Tuesday, October 6, 2009

ထေရဝါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၅ )

( ယခင်လမှ အဆက် )

( ဘုရားမရှိတော့ဘူး လွတ်လပ်ပြီ၊ ဝမ်းသာလိုက်တာ )
အဲဒီလို သောကပရိဒေဝတွေနဲ့ ထောက်တည်ရာမရဘဲ ဖြစ်နေတဲ့ချိန် ဝမ်းမြောက်ဝမ်းသာဖြစ်နေတာက တပါးရှိနေပါတယ်။ သူ့နာမည်က သုဘဒ္ဒခေါ်တဲ့ တောထွက်ရဟန်းကြီး။ အခြား သုဘဒ္ဒအမည်နဲ့ ပရိဗိုဇ်ကြီးလဲ ရှိတယ်။ ဒီသုဘဒ္ဒနဲ့ တခြားစီဖြစ်တာ သတိပြုပါ။ သုဘဒ္ဒတောထွက်ကြီးက ငိုမဆုံးတဲ့ ပရိသတ်ကြားမှာ ကြွေးကြော်တယ်။ အရှင်ဘုရားတို့-မငိုကြနဲ့တော့၊ ငိုဖို့ မလိုတော့ဘူး။ အခု တို့အားလုံး လွပ်လပ်ကုန်ပြီ။ ဝမ်းမြောက်စရာ အလွန်ကောင်းတဲ့အချိန်ပဲ။ ကိုယ်တော်ကြီး ရှိတုန်းက ဒီဟာ မလုပ်ရ၊ ဟိုဟာမလုပ်ရနဲ့ နေရာတကာ ချုပ်ချယ်တယ်။ အခု နေချင်တိုင်း နေလို့ရပြီ။ စည်းကမ်းတွေ ဖျက်သိမ်းလို့ ရပြီ။ အဲဒီအချိန်မှာ ရှင်တော်ဘုရား ပရိနိဗ္ဗာန်ပြုတာ ခုနစ်ရက်ပဲကြာသေးတာ။ ဒီလိုပြောတဲ့ပုဂ္ဂိုလ် ပေါ်လာတယ်။ ဒါ ဝိနည်းတွေ ပြင်ဖို့လိုတယ်ဆိုတာမျိုး ဖြစ်လာတော့ ရှင်မဟာကဿပ-က ထေရဝါဒ သာသနာအတွက် စိုးရိမ်တွေးတောမိတယ်။

ဒါက ထေရဝါဒရဲ့ အခြေခံပဲ။ အချို့ ပြုပြင်ပြောင်းလဲရေးကြိုက်တဲ့ ကိုယ်တော်တွေလဲ ပေါ်ပေါက်လာတယ်။ ပြုပြင်ပြောင်းလဲတယ်။ ဒီဝါဒကလဲ တဖြည်းဖြည်း ကြီးထွားတဲ့ဂိုဏ်း ဖြစ်လာတယ်။ ဒီဝါဒကြိုက်ရင် ဟိမဝန္တာလွန်ပြီး မြောက်ပိုင်းသွားကြ။ ဒီဝါဒဟာ တိဘက်၊ ကိုရီးယား၊ ဂျပန် စသည်အထိ ကျယ်ပြန့်လာတယ်။

( ပူနွေးအောင် အရက်သောက်ကြသော ရဟန်းများ )
ဥပမာ-ပါကစ္စတန်မြောက်ပိုင်း ကန္တာရဆိုတဲ့ နေရာဆိုပါစို့။ အလွန်အေးချမ်းတဲ့ ရာသီမှာ နှင်းတွေ အများကြီးကျ၊ ရေတွေခဲ၊ ဘာသစ်ပင်မှလဲ မပေါက်နိုင်ဘူး။ ဒီလိုနေရာမျိုး ရောက်သွားတဲ့ သံဃာများက အလွန်အေးတဲ့ဒဏ် ခံနိုင်အောင် အရက်သောက်ပြီး ကာကွယ်ဖို့ လိုတယ်လို့ သဘောတူကြပြီး သုရာမေရယ သိက္ခာပုဒ်ကို ဖောက်ဖျက်ကြတယ်။ ဒါတွေ သောက်တော့ ရင်ခေါင်းတွေ၊ ဘာတွေ ပူလာပြီး နေကောင်းတယ်ပေါ့။ အစားလေး ပါရင် ပိုကောင်းတယ်ဆိုပြီး သောက်ရင်းနဲ့ အစာစားတာပါ ပါလာရော။ အဲဒီမှာ ဝိကာလဘောဇနသိက္ခာပုဒ် ပျက်သွားပြန်ရော။

ဒီလို နည်းနည်းပြင်တာ၊ ဥပမာပြရရင်-လယ်သမားရဲ့ ပုဆိုးစုတ်လို ဖြစ်သွားတယ်။ လယ်သမားက လုံချည်ဟောင်းဝတ်ပြီးတော့ လယ်လုပ်ငန်းလုပ်တယ်။ ကြာတော့ စုတ်ပေါက်လာတယ်။ ဒါကို အခြားအဝတ်စလေးယူပြီး ဖာထေးဝတ်တယ်။ နောက်တခေါက် တနေရာက စုတ်ပြန်တယ်။ အဲဒါလေး ဖာထေးပြီး ဝတ်ပြန်တယ်။ ကြာတော့ နဂိုဝတ်က မကျန်တော့ဘဲ အဖာအဝတ်စ အမျိုးမျိုးတွေပဲ ရှိနေတော့တယ်။

မြောက်ပိုင်းရောက်သွားတဲ့ ဗုဒ္ဓဘာသာဝါဒကလဲ ဒီလိုဖြစ်သွားတော့တာပေါ့။ ဒါက ပြောင်းလဲလာပုံကို ထင်ရှားအောင် ဘုန်းကြီးက ပြတဲ့ ဥပမာ။ ကျမ်းဂန်က ပြတာကတော့ အလွန်ကြီးမားတဲ့ ပုစွန်ကြီးက လက်မကိုယူပြီး အထဲက အသားတွေဖယ်၊ အပေါ်ယံအခွံကိုယူ၊ ဟိုဘက်ဒီဘက် အစွန်းနှစ်ဖက် ညီအောင်လုပ်ပြီး သားရေနဲ့ကျက်၊ ပြီးရင် စည်ကြီးလုပ်ပြီးတီးတော့ အလွန်မြည်တယ်တဲ့။ အဲဒါ သုံးသုံးနေရင်း ချို့ယွင်းလာတော့ ဟိုနားကဖာ၊ ဒီနားကဖာနဲ့ နောက်ဆုံး အဖာတွေက ဖုံးလွှမ်းပြီး နဂိုစည်ဟာ တီးလိုက်ရင် မူလကလို ဒိန်း-ဆိုပြီး မမြည်တော့ဘဲ ဘတ်-ဆိုပြီး အသံပဲရတော့တယ်တဲ့။

( ဘုရားကို အညှိုးထားသော သုဘဒ္ဒ တောထွက် ရဟန်းကြီး )
ဖြစ်ပုံက ဒီလို။ သူ့မိန်းမ ဆုံးသွားတော့ သားလေးနှစ်ယောက်နဲ့ ကျန်ရစ်တယ်။ သူကသင်္ကန်းဝတ်ပြီး ရဟန်းပြုလိုက်တယ်။ သူ့သားနှစ်ယောက်ကိုလည်း ရှင်သာမဏေဝတ်ပြီး သူနဲ့အတူနေတယ်။ သုဘဒ္ဒက လူ့ဘဝက ဆတ္တာသည် (ခေါင်းရိတ်သမား) ဖြစ်တယ်။ သူ့သား ကိုရင်နှစ်ပါးကို ခေါင်းရိတ်ပညာသင်ပေးပြီး အရပ်ထဲ လှည့်လည်၍ အိမ်တွေဝင်ကာ ခေါင်းရိတ်တတ်ကြောင်း ကြေညာပြီး ငွေရှာတယ်။ ချစ်စရာအရွယ် ကိုရင်သန့်သန့်ပြန့်ပြန့် လေးတွေဆိုတော့ လူတွေကလဲ ခေါင်းရိတ်ကြတယ်။ ဒီလိုနဲ့ ငွေစုမိတယ်။ ရဟန်းကြီးကတော့ အရွယ်က ခြောက်ဆယ်ကျော်မှ ဝတ်တာဆိုတော့ ပရိယတ်စာပေ မသင်ဖူးဘူး။ အထူးသဖြင့် ဝိနည်းမသင်ဖူးဘူး။ အဲဒီတော့ ပရိသတ်က မေးစရာရှိတယ်။ တပည့်တော်တို့ တောထွက်ရဟန်းတွေ တရားအားထုတ်ပြီး ရဟန္တာဖြစ်ရင် ပြီးရော့ပေါ့။ ဝိနည်းသင်ဖို့ လိုသေးသလားလို့ မေးစရာရှိတယ်။ အဲဒါကို အဖြေက ကင်္ခါဝိတရဏီအဋ္ဌကထာမှာ ပါတယ်။

( ဝိနည်းမသိ၍ အပြစ်လုပ်မိသော ရဟန္တာ )
ရဟန္တာတပါးဟာ သူ့အဖေနဲ့အမေ ရန်ဖြစ်လို့ ကွဲကြတယ်။ သားရဟန္တာကတော့ အဖေ့အိမ်သွားလိုက်၊ အမေ့အိမ်သွားလိုက်နဲ့နေတာပေါ့။ အဖေလုပ်တဲ့သူက သူနဲ့ကွဲနေတဲ့ ဇနီးကို သံယောဇဉ်မပြတ်ဘူး။ အဲဒီတော့ သားရဟန္တာကိုပြောတယ်။ အရှင်ဘုရား-တပည့်တော်လဲ အနေအထိုင်ဆင်းရဲ၊ မိခင်ဖြစ်သူလဲ အဆင်မပြေ ဖြစ်နေတယ်။ ပြန်လည်ပြီး အတူတူနေကြဖို့ အရှင်ဘုရားပြောရင်တော့ ရကောင်းစရာရှိပါရဲ့-လို့ဆိုတော့ သားရဟန္တာက ဒါ-ကောင်းတဲ့ အကြံဉာဏ်ပဲ၊ အဖေ-အမေအတွက် ဆောင်ရွက်တဲ့ကိစ္စပဲ သဘောထားပြီး သွားပြောတော့ အဖေနဲ့အမေ ပြန်ပေါင်းကြတယ်။

အဲဒါကို သိတဲ့ အခြားသံဃာတော်များက အရှင်ဘုရား-မလုပ်သင့်တာ လုပ်တယ်။ ဝိနည်းဆုံးမချက်နဲ့ မညီဘူး။ အရှင်ဘုရား အာပတ်သင့်တယ်-လို့ပြောကြတယ်။ အဲဒီတော့ ရဟန္တာက ဒါ-ဘာဖြစ်လဲ၊ အမိနှင့်အဖ သင့်တင့်အောင် ပြန်ပြောပေးတာပဲ။ ကွဲကွာနေတဲ့ ရန်ဘက်နှစ်ယောက် သင့်မြတ်သွားအောင် ကူညီပေးတဲ့ ကိစ္စဖြစ်တယ်။ အဲဒီတော့ ရဟန်းများက မဟုတ်ဘူးကိုယ်တော်၊ အရှင်ဘုရား-က မိန်းမနှင့်ယောက်ျား တယောက်ကိုတယောက် အောင်သွယ်လုပ်ပေးတဲ့ ကိစ္စမျိုးဖြစ်နေတယ်။ အပြစ်ကတော့ ရှိတာအမှန်ပဲ။ အဲဒါ ရဟန္တာ-နော်။ ဝိနည်းမသင်ခဲ့ဖူးလို့ ဝိနည်းမတတ်တော့ ကိုယ်အပြစ်လုပ်တာကို အပြစ်မှန်း မသိဘူး။ မသိပေမယ့် အာပတ်ကတော့ သင့်ပြီးဖြစ်နေပြီ။ မသိဘဲနဲ့ အာပတ်သင့်တယ်။ အဲဒါကို ထားလိုက်ဦး။

( မအပ်စပ်သော ပစ္စည်းကို မြတ်စွာဘုရား လက်မခံ )
သုဘဒ္ဒရဟန်းကြီးက ဘုရားရှင် ကြွလာတော်မူတဲ့အခါတုန်းက ကြိုတင်ကြားသိရတော့ မွန်မြတ်တဲ့ ခဲဘွယ်ဘောဇဉ်တွေနဲ့ ဘုရားနဲ့တကွ သံဃာတော်များကို ဆွမ်းကပ်ချင်တယ်။ သား ကိုရင်နှစ်ပါးက တအိမ်ဆင်း တအိမ်တက် ဆတ္တာသည်လုပ်ထားတဲ့ ငွေကလဲ ပြည့်စုံနေတယ်။ အဲဒီငွေတွေနဲ့ လိုအပ်တဲ့ ဆန်၊ ဆီ၊ အသား၊ ငါးအပြည့်အစုံစုပြီးတဲ့အခါ သုဘဒ္ဒက ဧကသီဘေးချထားပြီး သင်္ကန်းညိုကြီး တိုတိုဝတ်ပြီး သားအဖသုံးယောက် အားကြိုးမာန်တက် ချက်ပြုတ်ကြတယ်။

နောက်နေ့နံနက် မြတ်စွာဘုရားနှင့်တကွ သံဃာတော်များ ကြွလာတော့ သူတို့သားအဖသုံးယောက် ချက်ထားတဲ့ဆွမ်းဘောဇဉ်တွေ ကပ်လှူတော်မူတယ်။ မြတ်စွာဘုရားက လက်ကာပြီး ပယ်တော်မူတယ်။ သံဃာတော်များကိုလည်း မယူကြနဲ့၊ မစားကြနဲ့-လို့ မိန့်ကြားတော်မူတယ်။ ဒီအစားအစာတွေဟာ မအပ်စပ်ဘဲ တောင်းခံရထားတဲ့ပစ္စည်းတွေနဲ့ ချပ်ပြုတ်ထားတာ။ စားရင်အပြစ်ရှိတယ်။ ဒီအစာ စားမည့်အစား အဆိပ်စားတာက ဒီဘဝပဲ သေရမှာ၊ တော်သေးတယ်။ သာသနာအဆုံးအမကို ပယ်ပြီး မအပ်စပ်တဲ့နည်းတွေနဲ့ ရထားတဲ့ပစ္စည်းတွေနဲ့ ချက်ထားတဲ့ ဒီအစားအစာဟာ သံသရာမှာ အပြစ်ကြီးလို့ ပယ်တယ်။

အဲဒီအချိန်ကစပြီး သုဘဒ္ဒက ဘုရားဟာ ငါ့ကို ပရိသတ်အလယ်မှာ အရှက်ကွဲအောင်လုပ်တယ် ဆိုပြီး မကျေမချမ်းဖြစ်နေတယ်။ ရန်ညှိုးထားတော့တာပဲ။ အဲဒါနဲ့စပ်ပြီး မကျေမချမ်း သူ့စိတ်ထဲထားရှိတာတွေ ပေါ်လာတော့တာပဲ။ စိတ်မပူကြနဲ့တော့၊ အခု တို့ကို နေရာတကာချုပ်ချယ်တဲ့ဆရာ လွတ်သွားပြီ။ လုပ်ချင်တာ လုပ်၊ စားချင်တဲ့အချိန် စား၊ အိပ်ချင်တဲ့အချိန် အိပ်၊ အချုပ်အချယ် မရှိတော့ဘူး-လို့ ဆိုပြောနေတော့ ရှင်မဟာကဿပ ကြားသိတဲ့အခါ ဘုရားပရိနိဗ္ဗာန်စံပြီး ခုနစ်ရက်ပဲ ရှိသေးတယ်၊ ဒီစကားတွေပေါ်လာတယ်။ ဒီလိုရဟန်းမျိုးကို ဒါလောက်ဆိုးဝါးတဲ့ ရဟန်းမျိုးကို ခေါင်းကွက်ကြားရိတ်၊ ကျောတရာ၊ ရင်တရာ ရိုက်နှက်ပြီး သာသနာက နှင်ထုတ်လိုက်ဖို့ တော်တော့တာပဲ။ ဒီလိုစဉ်းစားမိပြီး အတော်သံဝေဂ ရတော်မူတယ်။

တချိန်တည်းမှာပဲ စဉ်းစားမိပြန်တယ်။ ဒီလိုလုပ်လိုက်ရင် သာသနာတော်တော့ သန့်ရှင်းသွားမယ်။ ဒါပေမယ့် တိတ္ထိဂိုဏ်းဝင်များက ရှင်ဂေါတမတပည့်တွေ ကြည့်၊ ပျံတော်မူလို့ တပတ်အတွင်းမှာ သဘောကွဲလွဲကြပြီး ဆူပူကုန်ကြပြီ၊ ကွဲကုန်ကြပြီဆိုပြီး ကဲ့ရဲ့လို့မဆုံး ဖြစ်ကုန်မယ်။ အဲဒီတော့ ငါသည်းခံပြီး နေဦးမယ်။ သူများသပ်လျှိုဖို့ ငါကစပြီး အက်ကြောင်းလေးဖော်လိုက်ရင် ပိုဆိုးဝါးသွားလိမ့်မယ်။ ဗုဒ္ဓမြတ်စွာ ၄၅-ဝါပတ်လုံး ဟောကြားထားတော်မူခဲ့တဲ့ တရားတွေ သန့်ရှင်းစင်ကြယ်စွာ အစဉ်တည်အောင် ကြိုးစားဖို့ကိစ္စကို ငါ့ပခုံးပေါ် တင်ပေးခဲ့တယ်ဆိုတာကို သတိပြုတော်မူမိတယ်။ အယူကွဲတဲ့သတင်းတွေကြားရင် တိတ္ထိဂိုဏ်းက ကဲ့ရဲ့ကြမှာ သေချာတယ်။ ဒါကို သိတော်မူတယ်။ အဲဒီအချိန်မှာ တိတ္ထိဂိုဏ်းက အပြိုင်အဆိုင် ခြောက်ဂိုဏ်းရှိတယ်။ ဒါကို သတိပြုမိတဲ့ အရှင်မဟာကဿပ-က ဒီကိစ္စ ငါ့တာဝန်ပဲဆိုပြီးတော့ သည်းခံစောင့်ဆိုင်းပြီး နေတယ်။

( ရှင်မဟာကဿပ တိတ္ထိများ ရန်မရှာနိုင်အောင် သည်းခံတော်မူပုံ )
အဲဒီမှာ မြတ်စွာဘုရားထံရောက်အောင် ခရီးဆက်တော့ ကုသိနာရုံရောက်၊ ဘုရားရှင်ရဲ့ ရုပ်ကလာပ် ရွှေဖလားထဲမှာ ထည့်ထားတာ လှည့်ပတ်ကြည့်ပြီးတော့ ဘာမှမမြင်၊ မတွေ့ရဘူး။ ခြေရင်းဘက်ရောက်လိုက်၊ ခြေတော်အစုံကို ရည်မှန်းပြီးကန်တော့လိုက်တော့ ဘုရားရှင်ရဲ့ ခြေတော်နှစ်ဖက်ဟာ အပြင်ဘက်ရှည်ထွက်လာပြီး အပူဇော်ခံတော်မူတယ်။ အဲဒီလို အလောင်းတော် ဖူးမြော်ပြီးတော့ ခြေတော်ပြန်ဝင်သွားပြီးတဲ့အခါ မီးပူဇော်တဲ့ ထင်းပုံကြီးဟာ ဘာမျှမလုပ်ရဘဲ အလိုလို တေဇောဓာတ်နဲ့ လောင်ကျွမ်းသွားတယ်။ (ဒါတွေကို နတ်တွေက သိမြင်လို့ အရေးတကြီး မီးတင်မရှို့ပါနဲ့ဦး၊ ပခုံးပြောင်း တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်ကြီး နောက်ဆုံး ဖူးမြော်ပါစေဦးဆိုပြီး နတ်တွေက တန်ခိုးနဲ့ တားထားကြတယ်)။ တေဇောဓာတ် လောင်ပြီးတော့ ဓာတ်တော်တွေကိုရှစ်ပြည်ထောင်ဝေပြီး ပူဇော်ကြတယ်။ ဒေါနပုဏ္ဏားကလဲ ဓာတ်တော်တွေရ၊ မောရိယမင်းတွေက မီးသွေးတွေရ၊ အဲဒီနောက် ဇမ္ဗူဒီပ ကျွန်းပေါ်မှာ ဘုရားပရိနိဗ္ဗာန်စံပြီးနောက် စေတီ ရှစ်ဆူတည်ကြတယ်။

ဓာတ်တော်စေတီက နှစ်ဆူ။ ပြည်တော်စေတီက နှစ်ဆူ။ မောရိယမင်းတွေက မီးသွေးစေတီ လေးဆူ။ ပြီးတော့ ရှင်မဟာကဿပ ကြွရောက်လာတဲ့ ရဟန္တာ ၇-သိန်း စည်းဝေးမိတဲ့နေရာမှာ တခါတည်း အမိန့်တော်ရှိတော်မူတယ်။ ယခုအခါ ဘုရား ၄၅-ဝါ ဟောတော်မူခဲ့တဲ့ ဓမ္မတွေ သန့်စင်ခွဲခြားရအောင် သင်္ဂါယနာတင်ကြစို့ရဲ့။ ရဟန္တာအရှင်မြတ်များက အရှင်ဘုရားကို မြတ်ဗုဒ္ဓကိုယ်တိုင် ပခုံးပြောင်းပြီး တာဝန်ပေးခဲ့ပါတယ်ဘုရား။ အရှင်ဘုရား စိတ်ကြိုက် ဆောင်ရွက်တော်မူပါ။

( ရဟန္တာ ငါးရာ စုစည်းပြီး ပထမသင်္ဂါယနာတင်ခဲ့သော အရှင်မဟာကဿပ )
အရှင်ဘုရားက သင့်တော်မည့်သံဃာများ ရွေးချယ်ပြီး သံဃာ ၅ဝဝ-စုပြီး စည်းဝေးတော်မူပါ-လို့ လျှောက်ထားကြတယ်။ ဒီအခါမှာ ရှင်မဟာကဿပ ရွေးတာပဲ။ ရဟန္တာ ၄၉၉-ပါး ရတယ်။ သံဃာများက ၅ဝဝ ပြည့်အောင် တပါးလိုနေသေးတယ်ဘုရား။ အရှင်အာနန္ဒာ ပါဖို့သင့်ပါတယ်။ သုဘဒ္ဒဆိုတာကတော့ အသက်သာကြီးပြီး ဘာမှ တတ်သိနားလည်ခြင်း မရှိပါဘူးလို့-လျှောက်ကြတယ်။ အဲဒီတော့ အရှင်မဟာကဿပ-က အရှင်အာနန္ဒာဟာ သောတာပန်မျှသာဖြစ်သေးတယ်။ ရဟန္တာမဖြစ်သေးဘူး။ အရှင်အာနန္ဒာထည့်ရင် သံဃာတွေ အပြစ်တင်ကြလိမ့်မယ်။ ရဟန်းတော်များက ဘာပဲဖြစ်ဖြစ် အရှင်အာနန္ဒာမပါရင်တော့ မဖြစ်ပါဘူးဘုရား။ အရှင်အာနန္ဒာဟာ ဘုရားနဲ့အတူတူ ၂၅-နှစ်ပတ်လုံး အတူတူလိုက်ပါပြီး သုတ်၊ ဝိနည်း၊ အဘိဓမ္မာ အားလုံးသော တရားများကို သူ့ရင်ထဲမှာ အမြဲသိုလှောင်ပြီးရှိသူ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒီတော့ ရွေးဖြစ်အောင် ရွေးတော်မူပါဘုရား။ အဲဒီလို ဆန္ဒပေးကြတော့ အရှင်အာနန္ဒာကို ထည့်တော်မူတယ်။ ၅ဝဝ-ပြည့်သွားရော။ ဒါကို အရှင်အာနန္ဒာ သိတော်မူတော့ အခြားသော သံဃာတွေက အားလုံး ရဟန္တာချည်းပဲ။ ငါတပါးတည်းသာ ပုထုဇဉ်ပါတော့ ရှက်စရာကောင်းလိုက်တာ-လို့ စဉ်းစားပြီး အစွမ်းကုန် ကျင့်ဆောင်ဖို့လိုတယ်ဆိုတာ သိတော်မူတယ်။
( ရှေ့လ ဆက်ရန် )

သီတဂူ ဆရာတော်

( မြတ်မင်္ဂလာ ၂ဝဝ၁-ခု ဧပြီလ )

No comments: