Saturday, September 26, 2009

မြတ်ဗုဒ္ဓ၏ သတ္တမဝိပါက်တော်

ဒေဝဒတ်သည် သတ်လိုသော စေတနာနှင့် ဗုဒ္ဓအား သတ်ရန် ချက်ကောင်းကို အမြဲကြံစည်၍ စောင့်နေ၏။ သို့သော် ရှင်တော်ဘုရား၏ ဘုန်းသမ္ဘာကြောင့် တခါမျှ အကြံမအောင်ပေ။ တနေ့တွင် မိမိအား ယုံကြည်ကိုးကွယ်သူ အဇာတသတ်မင်းနှင့် တိုင်ပင်ပြီး အလွန်ဆိုးဝါးသော နာဠာဂီရိဆင်ကြီးကို အရက်တိုက်လွှတ်လိုက်သည်။ ထိုဆင်ကြီးသည် ဆွမ်းခံကြွနေသော ရှင်တော်ဘုရားနှင့် သံဃာတော်များ၏ ရှေ့တည့်တည့်တွင် ရောက်ရှိလာသည်။ တိုင်းသူပြည်သား လူအများတို့သည် ခေါင်းနပန်းကြီးပြီး ကြက်သီးတွေ တဖြန်းဖြန်းနှင့် ထိတ့်လန့်နေကြသည်။ အရှိန်နှင့် ပြေးလာသော ဆင်ကြီးသည် ရှင်တော်ဘုရားနှင့် ရင်ဆိုင်တွေ့တော့သည်။

ထိုအခါ ဘုရားရှင်၏ မေတ္တာတော်အဟုန်ကြောင့် မြတ်ဘုရား၏ ခြေတော်ရင်းမှာ ဝပ်တွားဦးခိုက်နေရှာသည်။ ဒေဝဒတ်နှင့် အပေါင်းအသင်းတွေကလည်း အံ့သြဖွယ်ရာအဖြစ်ကို မြင်ရတော့ ဝေးရာပြေးပြီး ရှောင်တိမ်းပုန်းကွယ်နေကြသည်။ မြတ်စွာဘုရားနှင့် သံဃာတော်များကတော့ ခါတိုင်းလိုပဲ ဆွမ်းခံလမ်းတွင် ဆက်လက်ပြီး ဆွမ်းအလှူခံနေကြသည်။ ထိုဖြစ်ရပ်သည် အဘယ်အကြောင်းကြောင့်ဆိုလျှင်-

ရှေးလွန်လေပြီးသော အတိတ်ဘ၀က ဗာရာဏသီပြည်၌ ဘုရားအလောင်းတော်သည် ဆင်ထိန်းဆင်ကျောင်းအမျိုးမှာ ဖြစ်တော်မူခဲ့သည်။တနေ့တွင် ဆင်စီးပြီး မြို့တွင်းသို့ လှည့်လည်ရာ လမ်းမှာ ဆွမ်းခံကြွလာသည့် ပစ္စေကဗုဒ္ဓါတပါးနှင့် ပက်ပင်းဆုံမိသည်။ ထိုအခါ အလောင်းတော်ဆင်ထိန်းက ကြိမ်းဝါးမောင်းမဲပြီး-ဦးပြည်းရဟန်း၊ ရှောင်ပေးပါ၊ ဆင်နဲ့တိုက်ပြီး အသေခံချင်လို့လား၊ မရှောင်ရင် ဆင်နဲ့တိုက်လိုက်မယ်။ ဤကဲ့သို့ ခြိမ်းခြောက်သည်။ ဒီလိုခြိမ်းခြောက်ပေမဲ့ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကတော့ တုန်လှုပ်ခြင်းမရှိပါ၊ ရဟန်းတို့၏ ဣနြေ္ဒ မပျက်စေဘဲ သွားရိုးသွားစဉ်အတိုင်းသာ ကြွသွားတော်မူသည်။ ဒါကို ဆင်ထိန်းက မြင်တော့ ပိုပြီးဒေါသထွက်လာတယ်။

သင် ရဟန်းဟာ ငါ့ကို သက်သက် မထီလေးစားလုပ်တာပဲ-လို့ ကြိမ်းဝါးပြီး ဆင်ကြီးနှင့် တိုက်ပြန်သည်။ ထိုအခါ ရှင်ပစ္စေကဗုဒ္ဓါက လျင်မြန်စွာ ဈာန်ယာဉ်စီးပြီး ကောင်းကင်ခရီးသို့ ပျံကြွတော်မူသည်။ ဆင်ရိုင်းကြီးဘေးမှ လွတ်သွားသော်လည်း ရုတ်တရက် ကောင်းကင်သို့ ပျံကြွရသည့်အတွက် ရုံတော်မူထားသည့် သင်္ကန်းတော်ကား လျှောကျကျန်ခဲ့သည်။ ထိုသင်္ကန်းကို ဆင်ကြီးက အတင်းနင်းပြီး ကြေမွသွားအောင် ဆွဲဆုတ်ပစ်လိုက်သည်။ ဘုရားလောင်း ဆင်ထိန်းဟာ ထိုအကုသိုလ်ကြောင့် ငရဲမှာ ကြာရှည်စွာ ခံစားရပြီး အဆုံးဘ၀ ဘုရားဖြစ်တော်မူသည့်အခါ နာဠာဂီရိဆင်နှင့် တိုက်သတ်သည့် ဝဋ်-ခံတော်မူရသည်။

ထိုဝဋ်တော်နှင့် စပ်လျဉ်း၍ လယ်တီပဏ္ဍိတ ဦးမောင်ကြီးက-
ဆွမ်းခံကြွမြန်း၊ ထိပ်ပန်းဘုန်းကြွယ်၊
မုန်ကျဆင်ကြီး၊ ခရီးအကျယ်၊
ဒေဝဒတ်မိုက်၊ လွှတ်လိုက်ပြန်တယ်၊
ရင်ဆိုင်တွေ့၊ ဆင်ဝှေ့ ဘယ်ဝဋ်နွယ်။

ဆင်ထိန်းဆင်ကျောင်း၊ အလောင်းဖြစ်တုံ၊
ရှင်ပစ္စေက၊ လမ်းမအဆုံ၊
ဒေါသထားလို့၊ ပြစ်မှားသုန်မှုန်၊
ဆင်နှင့်တိုက်၊ ဝဋ်လိုက်စေဖို့ ကြုံ-ဟု စပ်ဆိုတော်မူခဲ့သည်။

မောင်အဂ္ဂ

( မြတ်မင်္ဂလာ ၂ဝဝ၁-ခု ဖေဖော်ဝါရီလ )

No comments: