Saturday, October 10, 2009

ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၉ )

မှတ်ချက်။
( နှိုင်းယှဉ်ဝေဖန်ချက် ၆-၇-၈ ပါ မြတ်မင်္ဂလာစာစောင် မရှိသေးပါသဖြင့် မတင်ပြနိုင်ခြင်းကို သည်းခံခွင့်လွှတ်ကြ ပါရန် မေတ္တာရပ်ခံပါသည်။ )

( ယခင်လမှ အဆက် )
ထေရ၀ါဒဗုဒ္ဓသာသနာဆိုပြီး လူတိုင်းရေပန်းစား အပြောများနေတဲ့အချိန်မှာ ဘုန်းကြီးတို့ ထေရ၀ါဒသာသနာနှင့် မဟာယာန သာသနာ ခြားနားပုံကို ဘုန်းကြီးတို့ စတင်ဟောခဲ့ပြီးပါပြီ။ ယခင်လတုန်းက ပထမသင်္ဂါယ တင်ပွဲအကြောင်း ပြောခဲ့ပါတယ်။ အဲဒီ ပထမသင်္ဂါယနာတင်ခြင်းရဲ့ အနှစ်ချုပ်ကလေး အနည်းငယ် ထပ်ပြောရမယ်ဆိုရင်
ပထမသင်္ဂါယနာကို မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး သုံးလအကြာမှာ ရာဇဂြိုဟ်ပြည်၌ ရှင်မဟာကဿပ အကြီးအကဲပြုပြီး တင်ပါတယ်။ အဲဒီမှာ အရှင်ဥပါလိ-က ၀ိနည်း၊ အရှင်အာနန္ဒာ-က သုတ္တန်ရော အဘိဓမ္မာပါ အားလုံးကို ရွတ်ဆိုပါတယ်။ ဒါကို အားလုံးသဘောတူ အတည်ပြုကြပါတယ်။

အဲဒီ သင်္ဂါယနာတင်ပွဲကြီးမှာ ထေရဆိုတဲ့ဂုဏ်နဲ့ ပြည့်စုံတဲ့ မထေရ်ဟာ အကြီးဆုံး အရှင်မဟာကဿပ-ပါပဲ။ ထေရဆိုတာ ထိရ ပါပဲ၊ ပါဠိစာပေမှာ ထိရနှင့်ထေရ အပြောင်းအလဲလေး ရှိပါတယ်။ ထိရဆိုတာ ကြံ့ကြံ့ခိုင်သော၊ မြဲမြံခိုင်ခံ့သော အကျင့်ရှိတယ်။ ထိရဂုဏ်ဆိုတာ အလုပ်ပဲ။ ခိုင်ခံ့တဲ့ သီလ သမာဓိ ပညာကို ထိရ ခေါ်တယ်။ အဲဒီ ထိရဆိုတဲ့ဂုဏ်နဲ့ ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို ထေရလို့ ခေါ်တယ်။

မြတ်စွာဘုရား ပရိနိဗ္ဗ္ဗာန်စံပြီးတဲ့နောက် ၃-လအကြာတွင် အဲဒီ ပထမသင်္ဂါယနာမှာ မြတ်စွာဘုရား တာဝန်ပေးချက်အရ အရှင်မဟာကဿပ-က ပခုံးပေါ်မှာ ထမ်းဆောင်ရတဲ့ တာဝန်ကြီးပဲ။ ထိုမထေရ်ကြီးက အဲဒီသင်္ဂါယနာတင်ပွဲရဲ့အပြီးမှာ သူ့ဝါဒ တခုပေးတယ်။ ရှေးက သြဆိုတာ ထည့်လိုက်ရင် ဒါ-သြ၀ါဒလို့လဲ ခေါ်ရမှာပေါ့။ သူ့ရဲ့ပေါင်းစပ်တဲ့ ထေရ၀ါဒမှာ ခံယူချက်က ဘာတွေလဲဆိုတော့ ငါ့ရှင်တို့-ဘုရားရှင်မရှိတဲ့အခါမှာ ဘုရားရှင်ချမှတ်တော်မူခြင်းမရှိတဲ့ ပညတ်တွေကို အသစ်ထပ်မံချမှတ်ခြင်း၊ ပညတ်ခြင်း မလုပ်ကြပါနဲ့။ အဲဒါ ထေရ၀ါဒပဲ။ ဘုရား မပညတ်တာတွေကို ထပ်ပြီးတော့ အသစ်တဖန် ပညတ်ခြင်း မလုပ်ကြနဲ့။ ကြိုက်တာတွေကို အသစ်တဖန် မပညတ်ကြနဲ့။ နောက်တခု ဘုရားရှင် ပညတ်ထားတာတွေကိုလဲ ဖျက်ဆီးခြင်း မလုပ်ကြနဲ့။ ဘုရားရှင်မဟောတာကို ဘုရားဟောလို့ ထပ်မလုပ်ကြပါနဲ့။ ဘုရားဟောတာတွေလဲ ဖျက်သိမ်းမယ် ပြင်ဆင်မယ် မလုပ်ကြပါနဲ့။ အဲဒါ အရှင်မဟာကဿပ မူချခဲ့တဲ့ သြ၀ါဒပေးခဲ့တဲ့ ထေရ၀ါဒပဲ။

နောက် တတိယဝါဒက ဘုရားရှင်ဟောထားတဲ့ သိက္ခာပုဒ်အတိုင်းသာလျှင် ငါတို့တတွေ ကျင့်ကြပါကုန်စို့။ ပထမသင်္ဂါယနာတင်ပွဲကြီး အပြီးမှာ အရှင်မဟာကဿပ မူချခဲ့တဲ့ဝါဒ။ သို့မဟုတ်-သြဝါဒ ပေါ့။ တကယ်လို့သာ ထုတ်ထား၊ နုတ်ထား အသစ်ထည့်ထားတာတွေ ပြုလုပ်လျှင် တဖက်ဂိုဏ်းဝင်တွေက သူတို့တတွေ ၄၅-နှစ်ကာလမှာ အတူတူသာနေသွားကြတာ မြတ်စွာဘုရား ၄၅-ဝါပတ်လုံး ဟောထားတဲ့တရားတွေ ဘုရားပရိနိဗ္ဗာန်စံပြီးလို့ ၃-လပဲကြာသေးတယ်။ သူတို့ဆရာအပေါ်မှာ တပည့်တွေက တကယ်မလိုက်နာဘူး၊ အခုပဲ ဥပဒေတွေ ပြင်ကုန်ပြီ။ ဖျက်ကုန်ပြီ။ သဘောတွေ ကွဲလွဲကုန်ကြပြီလို့ ကဲ့ရဲ့ပြစ်တင်ကြမယ်။ ဒါကြောင့် ပထမသင်္ဂါယနာတင်ပွဲမှာ ငါးရာသော မထေရ်ကြီးတို့အား သြဝါဒပေးတော်မူခဲ့တာ။

အဲဒီတော့ မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီးတဲ့နောက် နှစ် ၆ဝဝ နှင့် ၇ဝဝ ကြား၊ ခုနစ်ရာစုလို့ခေါ်ရမှာပေါ့။ အိန္ဒိယ ပြည်ကြီးရဲ့ အနောက်မြောက်ဘက် ရွှေ့သွားတဲ့ ဗုဒ္ဓဘာသာဂိုဏ်းကြီးဖြစ်တဲ့ သံဃာ့ဂိုဏ်းကြီး ၁၈-ထဲက တခုတည်းသောဂိုဏ်းသည် သဗ္ဗတ္ထိဝါဒ။ အဲဒီဂိုဏ်းဟာ ကက်ရှမီးယား၊ အနောက်ဘက် နည်းနည်းသွား လိုက်မယ်ဆိုလို့ရှိရင် ကန္တာရ။ ဒီနေ့ အခေါ် ပါကစ္စတန်၊ နောက်ထပ် အနောက်မြောက် နည်းနည်းသွားလိုက်မယ် ဆိုလို့ရှိရင် ဘလူချစ်စတန်၊ အာဖဂန်နစ်စတန်၊ ရှေးတုန်းက အဲဒါတွေ ယောနကတိုင်းပေါ့။ အနောက်မြောက်ဘက်သွားပြီး ရုရှားပြည်တောင်ပိုင်း နည်းနည်းဝင်သွားရင် တာဂျစ်ကစ်စတန် (မြို့တော် တပ်ရှကင်)၊ အဲဒီနယ်ကြီး တနယ်လုံး အသောကမင်းလက်ထက်က ယောနကတိုင်းကြီးပေါ့။

အသောကမင်းကြီး သြဇာအာဏာ အရှိန်အဝါ တိုးတက်ချိန်သည် ဘုရားပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၂၃ဝ-ကျော်ကျော်လောက်မှာ ဖြစ်ပါတယ်။ အသောကမင်းကြီးရဲ့ အရှိန်အဝါဟာ အဲဒီတိုင်းပြည်တွေအထိ အာဏာစက်ရောက်တယ်။ အဲဒီအထိ တက်သွားတယ်။ မြောက်ဘက်မှာ ဟိမဝန္တာ။ အရှေ့ဘက်ဆိုရင် ဘင်္ဂလားပင်လယ်အဆုံး၊ အဲဒီအထိ ပြိုင်ဘက်မင်းတမင်းမှ မရှိဘဲ အသောကမင်းကြီးတပါးတည်း ဧကရာဇ်ဘုရင်အဖြစ်နဲ့ မြတ်ဗုဒ္ဓရဲ့ ဓမ္မကို အကုန်လုံး အဲဒီနေရာတွေ ဖြန့်ပစ်ခဲ့တာ။

အသောကမင်းတရားကြီး ကျေးဇူး ဒီနေ့အထိ ရာဇဝင်တွေမှာ ဖော်ပြကြတယ်။ ဒီနေ့အထိ ဒီဒေသတွေအားလုံး ဓမ္မအင်ပါယာလို့ခေါ်တုန်းပဲ။ ရေးတုန်းပဲ။ အသောကမင်းကြီးက ဓမ္မနိုင်ငံတော်ကြီးကို အခုလို အကျယ်ကြီး ဖြန့်ခဲ့တယ်။ ဘုရားပရိနိဗ္ဗာန်စံပြီး နှစ် ၂၃ဝ-၂၃၆ လောက်မှာ အသောကမင်းကြီး အထောက်အပံ့နဲ့ သင်္ဂါယနာတင်ပြန်ပါတယ်။ အဲဒီအချိန်မှာ ခရစ်မမွေးသေးဘူး။ နှစ် ၂ဝဝ-ကျော်လောက် လိုသေးတယ်။ လူသားတွေ ဘာမှ အယူမရှိသေးတဲ့အချိန်မှာ ဗုဒ္ဓဘာသာ အရင်ရောက်တယ်။ အာဖဂန်နစ်စတန်၊ ပါကစ္စတန်၊ တူရကီ၊ ဂရိ၊ အဲဒီနားတဝိုက်ဆီမှာပေါ့။

ဟိုတုန်းက ယောနကတိုင်း၊ အဲဒီ ယောနကတိုင်းရဲ့ တစိတ်တဒေသ ဆော်ဒီအာရေးဗီးယားမှာ မိုဟာမက်ဆိုတဲ့ ပုဂ္ဂိုလ်တဦး မွေးလာတယ်။ မြတ်စွာဘုရားရဲ့ နောက်-နှစ် ၁၁၇၀ နောက်ကျတယ်။ အသောကမင်းကြီးက အဲဒီအရပ်မှာ နှစ်-၂၃၀ ကတည်းက သာသနာပို့ထားတာ။ မိုဟာမက် ပေါ်ပြီးတော့ အဲဒီဒေသတွေမှာ ဗုဒ္ဓသာသနာ စည်ကားလာတာဟာ နှစ်ပေါင်း ၈၀၀ နှင့် ၉၀၀ လောက် ရှိသွားပြီ။ နှစ် ၈၀၀ လောက် ဘုရားသာသနာ ထွန်းကားပြီးတဲ့ နောက်မှာ မိုဟာမက် ပေါ်လာတာ။

ရှေးတုန်းက ပါကစ္စတန်နိုင်ငံကြီးကို ရှေးတုန်းအခေါ် ကန္တာရတိုင်း။ ပါကစ္စတန်နယ်။ ဟိန္ဒူတွေ မရှိခင် ဟိုမြောက်ဘက်က လူတွေ ရောက်နှင့်နေကြပြီ။ သူတို့တတွေက နေတွေ၊ လတွေ၊ နက္ခတ်တွေကို အားကြီး ရှိခိုးတဲ့ လူမျိုးတွေပဲ။ အဲဒီ ကန္တာရမှာ ရောက်နေကြတာ တရုတ်ပြည်ဘက်က လူတွေလဲပါတယ်။ ဟိမ၀န္တာကို ကျော်ဆင်းပြီးတော့ အဲဒီအရပ်တွေကို ရောက်ကြတယ်။ အိန္ဒိယပြည်ဘက်က ဝေဒကျမ်းတတ်တဲ့ ပုဏ္ဏားကြီးတွေလဲ အဲဒီမှာ စုကြတယ်။ အဲဒီ အရှေ့ အနောက် တောင် မြောက် စုနေတဲ့နေရာမှာ တက္ကသီလာဖြစ်လာတယ်။ ပါကစ္စတန်ရဲ့ မြောက်ပိုင်းမှာ ယနေ့တိုင်ရှိတယ်။ ကရှိလာဆိုတဲ့ မြို့ဟောင်းကြီးဟာ အင်းဝမြို့ဟောင်းကြီးအတိုင်းပဲ။ အဲဒီအရပ်မှာ ဘုရားရှင်ရဲ့ နောက်နှစ်ပေါင်း ၆၀၀။ အသောကဘုရင်ရဲ့ ဘုရင်နှစ်နောက်ပိုင်း ၃၀၀။ အဲဒီခေတ်က ထိုဒေသတခွင်မှာ အုပ်စိုးတဲ့ မင်းများဟာ ဥသျှန် အုရှန် မြန်မာလို ပီပီဖတ်ရင်တော့ အုရှန။ အုရှန်မင်းများက ဘုရားအမည်ကို နွယ်ပြီးတော့ ခံယူတဲ့မင်းများအဖြစ် သကမင်းများဆိုတဲ့ နာမည်ကို ခံယူကြသေးတယ်။ ဘုရားအမျိုးတွေက သက မဟုတ်ဘူး။ သက္က ။

အဲဒီလို ဘုရားရှင်ရဲ့ သာသနာ့နယ်မြေကို စိတ်ထဲမှာ အသာလေး ကြည့်မှတ်ထား။ ဘုရားရှင် အသက်ထင်ရှားရှိစဉ်က နာလန္ဒမြို့မှာ ၀ါဆိုတော်မူသေးတယ်။ နာလန္ဒမြို့မှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ အတော်မွေးဖွားတာ တွေ့ရတယ်။ ပညာကြီးတဲ့ အရှင်သာရိပုတ္တရာမထေရ်၏ ဖွားရာမြေသည် နာလန္ဒ။ တန်ခိုးကြီးတဲ့ အရှင်မောဂ္ဂလာန်ရဲ့ ဖွားရာမြေသည်လည်း နာလန္ဒ။ အဲဒီ နာလန္ဒသည် ဗုဒ္ဓသာသနာသမိုင်းမှာ အလွန်ကျော်ကြားတယ်။ အကြောင်းတခုက အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်တို့ မွေးဖွားရာဖြစ်သည်က တကြောင်း။ နောက်တကြောင်းက ခရစ်တော်ပေါ်ပြီးတဲ့နောက် အနှစ် ၆၀၀-လောက်နဲ့ ဘုရားပရိနိဗ္ဗာန် စံပြီးတဲ့နောက် နှစ်-၁၈၀၀ လောက်မှာ ဒီနာလန္ဒမြို့မှာ တက္ကသိုလ်ကြီး အကြီးကြီး ပေါ်ပေါက်ခဲ့တယ်။ တည်ထောင်ဖန်ဆင်းတဲ့ပုဂ္ဂိုလ်က သက္ကာဒိစ္ဆမင်း။ တက္ကသိုလ် ပုဂ္ဂိုလ်အကြီးအကဲထဲက နာဂဆုနလို့ခေါ်တယ်။ အဲဒီ နာဂဆုနဟာ ထေရ၀ါဒမဟုတ်ဘူး။ မဟာယာန။ နောက်တော့ သူ့အကြောင်း ပြောပြမယ်။
( ရှေ့လဆက်ရန် )

သီတဂူ ဆရာတော်

( မြတ်မင်္ဂလာ ၂၀၀၁-ခု သြဂုတ်လ )









No comments: