Monday, September 14, 2009

နှုတ်ချိုလျှင် ပွင့်လန်း - လျှာကြမ်းလျှင် လူမုန်း

တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး ဦးဥတ္တမသာရက ပါးစပ်သည် မုခမင်္ဂလာ ဖြစ်ရာ မိသားစုချင်းဖြစ်စေ၊ မိတ်ဆွေသင်္ဂဟာချင်း ဖြစ်စေ ချိုချိုသာသာ ချေချေငံငံဖြင့် ကောင်းမွန်စွာ ဆက်ဆံပြောဆိုကြရန်-တရားပွဲများတွင် ထည့်သွင်းဟောကြားလေ့ရှိပါသည်။ နှုတ်ချို သျှိတပါး-ဖြစ်ကြောင်းလည်း ဆရာတော်ဘုရားကြီးက ညွှန်ပြတော်မူခဲ့ပါသည်။

နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ-ဟူသော စကားကို စိစစ်ကြည့်လျှင် ၀စီကံမှုက ကာယကံမှုထက်ပင် ပို၍ ဆိုးကျိုးပေးတတ်ကြောင်း ဖော်ပြရာရောက်၏။ နှုတ်ချိုလျှင် လူချစ်ခင် ပွင့်လန်းပြီး နှုတ်လျှာကြမ်းလျှင် လူမုန်းများသော အဖြစ်သာဓကများ ကြုံဖူး ကြားဖူးကြပေလိမ့်မည်။

ဘုရားရှင်လက်ထက်တော်အခါက နှုတ်လျှာကြမ်းသော အမျိုးသမီးတဦးရှိခဲ့ရာ သူ့အား ဗုဒ္ဓကိုယ်တော်တိုင် ချေချွတ်ဆုံးမပြီး လမ်းမှန်ပေါ်ရောက်အောင် ကယ်တင်ပေးခဲ့ရသည်။ သူ့အမည်က သုဇာတာ-

စင်စစ် ထိုအမျိုးသမီးမှာ ထိတ်ထိတ်ကြဲ ဆွေကြီး မျိုးကြီးထဲက ဖြစ်သည်။ ဆွေဂုဏ် မျိုးဂုဏ် အဘယ်မျှကြီးသနည်းဟူမူ အနာထပိဏ်သူဌေးကြီးက သူ၏ယောက္ခမ၊ ၀ိသာခါကျောင်းအမကြီးက သူ၏အမအရင်းတည်း။ သို့ရာတွင် သူငယ်မ သုဇာတာသည် ယောက္ခမ မိဘနှင့်တကွ အိမ်သူအိမ်သား လင်ယောက်ျားတို့ကို လားလားမျှ ကြောက်ရွံ့ခြင်း လေးစားခြင်း ရိုသေခံ့ညားခြင်း မရှိချေ။ နေ့ရှိသရွေ့ သူကချည်း အနိုင်ယူကာ ငေါက်လား ငန်းလား လုပ်၏။ မကြားဝံ့ မနာသာ ဆဲဆိုတိုင်းထွာ၏။

တနေ့သော် အနာထပိဏ်သူဌေးကြီးအိမ်သို့ ဘုရားရှင်ကြွတော်မူလာရာ သုဇာတာ၏ ရိုင်းစိုင်းသောအမူအရာများ ပြုလုပ်နေချိန်နှင့် ပက်ပင်းကြီးတိုးမိလျက်သား ဖြစ်သွားလေသည်။ ထို့ကြောင့် ဘုရားရှင်က အသင်သူဌေးကြီး-ဘယ်အကြောင်းကြောင့် သင်တို့အိမ်မှာ မကြားဝံ့ မနာသာ ပူပူဆာဆာ ဆူညံနေပါသနည်း-ဟုမေး၏။
အနာထပိဏ်သူဌေးကြီးက အရှင်ဘုရား-တပည့်တော်၏ ချွေးမဖြစ်သူ သုဇာတာ စိတ်ကြီးဝင်လွန်း၊ မာနကြီးလွန်း၊ ဘ၀င်မြင့်လွန်းလို့ တပည့်တော်နှင့်တကွ သားခင်ပွန်းလင် တအိမ်လုံးကို (ကျွမ်းပြန်အောင်) ဆဲဆိုမြည်တမ်းပြီး နှုတ်သရမ်းနေသောကြောင့် ဆူညံနေခြင်း ဖြစ်ပါသည်ဘုရား-ဟူ၍ ဖြေကြားလျှောက်တင်လေသည်။

ထိုအခါ ဘုရားရှင်က သုဇာတာကို အနီးသို့ ခေါ်တော်မူပြီး မယားအပြား ၇-ပါးရှိရာတွင် သင်သည် ဘယ်မယားအတန်းစားတွင် ပါဝင်ပါသနည်း-ဟုမေးမြန်းရာ သုဇာတာ-က အရှင်ဘုရား တပည့်တော်မ အကျဉ်းအားဖြင့် မသိနိုင်ပါ၍ အကျယ် ဟောကြားတော်မူပါရန် တောင်းပန်လျှောက်ထားလေ၏။ ထိုအခါ ဘုရားရှင်က အကျယ်ချဲ့ ဟောကြားပြသဆိုဆုံးမတော်မူသည်။

ထိုအခါ သုဇာတာ-က မိမိအား ယနေ့မှစ၍ ကျွန်မနှင့်တူသော မယားမျိုး ဖြစ်ပြီဟု မှတ်ယူတော်မူပါဘုရား-ဟူ၍ ၀န်ခံလျှောက်ထားကာ သူ့ဘ၀ကို ပြောင်းပြန်လှန်ပစ်လိုက်လေတော့သည်။
သုဇာတာ-က ကံကောင်းလှပေစွ။ အကယ်၍သာ မြတ်စွာဘုရားနှင့် မတွေ့ဆုံခဲ့ရသော် နှုတ်လျှာကြမ်းသည့်သူ့ဘ၀ ဇာတ်သိမ်းလှနိုင်စရာ အကြောင်း မရှိပေ။

မျက်မှောက်ခေတ်ကာလတွင် ဇာတ်သိမ်းမလှဖြစ်သွားရှာသော မိသားစုတစု၏ ရင်နာစရာအဖြစ်ကို သံဝေဂရစေလိုသော စေတနာဖြင့် ဆက်လက်တင်ပြပါအံ့။ ဖြစ်ရပ်မှန် ပေါက်ဖွားရာဒေသမှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့ ကိုယ်တွေ့ကြုံသူမှာ ဆရာဝန်ကြီး ကမ္ဗောဇ ခင်လှိုင်။ ကျောက်မဲမြို့သား ဆရာဝန်ကြီး၊ စာရေးဆရာကြီး ကမ္ဗောဇ ခင်လှိုင်ဆိုလျှင် မသိသူမရှိသလောက်ပင်။ ဆရာက သူ့ကိုယ်တွေ့ ဇာတ်လမ်းကို ဤသို့ မှတ်တမ်းတင်ထားပါသည်။

မိုးကြီးသည်းထန်စွာရွာနေသော နေ့တနေ့၏ နံနက်အရုဏ်တက်ချိန် ဒေါက်တာ-ဒေါက်တာ- အသံကိုကြားသဖြင့် ထကြည့်သောအခါ မိုးရေတွင် စိုရွှဲနေသော ---ဌာနမှ မိတ်ဆွေတဦးကို တွေ့သည်။ ထိုမိတ်ဆွေအား စမ်းသပ်ခန်းတွင်းသို့ ခေါ်ပြီး အထိုင်ခိုင်းကာ အကျိုးအကြောင်းကို မေးကြည့်ရသည်။ သူသည် အိပ်ရေးလည်း ပျက်၊ မိုးရေများလည်း ရွှဲရွှဲစိုနေသဖြင့် ဟန်မဆောင်နိုင်လောက်အောင် တုန်နေလေသည်။

အတန်ကြာမှ သူသည် နွေးထွေးလာကာ သူ၏မရီးနှင့် မရီး၏သားသမီးများ ဓားဒဏ်ရာရရှိ၍ ခေါ်လာကြောင်း ပြောပြသည်။ ခွဲစိပ်ခန်းသို့ ကျွန်တော် သွားရောက်ကြည့်ရှုသောအခါ မယုံနိုင်လောက်အောင် ခုတ်ထစ်ထားသော ဓားဒဏ်ရာများကို တွေ့ရသည်။
မရီးဆိုသူ ၀၀ဖိုင့်ဖိုင့် အမျိုးသမီးကြီးတဦး၏ ကိုယ်ပေါ်တွင်ပင် ဓားဒဏ်ရာအချက် ၂၀၀-ကျော်တွေ့ရသည်။ အဆိုပါ အမျိုးသမီးကြီး၏ သား နောက်စေ့လန်သွား၍ ပြန်တည့်ကာ အချက်ပေါင်း ၆၀၀-ကျော်မျှ ချုပ်ပေးရသည်။ သမီးကလေး တယောက်မှာမူ လက်တဖက် ပြတ်နေသည်။

သူတို့တတွေအား သန့်ရှင်းအောင် ဆေးကြောရ ချုပ်စပ် ဆေးထည့်ပေးရသည်မှာ နာရီပေါင်းများစွာ ကြာသွားသည်။ ညကြီး မိုးစုံးစုံးချုပ်မှ အလုပ်ပြီးလေသည်။
ဤဆောင်းပါး ဖတ်ရှုသူအနေဖြင့် ဘယ်လိုအငြိုးနဲ့များ ဒါလောက် ရက်ရက်စက်စက် ခုတ်ထစ်ထားပါလိမ့်။ ခုတ်ထစ်သူကကော ဘယ်လိုလူစားမျိုးပါလိမ့်။ လူဆိုးဓားပြတွေဖြစ်မှာပါ စသည်ဖြင့် မေးခွန်းတွေ လှိမ့်ဝင်လာကာ သိချင်စိတ်ပြင်းပြနေမှာ သေချာသည်။ ဆရာဝန်ကြီး ကမ္ဗောဇခင်လှိုင် ကိုယ်တိုင် ထိုစဉ်က သိလိုစိတ်များ၏ လွှမ်းမိုးမှုကို ခံခဲ့ရသည်။ ယခုဆက်လက်၍ ဆရာ၏ ရေးသားချက်ကို ဖတ်ကြည့်ပါ။

ဘာကြောင့်များ ဒီလောက် ရက်ရက်စက်စက် ခုတ်ထစ်ထားပါလိမ့်-ဟူသော မေးခွန်း၏ အဖြေကို ရှာနေစဉ် ရဲများထံတွင် ဖမ်းမိထားသော အိမ်ဖော်ဖြစ်သူ တရားခံက-
သူ့အား နေ့စဉ်နှင့်အမျှ မြည်တွန်တောက်တီးလွန်း၍ ခုတ်ထစ်ရပါသည်-ဟု ထွက်ဆိုကြောင်း သတင်းစကားကြားသိရသည်။ အငြိုးကြီးလွန်းလှပါပေသည်-ဟု မှတ်ချက်ချမိပါတော့သည်-တဲ့။

သံဝေဂရယူသင့်သော ကြောက်ခမန်းလိလိ ဖြစ်ရပ်ဆန်းတခုဟူ၍သာ ဆိုလိုက်ချင်တော့၏။ ဆဲဆို မာန်မဲ ကြိမ်းမောင်းသူက ကိုယ့်လုပ်ရပ်ကို ခပ်ပေါ့ပေါ့ပင် မေ့မေ့ပျောက်ပျောက် ရှိနိုင်ငြားလည်း ခံရသူအဖို့မှာမူ တနုံ့နုံ့နှင့် အခဲမကျေနိုင်ဘဲ လက်စားချေတတ်ကြောင်း သင်ခန်းစာကောင်းတရပ်ပါတကား။

ဆိုခဲ့ပြီးသမျှသော စကားစဉ်အရ ဖရုသ၀ါစာခေါ် ရုန့်ရင်းကြမ်းတမ်းသောစကားကို လူသားများသာမက တိရစ္ဆာန်များသည်ပင် မကြားလိုသည်မှာ ထင်ရှား၏။ သို့ဖြစ်ရာ ကျွန်တော်တို့ နံနက်မိုးသောက် အလင်းရောက်ချိန်မှစ၍ မုခမင်္ဂလာ ဖြစ်စေမည့်စကားလုံးကို ရွေးချယ်သုံးနှုန်းပြောကြားခြင်း၊ တနေ့တာပတ်လုံးလည်း ပီယ၀ါစာခေါ် ချစ်ဖွယ်သောစကားဖြင့် ပြောဆိုဆက်ဆံခြင်း ပြုနိုင်ကြပါလျှင် အိမ်တိုင်း အိမ်တိုင်း သီရိဂေဟာ ဖြစ်မည်မလွဲတည်း။ ဪ-မုန်းစေလိုလည်း ခံတွင်း လက်လေးသစ်၊ ချစ်စေလိုလည်း ခံတွင်း လက်လေးသစ်ပါတကား။

( လူမော်ဟန် )
( မြတ်မင်္ဂလာ ၁၉၉၈-ခု နိုင်ဝင်ဘာ )

No comments: