဲ့အခါ အချမ်းသာဆုံးပါဘုရား-တဲ့။
ဘုရင်ကြီးက ကျေနပ်ပြီး ပြုံသွားတယ်။ ဒါပေမယ့် အပြည့်အ၀တော့ ကျေနပ်လက်ခံသေးပုံ မပေါ်တာကို အမတ်ကြီးက ရိပ်မိတယ်။ ဒါကြောင့် အချိန်အခါကိုစောင့်နေတယ်။ ရေလမ်းခရီးကို လှေနဲ့ သွားဖို့ ကြုံလာတယ်။ သွားရမယ့်ရက် မရောက်ခင် ၃-ရက် ၄-ရက်လောက် ကြိုတင်ပြီး သရက်သီးမှည့်တွေ ဘုရင်ကြီးကို အမတ်ကြီးက ဆက်ကပ်ထားတယ်။ သွားမယ့်နေ့ရောက်တော့လဲ ဆက်ကပ်တယ်။ ဘုရင်ကလဲ သုံးဆောင်တယ်။
လှေစီးပြီး ရေလမ်းခရီး သွားရတဲ့အခါ ဘုရင်ကြီးမှာ အခင်းကြီး သွားချင်လာတယ်။ လှေပေါ်ဆိုတော့ အခင်းကြီးသွားဖို့ကလည်း ခက်နေတယ်။ သွားချင်ပေမယ့် အခွင့်မသာလို့ အကြာကြီးအောင့်အီးခဲ့ရတယ်။ ဒုက္ခ အကြီးအကျယ် ရောက်ခဲ့တယ်။ အခွင့်သာတဲ့ နေရာရောက်မှ စွန့်လိုက်ရတော့ ချမ်းသာပေါ့ပါးသွားတော့တယ်။ အဲဒီအခါရောက်မှ အမတ်ကြီး ဦးပေါ်ဦးရဲ့ စကားကို အပြည့်အ၀ ကျေနပ်လက်ခံသွားသတဲ့။
အို-စာရှုသူ
အထက်ပါ စကားကို ကြည့်ပြီး ကောက်ချက်ချလိုက်ပါ-
ကျင်ကြီးဟာ နည်းနည်းလေးပေမယ့်လဲ ရွံစရာကောင်းသလို ဘ၀ဆိုတဲ့ ရုပ်နာမ်ဟာလဲ တဘ၀ပင် ဖြစ်ပေမယ့် မကောင်းဘူး။ ဆင်းရဲတယ်။ ဒါကြောင့် ရုပ်နာမ်ဆင်းရဲတွေ အပြီးပြတ် ချုပ်ငြိမ်းတဲ့အထိ ရောက်အောင် ကြိုစားကြရပါမယ်။
ကျင်ကြီး ကျင်ငယ်ကို လွယ်ထားရင် ဆင်းရဲသလို ရုပ်နာမ်ကို လွယ်ထား ပိုင်ထားရရင်လဲ ဆင်းရဲတယ်။
ဦးပေါ်ဦး ပြောသလို ပြောရရင် ရုပ်နာမ်ဆင်းရဲကို အပြီးအပြတ်စွန့်တဲ့အခါဟာ အချမ်းသာဆုံးပါ။ ဒါကြောင့် ရုပ်နာမ်ဆင်းရဲတွေ အပြီးပြတ် ချုပ်ငြိမ်းသွားတဲ့အထိ သတိပဋ္ဌာန်တရားကို ဆက်လက်ကြိုးစား အားထုတ်နိုင်ကြပါစေ-လို့ တိုက်တွန်းလိုက်ပါတယ်။
( မော်လူး )
Sunday, September 6, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment