Wednesday, October 14, 2009

ဗုဒ္ဓ ၄-မျိုး

အဆုံးအမပေးနိုင်ကြသော ဗုဒ္ဓအမည်ရသည့် ဘုရားတို့သည် ၄-မျိုးရှိသည်ဟု အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ ဖော်ပြထားပေသည်။(အံ-ဋ္ဌ ၁-၈၉)
၁။ သုတဗုဒ္ဓ-ပိဋကတ်ကျမ်းဂန်တို့၌ ဗဟုသုတရှိသည့် ရဟန်း-ဟူသော ဘုရား။
၂။ စတုသစ္စဗုဒ္ဓ-သစ္စာလေးပါးကို သိသော ရဟန္တာ-ဟူသော ဘုရား။
၃။ ပစ္စေကဗုဒ္ဓ-သီးခြားကိုယ်တိုင် သစ္စာလေးပါးကိုသိသော ဘုရား။
၎။ သဗ္ဗညုဗုဒ္ဓ-သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိ၍ သူတပါးတို့ကိုလည်း သိစေသော ဘုရား-ဟူ၍ ဗုဒ္ဓအမည်ရသည့် ဘုရား ၄-မျိုးရှိသည်ဟု ဖော်ပြထားပေသည်။

၁။ သုတဗုဒ္ဓ-ပိဋကတ်ကျမ်းဂန်တို့၌ ဗဟုသုတရှိသည့် ရဟန်း ဟူသော ဘုရားဟုဆိုရာ၌-ယခုခေတ်အခါ အကြင်ရဟန်းတော်တို့သည် ပိဋကတ်ကျမ်းဂန်များ တတ်မြောက်၍ သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံကြ၏။ ထိုရဟန်းတော်တို့ကို ဒကာ ဒကာမများက မိမိတို့၏ ကျောင်းတိုက် မိမိတို့၏ ရိပ်သာများသို့ ပင့်ဆောင်၍ သီတင်းသုံးစေကြကုန်၏။ ထိုရဟန်းတော်တို့သည် သုတဗုဒ္ဓ ဘုရားတို့ ဖြစ်ကြပေသည်။ ကြည်ညိုတတ်ပါက သဗ္ဗညုဘုရားရှင်ကို ကိုးကွယ်ရသကဲ့သို့ စိတ်ကြည်နူးမှုများ ရရှိနိုင်ကြပေသည်။

ပိဋကတ်ကျမ်းဂန်များ တတ်မြောက်၍ သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော သုတဗုဒ္ဓဘုရား အမည်ရသည့် ရဟန်းတော် ဆရာတော်များကို ကိုးကွယ်ဆည်းကပ်ကြရသော ဒကာ ဒကာမတို့သည် တခါတခါ သဗ္ဗညုဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ရသကဲ့သို့ စိတ်တွင် မှတ်ထင်လာတတ်ကြပေသည်။ စိတ်တွေ ကြည်နူးလာတတ်ကြပေသည်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က မဟာစည်သာသနာ့ရိပ်သာ၌ ဝေယျာဝစ္စဆောင်ရွက်ကြသည့် အချို့ယောဂီတို့သည် မြတ်စွာဘုရားကျောင်းတော်သို့ ရောက်နေသကဲ့သို့ မြတ်စွာဘုရားကို ဖူးမြင်နေရသကဲ့သို့ တပည့်တော်တို့၏စိတ်တွေ ကြည်နူးနေကြရပါသည်ဘုရား-ဟု လျှောက်ထားဖူးကြပေသည်။

၂။ စတုသစ္စဗုဒ္ဓ-သစ္စာလေးပါးကို သိသည့် ရဟန္တာဟူသော ဘုရားဟုဆိုရာ၌ အကြင်ပုဂ္ဂိုလ်တို့သည် သဗ္ဗညုဘုရားရှင် ဟောကြားဆုံးမအပ်သော တရားတော်တို့ကို လိုက်နာကျင့်သုံး၍ သစ္စာလေးပါးကို သိသောရဟန္တာဖြစ်သွားကြ၏။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည် စတုသစ္စအမည်ရသော ဘုရားတို့ ဖြစ်ကြပေသည်။

ယခုခေတ်အခါ၌ စတုသစ္စအမည်ရသည့် ရဟန္တာပုဂ္ဂိုလ်တို့ ရှိနိုင်ကြပါသော်လည်း ပကတိသောမျက်စိဖြင့် မမြင်ကြရပေ။ ဖူးမြင်၍မရကြပေ။ ကိုးကွယ်ဆည်းကပ်လို့ မရကြပေ။ ဉာဏ်မျက်စိဖြင့်သာ ကိုးကွယ်ဆည်းကပ်လို့ ရကြပေသည်။ ပကတိသောမျက်စိဖြင့် ကြည့်၍ မမြင်ကြရသဖြင့် ကိုးကွယ်ဆည်းကပ်သူတို့သည် အထင်မှားကာ အပြောအဆိုများ မှားသွားတတ်ကြပေသည်။ ပြစ်မှားမိတတ်ကြပေသည်။

ရှေးအခါက စိတ္တလတောင်၌ သီတင်းသုံးသော ရဟန္တာမထေရ်ကြီးသည် တနေ့သ၌ အလုပ်အကျွေး သက်ကြီးရဟန်းကြီးနှင့်အတူ ဆွမ်းခံရွာများသို့ ကြွသွားလေ၏။ အလုပ်အကျွေး သက်ကြီးရဟန်းကြီးသည် ရဟန္တာမထေရ်ကြီး၏ သပိတ်ပရိက္ခရာတို့ကို ဆောင်ယူကာ နောက်မှလိုက်လာရင်း ရဟန္တာမထေရ်ကြီးကို ဤသို့ မေးလျှောက်လေသည်။ အရိယာ ရဟန္တာဆိုတာ ဘယ်လိုသဘောရှိပါသလဲ-ဟုမေးလျှောက်၏။

ရဟန္တာမထေရ်ကြီးက မိန့်ကြားသည်မှာ သပိတ်ပရိက္ခရာတို့ကို ယူဆောင်၍ ရဟန္တာအရိယာပုဂ္ဂိုလ်နောက်မှ လိုက်ပါနေသော်လည်း ရဟန္တာပဲ အရိယာပဲဟူ၍တော့ မသိနိုင်ကြပေ။ ရဟန္တာပဲ အရိယာပဲဟု သိဖို့ရာ ခက်ပေသည်-ဟု မိန့်ကြားတော်မူလိုက်ပါသည်။ ထိုသို့ပင် မိန့်ကြားလိုက်ပါသော်လည်း သက်ကြီးအလုပ်ကျွေး ရဟန်းကြီးသည် မိမိ၏ရှေ့မှ ဆွမ်းခံကြွနေသည့် ရဟန္တာမထေရ်ကြီးကို ရဟန္တာပဲ အရိယာပဲဟု မသိရှိပေ။ ထို့ကြောင့် ပကတိသောမျက်စိဖြင့် ရဟန္တာကို မမြင်ရ၊ ဖူးတွေ့၍မရ-ဟု ဆိုရခြင်းဖြစ်ပေသည်။(မဇ္ဈိမပဏ္ဏာသ ဋ္ဌ-၁၊ ၂၃ )

( ရဟန္တာဟု မသိသဖြင့် ပြစ်မှားမိပုံ )
ရှေးအခါကဆွမ်းခံရွာတခုသို့ ရဟန်းငယ်တပါးနှင့် ရဟန္တာမထေရ်ကြီးတပါးတို့သည် ဆွမ်းခံအတူသွားကြ၏။ ပထမဆုံးအိမ်မှ လာရောက်၍ ယာဂုဆန်ပြုတ်ပူပူ လောင်းလှူလေ၏။ မထေရ်ကြီးသည် လေနာရောဂါရှိသည်ဖြစ်၍ ယာဂု ဆန်ပြုတ်ပူပူကို ရသည်နှင့် ရွာဦး၌ရှိသော သစ်တုံးတခုပေါ်သို့ တက်၍ ယာဂု-ဆန်ပြုတ်ကို သောက်သုံးလေ၏။ ထိုအခါ ရဟန်းငယ်သည် မထေရ်ကြီး၏ ဆန်ပြုတ်သောက်သည့် အမူအရာကို စက်ဆုပ်၍ မကျေမနပ်ဖြစ်ကာ သက်ကြီးအိုသည် ယခုလောက်ပင် ဆာလောင်နေသလား၊ ရှက်စရာကောင်းလိုက်တာ၊ ရှက်စရာတွေ ပြုလုပ်တယ်-ဟု ရေရွတ်ကာ အပြစ်တင်စကား ပြောကြားလေ၏။

မထေရ်ကြီးသည် ဆွမ်းခံရွာမှ ကျောင်းသို့ပြန်ကြွသောအခါ ရဟန်းငယ်ကို မေးလေ၏။ ငါ့ရှင်၊ သင်သည် ဤသာသနာတော်၌ ထောက်တည်ရာ ရရှိပြီလား-ဟုမေးလေ၏။ ရဟန်းငယ်က တပည့်တော် သောတာပန်ဖြစ်သည်-ဟု ဖြေကြားလေ၏။ ထိုသို့ သောတာပန်ဖြစ်လျှင် အထက် မဂ်ဖိုလ်များအတွက် တရားဆက်၍ အားမထုတ်နဲ့ဦး၊ သင့်မှာ ရဟန္တာကို ပြစ်မှားသည့်ကံ ထိုက်နေပေသည်-ဟု မိန့်ကြားတော်မူလေ၏။

ဤကဲ့သို့ ပကတိသောမျက်စိဖြင့် ရဟန္တာကို မမြင်နိုင်သောကြောင့် အပြောအဆိုမှားကာ မဂ်ဖိုလ်ကို တားမြစ်သည့် အရိယူပ၀ါဒကံများ ထိုက်သွားတတ်ပေသည်။ ထို့နောက် ရဟန်းငယ်က ကန်တော့တောင်းပန်သဖြင့် မထေရ်ကြီးက သည်းခံကျေအေးလိုက်ပေသည်။ (ပါရာဇကဏ် ဋ္ဌ-၁-၁၃၄ )

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် သက်ကြီးဝါကြီးဖြစ်ကြသော ရဟန်းတော်များ၏ အနယ်းငယ် ချွတ်ယွင်းချက်များကို အပြစ်တင်စကား မပြောကြားမူ၍ အရိယာသံဃာတော်များ၏ ဂုဏ်တော်များကို အာရုံပြုကာ အရိုအသေပြုကြရပေသည်။ လှူဒါန်းပူဇော်ကန်တော့ကြရပေသည်။

(၃) ပစ္စေကဗုဒ္ဓ-သီးခြားကိုယ်တိုင် သစ္စာလေးပါးကိုသိသော ဘုရား-ဟုဆိုရာ၌ အကြင်ပစ္စေကဗုဒ္ဓ ဘုရား ဖြစ်လိုကြသော ပုဂ္ဂိုလ်တို့သည် နှစ်သင်္ချေနှင့်ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီများကို ဖြည့်ကျင့်ကြရပေသည်။ ပါရမီများနှင့် ပြည့်သွားသောအခါ ထိုပုဂ္ဂိုလ်တို့သည် ဘုရားဖြစ်လာကြပေသည်။ ထိုဘုရားမျိုးကို ပစ္စေကဗုဒ္ဓ-ဟု ခေါ်ဆိုကြရပေသည်။

( ပစ္စေကဗုဒ္ဓ၏ အဓိပ္ပါယ် )
ပစ္စေက-အသီးအခြား၊ ဗုဒ္ဓ-သစ္စာလေးပါးကိုသိသော ဘုရား။
သာဝကများကဲ့သို့ သဗ္ဗညုဘုရားရှင်တို့ထံမှ တဆင့်သစ္စာလေးပါးကို သိသော ရဟန္တာမျိုး မဟုတ်ပေ။ သီးခြားမိမိကိုယ်တိုင် ကျင့်ကြံအားထုတ်၍ သစ္စာလေးပါးကိုသိသော ဘုရားမျိုးဖြစ်သည်ဟု ဆိုလိုပါသည်။

ထိုပစ္စေကဗုဒ္ဓ ဘုရားရှင်တို့သည် သဗ္ဗညုဘုရားရှင်များ မပွင့်သည့် သာသနာပအခါတို့၌သာ ပွင့်တော်မူကြသော ဘုရားရှင်တို့ ဖြစ်ကြပေသည်။ သဗ္ဗညုဘုရားအလောင်းတော်များ လူ့ပြည်၌ ဖြစ်လာသောအခါ ပစ္စေကဗုဒ္ဓ ဘုရားရှင်တို့သည် ပရိနိဗ္ဗာန်စံဝင်၍ ကွယ်ပျောက်သွားကြရပေသည်။

ထိုပစ္စေကဗုဒ္ဓ ဘုရားရှင်တို့သည် သစ္စာလေးပါးတရားကို ကိုယ်တိုင်သာသိ၍ သူတပါးတို့ကို သိအောင် မဟောကြားနိုင်ကြပေ။ ဆွံ့,အ နေသူ၏ မြင်မက်သောအိပ်မက်နှင့် တူပေသည်။ မိမိတို့သိထားသော သစ္စာလေးပါးတရားကို သူတပါးတို့အား ဟောကြားခြင်းငှါ မစွမ်းနိုင်ကြသည့် ဘုရားရှင်တို့ ဖြစ်ကြပေသည်။

ထိုပစ္စေကဗုဒ္ဓ အရှင်သူမြတ်တို့သည် ဂုဏ်ထူးအားဖြင့် သဗ္ဗညုဘုရားရှင်တို့အောက် နိမ့်ကျပေသည်။ သေးငယ်ကြပေသည်။ သဗ္ဗညုဘုရားရှင်တို့၏ တပည့်သာဝက ရဟန္တာပုဂ္ဂိုလ်တို့ထက် ဂုဏ်အားဖြင့် မြင့်မြတ်ကြပေသည်။ ကြီးမားကြပေသည်။ ပစ္စေကဗုဒ္ဓ အရှင်မြတ်တို့အား လှူဒါန်းအပ်သော ဒါနကုသိုလ်တို့သည် ယခုဘ၀မှာပင် ပစ္စည်းရှားပါး ဆင်းရဲသားဘ၀မှ သူဌေးဘွဲ့ ခံယူရသော သူဌေးကြီး ဖြစ်သွားသည်အထိ ကြီးသောအကျိုးကို ပေးနိုင်ကြပေသည်။

( ၄ ) သဗ္ဗညုဗုဒ္ဓ-သစ္စာလေးပါးကို ကိုယ်တိုင်လည်း သိ၍၊ သူတပါးတို့ကိုလည်း သိစေသော ဘုရား-ဟုဆိုရာ၌ အကြင်သဗ္ဗညုဘုရား ဖြစ်လိုသော ဘုရားအလောင်းတော်တို့သည် ပညာဓိက ဖြစ်ခဲ့သော် လေးသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ကိုယ်နဲ့အသက်ကို မငဲ့ကွက်ဘဲ ပါရမီတော်တို့ကို ဖြည့်ကျင့်ကြရပေသည်။ ပါရမီများပြည့်သွားသောအခါ ထိုဘုရားအလောင်းတော်တို့သည် ပညာဓိက သဗ္ဗညုဗုဒ္ဓ ဘုရားရှင်များ ဖြစ်လာကြပေသည်။

အကြင်သဗ္ဗညုဘုရားဖြစ်လိုသော ဘုရားအလောင်းတော်တို့သည် သဒ္ဓါဓိကဖြစ်ခဲ့သော် ရှစ်သင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ကိုယ်နှင့်အသက်ကို မငဲ့ကွက်ဘဲ ပါရမီတော်တို့ကို ဖြည့်ကျင့်ကြရပေသည်။ ပါရမီများပြည့်သွားသောအခါ ထိုဘုရားအလောင်းတော်တို့သည် သဒ္ဓါဓိက သဗ္ဗညုဘုရားရှင်များ ဖြစ်လာကြပေသည်။

အကြင်သဗ္ဗညု ဘုရားဖြစ်လိုသော ဘုရားအလောင်းတော်တို့သည် ၀ီရိယာဓိကဖြစ်ခဲ့သော် တဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတသိန်းကာလပတ်လုံး ကိုယ်နှင့်အသက်ကို မငဲ့ကွက်ပါဘဲ ပါရမီတော်တို့ကို ဖြည့်ကျင့်ကြရပေသည်။ ပါရမီများ ပြည့်သွားသောအခါ ထိုဘုရားအလောင်းတော်တို့သည် ၀ီရိယာဓိက သဗ္ဗညုဘုရားရှင်များ ဖြစ်လာကြရပေသည်။

ယခုအခါ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့ ကိုးကွယ်ဆည်းကပ်နေကြသည့် ဂေါတမမြတ်စွာဘုရားသည် သုမေဓာရသေ့ဘ၀၌ ဗျာဒိတ်ခံယူစဉ်အခါက ဤကမ္ဘာမှ လေးသင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ ဂေါတမအမည်ရသည့် ဘုရားရှင်ဖြစ်လာလိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရား၏ ဗျာဒိတ်တော်ကို ထောက်ထား၍ ပညာဓိက ဘုရားဖြစ်သည်ဟု သိကြရပေသည်။

ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့သည် ပညာဓိကဘုရားဖြစ်သည့် ဂေါတမမြတ်စွာဘုရားရှင်၏ သာသနာတော်ကြီးနှင့် တွေ့ကြုံနေကြရသည်အားလျော်စွာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်၍ နိဗ္ဗာန်ချမ်းသာသို့ ရောက်ကြောင်းဖြစ်သည့် သတိပဋ္ဌာန်ဝိပဿနာတရားတို့ကို မိမိတို့စွမ်းအားရှိသမျှ အားထုတ်နေကြရပေသည်။

သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်

( မြတ်မင်္ဂလာ ၂၀၀၁-ခု စက်တင်ဘာလ )

No comments: