Friday, September 11, 2009

မြန်မာနိုင်ငံ ပိဋကတ်သုံးပုံ ကျောက်စာ ဓမ္မစေတီများ ( ၂ )

( ကျောက်စာ ဓမ္မစေတီများ (၁)ပါ ၂၀၀၁-ခု ဇူလိုင်လထုတ် မြတ်မင်္ဂလာ စာစောင် မရှိသေးပါသဖြင့် မတင်ပြနိုင်တာကို သည်းခံခွင့်လွှတ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ )

( ယခင်လမှ အဆက် )

ပိဋကတ်သုံးပုံ အပြည့်အစုံကို ကျောက်စာရေးထိုးခြင်း အလုပ်သည် လုပ်ငန်းပမာဏလည်း ကြီးမား၊ အချိန်ကာလအားဖြင့်လည်း အရှည်အကြာ လုပ်ရသဖြင့် နေရာအားလုံး မလုပ်နိုင်ကြပါ။ ထို့ကြောင့် ပါဠိတော်၊ ၀ိနည်းပိဋကတ်တပုံကိုသာ ကျောက်ထက်အက္ခရာတင်ထားသည့် နေရာများ ရှိပါသည်။ ၄င်းတို့မှာ မင်းကင်းမြို့ ရွှေဘုံသာဘုရားအတွင်း၌ ကျောက်ချပ်ရေ ၁၇၁-ချပ်ကိုလည်းကောင်း။
သုံးခွမြို့နယ် မင်းရွာတွင် ကျောက်ချပ်ရေ ၁၅၄-ချပ်ကိုလည်းကောင်း။
ဝမ်းတွင်းမြို့နယ် ဘုရားစုကိုးရွာ ရွာဦးကျောင်းအတွင်း၌ ကျောက်ချပ်ရေ ၁၁၀-ကိုလည်းကောင်း။
ရန်ကုန်မြို့ ကျိုက္ကဆံ ဘုရားအတွင်း၌ ကျောက်ချပ်ရေ ၉၅-ချပ်ကိုလည်းကောင်း။
ဟင်္သာတမြို့ ၁၀-ထပ်ကြီးဘုရားအတွင်း၌ ကျောက်ချပ်ရေ ၄၅-ချပ်ကိုလည်းကောင်း။ တွေ့နိုင်ပါသည်။

ဟင်္သာတမြို့တွင် ကျောက်စာများ ထုလုပ်ဆဲ၌ ဒုတိယကမ္ဘာစစ် ဖြစ်လာသဖြင့် အပြီးမသတ်ဘဲ ရပ်ဆိုင်းခဲ့ရပါသည်။ ထို့အပြင် ဒုတိယကမ္ဘာစစ်အတွင်းက ကျောက်စာတိုက်ကြီး ဗုံးဒဏ်ခံရသဖြင့် ဤမျှသာ ကျန်သည်ဟု သိရပါသည်။

ပါဠိတော် ၀ိနည်းကျောက်စာများကို ထုလုပ်ပူဇော်ရာ၌ မင်းရွာတွင် လူချမ်းသာ ဦးရွှေဖြူ၊ ဘုရားစုကိုးရွာတွင် လူချမ်းသာ ဦးရွှေခဲ၊ ဟင်္သာတတွင် ဘုရားဒါယကာ ဦးကျော်ဇံတို့က တဦးတည်းကုသိုလ်အဖြစ် လှူဒါန်းထားကြောင်းကို လေ့လာသိရှိခဲ့ရပါသည်။ အထက်ပါတို့မှာ ပိဋကတ်သုံးပုံ ပါဠိတော် ဓမ္မစေတီများအကြောင်း ဖြစ်ပါသည်။

ပိဋကတ်သုံးပုံ အဋ္ဌကထာနှင့် ဋီကာများကိုမူ ရသေ့ကြီး ဦးခန္တီသည် မန္တလေးမြို့ စန္ဒာမုနိဘုရားအတွင်း၌ ကျောက်ချပ်ရေ ၁၇၇၂-ချပ်ကို ရေးထိုးပူဇော်ခဲ့ပါသည်။
မိတ္ထီလာမြို့ ထီးသုံးဆင့်ဘုရားအတွင်း၌လည်း ကျောက်ချပ်ရေ ၅၉၇-ချပ်အပေါ်တွင် အဋ္ဌကထာများကို ကျောက်ထက်အက္ခရာတင် ပူဇော်ထားခဲ့ပါသည်။
အဋ္ဌကထာနှင့် ဋီကာမှာ ဤနှစ်နှစ်နေရာ၌သာ ရှိပါသည်။ ဤသည်တို့မှာ မြန်မာနိုင်ငံတလွှားတွင် ပိဋကတ်သုံးပုံ ကျောက်စာများ ရှိရာဒေသများသို့ သွားရောက်လေ့လာခဲ့သမျှကို အကျဉ်းမျှ တင်ပြရပါသည်။
မုဒုံမြို့နယ် ဖားအောက်တောရတွင် ၀ိနည်းကျောက်စာ အနည်းငယ်ရှိနေသည်ဟု သိရပါသည်။ ထိုနေရာသို့ ကျွန်တော် မရောက်သေးပါ။

ပိဋကတ်တော်ကျောက်စာများသည် အစောဆုံး ၁၂၂၂-ခုနှစ်မှစ၍ နောက်ဆုံး မင်းကွန်းတွင် ရေးထိုးသော သက္ကရာဇ် ၁၃၄၂-ခုနှစ်အထိ နှစ်ပေါင်း ၁၂-အတွင်း ရေးထိုးပူဇော်ခဲ့ကြသည်ကို တွေ့ရပါသည်။ အများပြည်သူတို့သည် ထိုကျောက်စာ ဓမ္မစေတီများကို ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ၊ ဓာတုစေတီတို့ကဲ့သို့ ဆီမီး၊ ရေချမ်း၊ ပန်းများ ကပ်လှူပြီး ဆည်းကပ်ကိုးကွယ်ထိုက်သော ဘုရားများဟု သဘောမပေါက်ကြပါ။ သာမန် သမိုင်းကျောက်စာများကဲ့သို့ အမှတ်တမဲ့ လျစ်လျူရှုထားတတ်ကြပါသည်။

ထို့ကြောင့် ကာလအားဖြင့် မကြာသေးစေကာမူ ဓမ္မစေတီအချို့ ပျက်စီးယိုယွင်းမှုများ ရှိနေပါသည်။ ဥပမာအားဖြင့် မူလက ကျောက်စာတိုက်ကြီးများ ရှိခဲ့သော်လည်း အချိန်ကာလနှင့် ရာသီဥတုကြောင့် တိုက်ကြီးများ ပြိုပျက်သွားရာ အမိုးအကာမဲ့နေသော ညောင်ရမ်းမှ ကျောက်စာများ၊ မူလကပင် အမိုးအကာ အလုံအလောက်မရှိခဲ့သော သထုံမြို့ ရွှေစာရံဘုရားကြီးအတွင်းမှ ကျောက်စာများမှာ မိုးရွာလျှင် စို၊ နေပူလျှင် ခြောက်၍ ရာသီဥတုဒဏ်ကို နှစ်ရှည်ခံစားကြရသဖြင့် ကျောက်စာတိုင်များမှာ ချုံနွယ်များအကြား ရေညှိများ ဖုံးအုပ်၍ စာများမှေးမှိန်နေပါသည်။

မင်းကင်း၌ ဓမ္မ္စစေတီများအပေါ် ညောင်ပင်မှစ၍ သစ်ပင်များ ပေါက်နေသဖြင့် ဓမ္မစေတီများ ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ အားလုံခြုံရပါလျှင် ထိန်းသိမ်းမှုကောင်းသလောက်သာ ဓမ္မစေတီများ ကောင်းမွန်သည်ကို တွေ့ရပါသည်။
ထို့ကြောင့် (က) အမိုးအကာမရှိသော ပိဋကတ်တော် ကျောက်စာများကို အမိုးအကာ ပြုလုပ်ခြင်း။
(ခ)ဓမ္မစေတီများတ၀ိုက် လိုအပ်သလို ရှင်းလင်း၍ အခါအားလျော်စွာ ရေဆေးသန့်စင်ပေးခြင်း။
(ဂ) တနှစ်တကြိမ်ဖြစ်စေ ကျောက်စာတချပ် ဆီမီးတတိုင် ထွန်း၍ ဓမ္မံ ပူဇေမိ-ဂုဏ်မြောက်အောင် ဆီမီးပူဇော်ပေးခြင်းနှင့်
(ဃ) ကျိုးပဲ့ပျက်စီးသွားသော ကျောက်စာများကို အစားထိုးပူဇော်ခြင်း စသည်တို့ကို လုပ်ဆောင်သင့်ပါသည်။

အချုပ်အားဖြင့် တင်ပြရသော် ကမ္ဘာတခွင် ဤမြန်မာပြည်၌သာရှိသော ဤဓမ္မစေတီကျောက်စာများကို သာသနာတော်အဓွန့်ရှည်ရေးအတွက် ရည်ရွယ်ပြီး ပုဂံပြည်မှ ရှေးဟောင်းစေတီ၊ ပုထိုးများကို ပြုပြင်ထိန်းသိမ်းသကဲ့သို့ မင်နှင့်ပြည်သူ ကြည်ဖြူစွာ ပူးပေါင်း၍ ထိန်းသိမ်းစောင့်ရှောက်ရန် သင့်လှပါကြောင်း တင်ပြအပ်ပါသည်။

( ဦးအောင်သူ )
မြတ်မင်္ဂလာ ၂၀၀၁-သြဂုတ်လ

No comments: